ပုစွန်တန်ပူရာကြော်သလိုပဲ ကြော်ရတာပါ။

အသီးအရွက်တန်ပူရာကြော် စားဖူးကြလား။ ပုစွန်တန်ပူရာကြော်တော့ စားဖူးကြမယ်ထင်ပါတယ်။ ပုစွန်တန်ပူရာကြော်သလိုပဲ အသီးအရွက်ကိုလည်း တန်ပူရာကြော် ကြော်စားကြည့်ပါလား။ မုန့်နှစ်နဲ့ရောပြီး အကြော်ကြော်တာထက် ပိုပြီးတော့ စားကောင်းတယ်ဆိုတာ သိလာပါလိမ့်မယ်။ အမြဲတမ်းကြီးမဟုတ်ရင်တောင်မှ တခါတလေ စားကြည့်သင့်ပါတယ်။ အဲဒါကြောင့်မို့ အသီးအရွက်တန်ပူရာကြော်နည်းကို ပြောပြပေးလိုက်ပါတယ်။

 

ပါဝင်ပစ္စည်းများ

ဆီ - စားပွဲတင်ဇွန်း (၄) ဇွန်း

မှို၊ ခရမ်းသီး၊ ကန်စွန်းဥ၊ ရွှေဖရုံသီး

ဂျုံမှုန့် - အနည်းငယ်

ကြက်ဥ - ၃လုံး

ဆား- အနည်းငယ်

သကြား - အနည်းငယ်

 

ပြုလုပ်နည်း

အသီးအရွက်ကတော့ မိမိနှစ်သက်ရာကို ရွေးချယ်လို့ရပါတယ်။ အပေါ်မှာ ဖော်ပြထားတဲ့ အသီးတွေက ကြော်စားလို့ကောင်းတာလေးတွေကို ဖော်ပြပေးထားတာပါ။ တခြားအသီးအနှံတွေကိုတော့ မိမိနှစ်သက်ရာ ရွေးလည်း ရပါတယ်။ အသီးအနှံတွေကို ရေစင်ကြယ်အောင် ဆေးကြောပေးပါ။ အနည်းဆုံး (၃) ခေါက်လောက်တော့ ဆေးပေးသင့်ပါတယ်။

 

 ပြီးရင်တော့ မထူမပါးလေး လှီးပေးပါ။ ပြီးရင် ကြက်ဥ၊ ဂျုံမှုန့်၊ ဆား၊ သကြား အားလုံးကို ရောစပ်ပြီးတော့ ခလောက်ပေးပါ။ ရေနည်းနည်း ရောပေးဖို့လည်း မမေ့ပါနဲ့။ ကျေညက်နေအောင်ခလောက်ပြီးရင်တော့ ရပါပြီ။

 

အားလုံးအသင့်ဖြစ်သွားပြီဆိုရင်တော့ မီးအား အလယ်အလတ်ထားပြီး ဆီပူအောင်ထားပါ။ ဆီပူလာပြီဆိုရင်တော့ ခလောက်ထားတဲ့ ကြက်ဥထဲ အသီးတွေကို စိမ်ပြီး ကြော်ပေးရုံပါပဲ။ အကျက်ညီလာအောင် စီမံပေးပါ။ ကြော်တဲ့အခါမှာ မှိုဆိုရင် မှိုတစ်ခုတည်းကိုပဲ အားလုံးကုန်အောင် ကြော်ပြီးမှ တခြားတစ်ခုကို နောက်ထပ် ကြော်တာ ပိုကောင်းပါတယ်။ အမျိုးအစားမတူညီတာကို ကြော်တဲ့အခါကျရင် ကျက်တဲ့အချိန်ချင်း မတူညီတဲ့အတွက် နည်းနည်းအခက်တွေ့နိုင်တာမို့လို့ပါ။

 

အားလုံးပြီးရင်တော့ အသီးအရွက်တန်ပူရာကြော်ရပါပြီ။ အသီးအရွက်တန်ပူရာကြော်လို့ ပြောပေမယ့် ကျွန်တော်ကတော့ အသီးတွေကို ကြော်စားရတာပဲ ပိုကြိုက်ပါတယ်။

 

 အရွက်ကြော်တဲ့အခါမှာဆို တန်ပူရာနည်းနည်းပိုသုံးရပြီးတော့ လုပ်ရတာလည်း နည်းနည်းရှုပ်လို့ပါ။ အရွက်ကြော်ကြိုက်တယ်ဆိုရင်လည်း ဖော်ပြပါနည်းအတိုင်းပဲ ကြော်လို့ရပါတယ်။

Source : .Justonecookbook

Share

Loading Next Article...
က္က