တဂျွပ်ဂျွပ်နဲ့ ဝါးနေရင်း ခံတွင်းထဲမှာ ဆိမ့်ဆိမ့်လေး ဖြစ်နေမှာမို့ အီတလီခေါက်ဆွဲထက်တောင် ကြိုက်မိပါသေးတယ်။

ခေါက်ဆွဲသုပ်ဆို မြန်မာ့နည်း မြန်မာ့ဟန်နဲ့ပဲ အမျိုးမျိုး သုပ်စားနေတာ။ ဒီတစ်ခါတော့ အနောက်တိုင်းဆန်ဆန်လေး လုပ်စားကြည့်ရအောင်လေ။ ရိုးရိုးခေါက်ဆွဲကိုပဲ မြေပဲထောပတ်၊ မုန်လာဥနီတို့သုံးပြီး အရသာအဆန်းလေးနဲ့ သုပ်စားကြတာပေါ့။

 

ဂျုံခေါက်ဆွဲ အရသာ လေးလေးပင်ပင်လည်းရှိတယ်၊ စားရတာလည်း မြန်မာတွေပါးစပ်နဲ့ ခံတွင်းတွေ့တယ်ဆိုတော့ ဂျုံခေါက်ဆွဲပဲ စားကြတာပေါ့။ အနံ့လေးမွှေးသွားအောင် မြေပဲထောပတ်၊ နှမ်းလှော်၊ ဂျင်းနဲ့ ကြက်သွန်ဖြူတို့ ထပ်ထည့်မယ်လေ။ ချဉ်ငန်စပ် အရသာကနေ မွှေးချိုဆိမ့်ပြီး ခံတွင်းလိုက်မယ့် ခေါက်ဆွဲသုပ်လေးပေါ့။

 

လိုအပ်တာတွေကတော့ - ခေါက်ဆွဲ ၊ ပဲပင်ပေါက်၊ မုန်လာဥနီ၊ ဘိုစားပဲ၊ ကြက်သွန်မြိတ်၊ သီဟိုဠ်စေ့လှော်၊ နှမ်း တို့ ဖြစ်ပါတယ်။ နှမ်းကိုလှော်ထားရပါမယ်။ သီဟိုဠ်စေ့ကိုတော့ ဒီတိုင်းထားထားပြီး မုန်လာဥနီ၊ ကြက်သွန်မြိတ်၊ ဘိုစားပဲတို့ကို ပါးပါးလှီးထားပါ။ အနှစ်လုပ်ဖို့အတွက်ကတော့ မြေပဲထောပတ်၊ နှမ်းဆီ၊ ဆန်ဗီနီဂါ၊ ပဲငံပြာရည်၊ ပျားရည်၊ ဂျင်းရည်၊ ကြက်သွန်ဖြူတို့ လိုပါမယ်။

 

အနှစ် လုပ်ပါတော့မယ်နော်။ မြေပဲထောပတ်နဲ့ နှမ်းဆီတို့ကို ခွက်တစ်လုံးထဲရောထည့်ပြီးမွှေပါ။ ဂျင်းရည်၊ ကြက်သွန်ဖြူ၊ ပဲငံပြာရည်၊ ဆန်ဗီနီဂါနဲ့ ပျားရည်တို့ကိုရောပြီး ဆော့စ် စပ်ရပါမယ်။ ရေနွေးဖျောထားတဲ့ ပဲပေါက်ပေါက်နဲ့ လှီးထားတာတွေရယ် သီဟိုဠ်စေ့လှော်၊ နှမ်းလှော်တို့ကိုလည်း ခွက်တစ်လုံးထဲမှာ သပ်သပ်ရောထားပါ။ ခေါက်ဆွဲကိုပြုတ်ပြီးသွားရင် ဆော့စ်နဲ့ လှီးထားတာတွေကို ရောနယ်ပြီး သုံးဆောင်လို့ရပါပြီ။ လှီးထားတဲ့ ဟင်းသီးဟင်းရွက်တွေကို ရေခဲသေတ္တာထဲသိမ်းထားပြီး သုပ်ခါနီးမှထုတ်ရင် ပိုကောင်းပါတယ်။ တဂျွပ်ဂျွပ်နဲ့ ဝါးနေရင်း ခံတွင်းထဲမှာ ဆိမ့်ဆိမ့်လေး ဖြစ်နေမှာမို့ အီတလီခေါက်ဆွဲထက်တောင် ကြိုက်မိပါသေးတယ်။

Source : Foodie

Share

Loading Next Article...
က္က