လက်တေးကော်ဖီ (Latte) ကိုတော့ အနည်းနဲ့အများ သောက်ဖူးကြမှာပါ။ လက်ဖက်စိမ်းလက်တေး ဆိုတာကတော့ ပုံမှန်လက်တေး ကော်ဖီတွေလို ကော်ဖီမှုန့်ကို နို့နဲ့ ရောဖျော်တာမျိုးမဟုတ်ဘဲ လက်ဖက်စိမ်းမှုန့် (matcha) ကို နွားနို့နဲ့ရောပြီး ဖျော်ထားတာမျိုးပါ။ လက်ဖက်စိမ်းအရွက်အစစ်တွေကိုသုံးတာတို့၊ ရယ်ဒီမိတ် green tea အထုပ်ကိုသုံးတာတို့လည်း လုပ်လို့ရပေမယ့် လက်ဖက်စိမ်းမှုန့် (matcha) ကတော့ လူသုံးအများဆုံးပါပဲ။

ကျန်းမာရေးအကျိုးကျေးဇူးများ

12.jpg 

လက်ဖက်စိမ်း လက်တေးမှာ ကျန်းမာရေးအကျိုးကျေးဇူးတွေ အများကြီးပါရှိပြီး အရေးအကြီးဆုံး ကျန်းမာရေးအကျိုးကျေးဇူး တွေကတော့ နာတာရှည်ရောဂါတွေကို ကာကွယ်နိုင်ခြင်း၊ ကိုယ်အလေးချိန်ကျဆင်းစေခြင်း၊ နှလုံးကို ကာကွယ်ပေးခြင်းနဲ့ ဇီဝကမ္မလုပ်ဆောင်မှုတွေကို ပိုမိုကောင်းမွန်စေခြင်းတို့ပဲ ဖြစ်ပါတယ်။

လက်ဖက်စိမ်းရေနွေးကြမ်းနဲ့ မတူတဲ့ အချက်ကတော့ လက်ဖက်စိမ်းလက်တေးဟာ အာဟာရအားဖြင့် ပိုမိုသိပ်သည်းပြီး လက်ဖက်စိမ်းရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကိုသာမက နွားနို့ရဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေကိုပါ ရရှိစေနိုင်ပါတယ်။ ပုံမှန်သောက်ပေးမယ်ဆိုရင် ကင်ဆာရောဂါကာကွယ်နိုင်ခြင်း၊ ကိုယ်တွင်းရောင်ရမ်းမှုကို လျှော့ချပေးနိုင်ခြင်း၊ အသားအရေ ပိုလှစေခြင်းစတဲ့ အကျိုးကျေးဇူးတွေကိုလည်း ရရှိနိုင်ပါတယ်။

ဘေးထွက်ဆိုးကျိုး

bigstock-Tired-woman-in-front-of-comput-73500745.jpg 

ဒါပေမယ့် တစ်ခုရှိတာက လက်ဖက်စိမ်းလက်တေးထဲမှာ ကဖင်းဓာတ် ကြွယ်ဝမှုကြောင့် ခွက်ရေအများကြီးသောက်ရင် ဘေးထွက်ဆိုးကျိုးတွေ ရှိနိုင်ပါတယ်။ ကဖင်းဓာတ်ကြောင့် ညအိပ်ရခက်ခဲတဲ့ ဝေဒနာတွေ ဖြစ်စေနိုင်သလို နွားနို့ပါဝင်မှုကြောင့် အဆီဓာတ်လွန်ကဲမှုဖြစ်နိုင်ပြီး အဝလွန်ရောဂါလည်း ဖြစ်စေနိုင်ပါတယ်။ ပမာဏနည်းနည်းနဲ့ ထိန်းသောက်တတ်ရင်တော့ ကျန်းမာရေးအတွက် အထူးအကျိုးရှိစေနိုင်မှာပါ။

ပြုလုပ်နည်း

greentealatte.jpg 

လက်ဖက်စိမ်းလက်တေးလေးကို ကိုယ်တိုင်လုပ်သောက်ကြည့်ချင်တယ်ဆိုရင်တော့ ဖျော်စပ်ပုံ၊ ဖျော်စပ်နည်းလေးကို သိထားဖို့တော့ လိုမယ်နော်။ ဆိုင်တွေမှာရောင်းတဲ့ လက်ဖက်စိမ်းလက်တေးထက် ကျန်းမာရေးနဲ့ ပိုမိုညီညွတ်ပြီး ကုန်ကျစရိတ်လည်း ပိုမိုသက်သာတဲ့ လက်ဖက်စိမ်းလက်တေးလေး တစ်ခွက်ကို အိမ်မှာပဲ ဖန်တီးလို့ရပါတယ်။ ပြုလုပ်ပုံ အဆင့်ဆင့်ကတော့....

အရင်ဆုံး မတ်ခွက်အကြီးတစ်လုံးထဲမှာ လက်ဖက်စိမ်းမှုန့် (matcha powder) ကို လက်ဖက်ရည်ဇွန်းနဲ့ နှစ်ဇွန်းခန့် ထည့်ပေးလိုက်ပါ။ ပြီးရင် မီးဖိုပေါ်မှာ ရေနွေးအိုးတည်လိုက်ပြီး ဆူပွက်အောင် (၃) မိနစ်ခန့် တည်ထားပေးလိုက်ပါ။ ရေနွေးဆူပြီဆိုရင် ခုနက လက်ဖက်စိမ်းမှုန့်ထည့်ထားတဲ့ မတ်ခွက်ထဲကို ရေနွေးပူပူလောင်းထည့်ပြီး အမြှုပ်ထသည်အထိ သေချာမွှေပေးလိုက်ပါ။

ဒယ်အိုးတစ်လုံးထဲမှာတော့ နွားနို့တစ်ခွက်စာနဲ့ သကြားတစ်ဇွန်းကိုထည့်ပြီး အပူပေးထားလိုက်ပါ။ နွားနို့ပူပြီဆိုရင်တော့ ကြက်ဥခေါက်တံနဲ့ ခလောက်ပြီး နွားနို့အမြှုပ်ထလာအောင် လုပ်ပေးလိုက်ပါ။ ပြီးရင်တော့ အမြှုပ်ထနေတဲ့ နွားနို့ကို ခုနက လက်ဖက်စိမ်းရည်ထည့်ထားတဲ့ မတ်ခွက်ထဲကို ရောထည့်ပေးလိုက်မယ်ဆိုရင်တော့ သောက်လို့လည်းကောင်း၊ ကျန်းမာရေးကိုလည်း အထောက်အကူပြုမယ့် လက်ဖက်စိမ်းလက်တေးလေး တစ်ခွက်ကို ရရှိသွားပြီပေါ့။

Source: organicfacts

Share

Loading Next Article...
က္က