အခုလို ရုံးပိတ်ရက်ရှည်မျိုးဆိုတာ ကိုယ်တွေလို အိပ်ပုတ်ကြီးသူတွေအတွက်တော့ အတိုးချအိပ်ရမယ့် နေ့မျိုးပါပဲ။

အခုလို ရုံးပိတ်ရက်ရှည်မျိုးဆိုတာ ကိုယ်တွေလို အိပ်ပုတ်ကြီးသူတွေအတွက်တော့ အတိုးချအိပ်ရမယ့် နေ့မျိုးပါပဲ။ ညတုန်းကလည်း ရုံးမှာခိုးဒေါင်းထားတဲ့ ရုပ်ရှင်ကားတွေကို ဉာဉ့်နက်သန်းခေါင်ထိ ကြည့်ထားတော့ နေမြင့်မှ (နေဖင်ထိုးမှ) အိပ်ယာနိုးတယ်လေ။ ဈေးသွားဖို့ကလည်းမမီတော့၊ စူပါမားကက်သွားဖို့ကလည်း ပျင်း၊ ရေခဲသေတ္တာထဲမှာလည်း ဘာမှမကျန်တော့ ပေါင်မုန့်တို့၊ ခေါက်ဆွဲခြောက်တို့နဲ့ နှစ်ပါးသွားရတော့မလို ဖြစ်နေပါတယ်။

ဒါနဲ့ လိုလျှင်ကြံဆ နည်းလမ်းရဆိုတဲ့အတိုင်း ဟိုလှန်ဒီလှော်လုပ်လိုက်တော့ ငပိထောင်းတစ်ဘူး၊ ငရုပ်သီးစိမ်း လေးငါးတောင့်နဲ့ ခရမ်းချဉ်သီး လေးငါးလုံး ထွက်လာပါတယ်။ အဲဒီမှာ ငယ်ငယ်တုန်းက နယ်မှာနေတုန်းက အဘွားသင်ပေးခဲ့တဲ့ နည်းလေးကို သွားသတိရပါတယ်။

 

ငယ်ငယ်တုန်းက နယ်မှာနေတော့ မနက်အရုဏ်တက်ပြီဆိုတာနဲ့ လယ်ထဲဆင်းကြပါတယ်။ အိမ်ကအဘွားက စာရင်းငှား (နေ့စားလယ်စိုက်သမ) တွေအတွက် နေ့လည်စာကျွေးဖို့ တာဝန်ယူထားတော့ လုပ်ရတာလည်း လွယ်ကူ၊ စားလို့လည်း မြိန်အောင်ဆိုပြီး ခရမ်းချဉ်သီးထောင်းနဲ့ ပဲကြီးသုပ်ကို စီမံလေ့ရှိပါတယ်။ ခရမ်းချဉ်သီးထောင်းလေးကို ထမင်းပူပူလေးနဲ့ရောနယ်ပြီး လယ်ကန်သင်းဘောင်မှာ ပေါက်နေတဲ့ ဆူးရွက်ပုတ်လေး ရေနွေးဖျောထားတာနဲ့ မြှုပ်စားလိုက်ရလို့ကတော့ ဗိုက်ကားအောင် စားလို့ကောင်းပါတယ်။ ငယ်ငယ်က အဘွားနဲ့ကပ်နေဖူးတော့ တခြားဟာတွေ မတတ်ခဲ့ပေမယ့် ခရမ်းချဉ်သီးထောင်းနည်းလေးတော့ တတ်ခဲ့တယ်လေ။ ဒါနဲ့ ခရမ်းချဉ်သီးထောင်းပဲ လုပ်စားဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ဒါနဲ့ ဆန် နို့ဆီဘူးတစ်ဘူးစာလောက်ကို ထမင်းပေါင်းအိုးထဲထည့်ပြီး ထမင်းအရင်တည်ထားလိုက်ပါတယ်။ ထမင်းအိုးတည်ထားတုန်း ဒယ်ပိုင်းတစ်လုံးထဲမှာ ခရမ်းချဉ်သီး (၅) လုံးကို ထည့်ပြုတ်ထားလိုက်ပါတယ်။ ခရမ်းချဉ်သီးထောင်းရဲ့ နည်းလမ်းအစစ်အမှန်ကတော့ ခရမ်းချဉ်သီးကို ပြုတ်တာထက် ထင်းမီးပုံမှာ မီးဖုတ်တာက အရသာပိုကောင်းပါတယ်။ ဒါပေမယ့် ရန်ကုန်မှာက မီးသွေးမီးဖိုတို့၊ ထင်းမီးဖိုတို့ မီးမွှေးဖို့ဆိုတာ ကရိကထလည်းများ၊ အလုပ်လည်းပိုလို့ လျှပ်စစ်မီးဖိုနဲ့ပဲ ခရမ်းချဉ်သီးကို ပြုတ်လိုက်ပါတော့တယ်။

 

ခရမ်းချဉ်သီးပြုတ်နေတုန်း ငါးပိထောင်းဘူးထဲက ငါးပိထောင်းနည်းနည်းကို ကော်ယူပြီး Food processor ထဲမှာ ထည့်လိုက်ပါတယ်။ ကြက်သွန်ဖြူ (၁) လုံးကို အခွံခွာထည့်လိုက်သလို ငရုတ်သီးစိမ်း နည်းနည်းကိုလည်း အညှာချိုးပြီး ထည့်လိုက်ပါတယ်။ (ဒီနေရာမှာ food processor မရှိရင် ငရုပ်ဆုံထဲထည့်ထောင်းလည်း ရပါတယ်။)

ခရမ်းချဉ်သီးပြုတ်ထားတာ ကျက်ပြီဆိုရင် ခရမ်းချဉ်သီးပြုတ်ကိုပါဆယ်ပြီး food processor ထဲ ပစ်ထည့်လိုက်ပါတယ်။ ပါဝင်ပစ္စည်း အားလုံးကို ရောသမမွှေလိုက်တော့ လတ်လတ်ဆတ်ဆတ် ခရမ်းချဉ်သီးထောင်းလေး တစ်ပွဲရသွားပါပြီ။ တို့စရာအနေနဲ့ ရုံးပတီသီးလေးပြုတ်တို့တာတို့၊ သခွားသီးလေး ပါးပါးလှီးပြီး တို့စားတာတို့ဆိုရင်လည်း လိုက်ဖက်ပါတယ်။

 

ကိုယ်ကတော့ တို့စရာမရှိလို့ ထမင်းကျက်တာနဲ့ ထမင်းပူပူလေး ခူးထည့်ပြီး ခရမ်းချဉ်းသီးထောင်းလေးနဲ့ပဲ စမ်းစားလိုက်ပါတယ်။ ခရမ်းချဉ်သီးထောင်းလည်းအကုန်၊ တစ်နေ့စာဆိုပြီး ချက်ထားတဲ့ နို့ဆီဘူးတစ်လုံးစာ ထမင်းအိုးလည်း အပြောင်ပါပဲ။

Share

Loading Next Article...
က္က