သခွားသီးဆိုတာ ကမ္ဘာပေါ်မှာ ရေဓာတ်အပြည့်ဝဆုံး အသီးတွေထဲမှာပါပြီး ပုံမှန်အားဖြင့်ဆို တာရှည်အထားခံတဲ့ အသီးတစ်မျိုးပါ။

သခွားသီးဆိုတာ ကမ္ဘာပေါ်မှာ ရေဓာတ်အပြည့်ဝဆုံး အသီးတွေထဲမှာပါပြီး ပုံမှန်အားဖြင့်ဆို တာရှည်အထားခံတဲ့ အသီးတစ်မျိုးပါ။ ဒါပေမယ့် ဘယ်အချိန်စားလိုက်၊ စားလိုက် လတ်ဆတ်ကြွပ်ရွနေအောင် ထားလို့ရမယ်ဆိုရင် ဘယ်လိုထားရမလဲဆိုတာကို မသိချင်ကြဘူးလား။



သခွားသီးကို ဝယ်တော့မယ်ဆိုကတည်းက မှန်ကန်တဲ့အသီးကို သေချာရွေးဝယ်တတ်ဖို့လည်း လိုပါသေးတယ်။ သခွားသီးတစ်လုံးကို ကောက်ကိုင်လိုက်ပြီဆိုရင် အရင်းကနေ အဖျားထိ တင်းနေတဲ့ အသီးမျိုးကိုပဲ ရွေးချယ်သင့်ပါတယ်။ ဟိုနားဒီနားပျော့နေတဲ့ အသီးမျိုးဆို တာရှည်ခံမှာမဟုတ်ပါဘူးနော်။ အမြင်အားဖြင့် ရွေးမယ်ဆိုရင် အစိမ်းရောင်တောက်တောက် သခွားသီးကို ရွေးချယ်ပါ။ ပြီးတော့ အနာအဆာ၊ အစက်အပြောက်တွေလည်း ကင်းနိုင်သမျှ ကင်းပါစေ။

သခွားသီးကောင်းကောင်းကို ရွေးချယ်ပြီးပြီဆိုရင်တော့ စားတန်သလောက်စားပြီးရင် သိုလှောင်သိမ်းဆည်းရေးကဏ္ဍကို ရောက်လာပါပြီ။ ကြောင်အိမ်လို၊ ထမင်းစားစားပွဲလို နေရာမျိုးမှာ သခွားသီးကိုထားရင် နေထိ၊ လေထိပြီး အမြန်ညှိုးသွား နိုင်တဲ့အတွက် ရေခဲသေတ္တာထဲမှာ သိမ်းဆည်းတာအကောင်းဆုံးပါပဲ။ ဒီနေရာမှာ လှီးဖြတ်ပြီးသား တစ်ဝက်ကျန် သခွားသီးတွေထက် စင်းလုံးချော သခွားသီးတွေက ပိုပြီးတာရှည်ခံပါတယ်။

ဒါပေမယ့် ရေခဲသေတ္တာထဲမှာ ထားမယ်ဆိုရင်တောင် လေး၊ ငါးရက်လောက်ကြာရင် ခြောက်သွေ့လာနိုင်ပြီး မူလအရည်အသွေးဖြစ်တဲ့ မာတင်းနေတာလေးတွေ လျော့ကျလာနိုင်ပါတယ်။ မြန်မြန်စားပစ်ဖို့ ရည်ရွယ်ထားတယ်ဆိုရင်တော့ ရေခဲသေတ္တာထဲ ထည့်ထားပေးရုံနဲ့ လုံလောက်ပါတယ်။

 

ဒါမှမဟုတ်ဘဲ ဒီထက်ပိုပြီး တာရှည်ခံချင်တယ်ဆိုရင်တော့ ဆီစိမ်စက္ကူစနဲ့ပတ်ပြီးမှ ပလတ်စတစ်အိတ်တစ်လုံးထဲံကိုထည့်ပေးလိုက်ပါ။ ပလတ်စတစ်အိတ်ထဲက လေတွေကိုလည်း တတ်နိုင်သမျှ နည်းအောင်လျှော့ပြီးှမှ ရေခဲသေတ္တာထဲထည့်ပြီး သိုလှောင်ပေးလိုက်ပါ။ ပိုမိုတာရှည်ခံပြီး အရည်အသွေးကို ဆက်လက်ထိန်းသိမ်းထားနိုင်တာကို တွေ့ရှိရပါလိမ့်မယ်။

သခွားသီးကို တာရှည်လည်းခံစေချင်တယ်။ အလုံးလိုက်ကြီးတော့ သိမ်းမထားချင်ဘူးဆိုသူများအတွက် နောက်တစ်နည်း ရှိပါသေးတယ်။ အဲဒါကတော့ သခွားသီးကို ရေစင်အောင်ဆေးပြီး အစိတ်လေးတွေဖြစ်အောင် ပါးပါးလှီးလိုက်ပါ။ ပြီးရင် ကြက်သီးနွေးရုံလောက် ရေနွေးထဲ တစ်မိနစ်၊ နှစ်မိနစ်ခန့် စိမ်ပေးလိုက်ပါ။

 

ပြီးရင် သခွားသီးဖတ်လေးတွေကို ပြန်ဆယ်ပြီး ရေခဲရေထည့်ထားတဲ့ ဇလုံတစ်လုံးထဲမှာ နောက်ထပ် တစ်မိနစ်၊ နှစ်မိနစ်ခန့် စိမ်ထားပေးလိုက်ပါ။ ပြီးရင်တော့ ခြောက်သွေ့အောင်ထားပြီး လင်ပန်းတစ်ချပ်ထဲမှာ အအေးခံထားလိုက်ပါ။ ပြီးမှ ပလတ်စတစ် အိတ်တစ်လုံးထဲမှာ ထည့်ပြီး သိမ်းထားလိုက်ပါ။ ပြန်ထုတ်စားတဲ့အချိန်ကျရင် အေးမြပြီး လတ်ဆတ်တဲ့အရသာကို ခံစားနိုင်မှာပါ။

Source: Organicfacts


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က