ချဉ်ချိုချိုလေးနဲ့ ခံတွင်းလိုက်တယ်။ အအီစာတွေနဲ့ တွဲစားရင် အအီပြေတာပေါ့။

ထမင်းစားရတာ ခံတွင်းမလိုက်တဲ့ ရက်တွေမှာ သရက်သီးသနပ်လေးနဲ့ နယ်ဖတ်စားရတာလည်း ထမင်းမြိန်ပါတယ်။ ချဉ်ချဉ်ချိုချိုနဲ့ အနံ့လေးကလည်း မွှေးလေတော့ သရက်သီးသနပ်ပုလင်းလေးကို အိမ်မှာ အမြဲ ဆောင်ထားဖြစ်တယ်။ သရက်သီးသနပ်လုပ်ရတာလည်း ထင်သလောက်မခက်ပါဘူး။

 

သရက်သီးသနပ် လုပ်မယ်ဆိုရင် သရက်သီးရင့်ရင့်ကို တစ်လက်မပတ်လည် အတုံးလေးတွေတုံးပြီး ဆားရေနဲ့စိမ်ပြီးဆေးပါ။ ဆားရေစိမ်ထားခြင်းအားဖြင့် သရက်သီးတွေက ပိုပြီးမာဆတ်ဆတ်လေးဖြစ်သွားတယ်၊ စားလို့လည်း ပိုကောင်းသွားတယ်။ ဆားရေဆေးပြီးရင် ဆားနဲ့နယ်ပြီး ၅ နာရီလောက် နှပ်ထားလိုက်တယ်။ ပြီးတော့မှ ထွက်လာတဲ့အရည်တွေကိုသွန်ပစ်ပြီး သရက်သီးတုံးလေးတွေ ဆယ်ထားရတယ်။ နောက်တော့ အပေါ်ယံခြောက်သွားအောင် နေပူပြလိုက်ပါဦး။

 

နောက်ထပ် လိုအပ်တာတွေက ကရဝေး၊ ဇီယာ၊ ဖာလာ၊ လေးညှင်း၊ မဆလာ၊ အရောင်တင်မှုန့် (အစိမ်းမှုန့်) ၊ ဆီ၊ သကြား၊ ဆား၊ ငရုပ်သီးမှုန့်တို့ ဖြစ်ပါတယ်။ အိုးကို မီးပေါ်တင်ပြီး ဆီပူလာရင်  ကရဝေး၊ ဇီယာ၊ ဖာလာ၊ လေးညှင်း၊ မဆလာ၊ အရောင်တင်မှုန့်တို့နဲ့ သရက်သီးကိုထည့်ပြီး သမအောင်မွှေပါ။

 

အစိမ်းမှုန့်နံ့ ပျောက်သွားပြီး သရက်သီးနံ့လေး မွှေးလာပြီဆို မီးကိုပိတ်ပြီး သကြားနဲ့ဆားကို ထည့်ပြီး ထပ်မွှေပါ။ အပူချိန်ငွေ့ငွေ့လေးကျန်တာ့မှ မဆလာထည့်မွှေပြီး ကြက်သွန်ဖြူအမွှာလေးတွေ ထည့်လိုက်ရုံပါပဲ။ ဘူးထဲထည့်သိမ်းတာထက် ဖန်ပုလင်းထဲထည့်သိမ်းတာ ပိုကောင်းပါတယ်။ သရက်သီးသနပ်တွေမြုပ်တဲ့အထိ ဆီကိုလောင်းထည့်ပေးမှ မှိုမတက်မှာပါ။ ရေခဲသေတ္တာထဲ မသိမ်းရပါဘူး။ အခန်းအပူချိန်မှာပဲ သိမ်းထားမယ်ဆို လနဲ့ချီ အထားခံပါတယ်။

Share

Loading Next Article...
က္က