သူ့ချည်းပဲ စားလို့လည်းရသလို ထမင်းနဲ့လည်း တွဲဖက်သုံးဆောင်လို့ရတော့ ပိုပြီးအဆင်ပြေတာပေါ့။

ဒီချက်နည်းလေးကတော့ မြန်မြန်ဆန်ဆန်နဲ့ ချက်ပြုတ်လို့ရတာကို အဓိကထားထားပါတယ်။ အိမ်ကို အမှတ်မထင်ပဲ ဧည့်သည်ရောက်လာတာမျိုး၊ ဧည့်ခံစရာအတွက် ခေါင်းခဲနေရတာမျိုးဆိုရင်တော့ ဒီဟင်းလေးချက်ပြီးတော့သာ ဧည့်ခံလိုက်ပါ။ လွယ်လည်းလွယ်၊ မြန်လည်းမြန်တာမို့ အခက်တွေ့စရာ မလိုတော့ဘူးပေါ့။ သူ့ချည်းပဲ စားလို့လည်းရသလို ထမင်းနဲ့လည်း တွဲဖက်သုံးဆောင်လို့ရတော့ ပိုပြီးအဆင်ပြေတာပေါ့။ ကဲ. ကိုရီးယားစတိုင်လ် အမဲသားဟင်းလေးကို မြည်းစမ်းကြည့်ရအောင်လား။

 

ပါဝင်ပစ္စည်းများ

အမဲသား - ၁ ပေါင်

ပဲငံပြာရည် - လက်ဖက်ရည်ဇွန်း (၂)ဇွန်း

သကြားအညို - လက်ဖက်ရည်ဇွန်း (၁) ဇွန်း

ပျားရည် - လက်ဖက်ရည်ဇွန်း (၁) ဇွန်း

နှမ်းဆီ - လက်ဖက်ရည်ဇွန်း (၁) ဇွန်း

နှမ်းစေ့ - လက်ဖက်ရည်ဇွန်း (၁) ဇွန်း

ကြက်သွန်မြိတ် - ၂ ပင်

ကြက်သွန်ဖြူ - ၄မွှာ (လှီးပေးထားပါ)

ငရုတ်သီးအနက် -  ၄ တောင့်

 

ပြုလုပ်နည်း

 

အမဲသားကို ရေစင်နေအောင် ဆေးကြောပေးပြီးတော့ အတုံးလေးတွေကို မထူမပါးလေး လှီးပေးပါ။ အကောင်းဆုံးကတော့ တစ်ခါစား တစ်တုံးအရွယ်လေးတွေဆို ပိုပြီးအဆင်ပြေပါတယ်။ စားတဲ့အခါမှာ ပလုပ်ပလောင်းကြီးဖြစ်နေတာမျိုးမရှိသလို အားပါးတရစားရတဲ့ အနေအထားမျိုးဖြစ်တာပေါ့။

 

အမဲသားကို တုံးပြီးတဲ့အခါမှာ ပါဝင်ပစ္စည်းတွေ အားလုံးကို ရောနှောပြီးတော့ ဖျော်စပ်ပေးရပါမယ်။ ရေ (၃) ဇွန်းလောက်ထည့်ပေးဖို့လည်း မမေ့ပါနဲ့။ ကြက်သွန်မြိတ်နဲ့ နှမ်းစေ့လေးတွေတော့ မပါဘူးနော်။ ချန်ပေးထားရပါမယ်။

 

ပါဝင်ပစ္စည်းတွေကို ဖျော်စပ်ပြီးတဲ့အခါမှာ ဇလုံအကြီးတစ်ခုထဲ ဖျော်ရည်ကို လောင်းထည့်ပြီး အမဲသားကိုလည်း အဲဒီထဲ ထည့်ပေးပါ။ ထည့်ပေးပြီးရင်တော့ နာရီဝက်ခန့် ရေခဲသေတ္တာအောက်ထပ်မှာ ထည့်ထားပြီး နှပ်ပေးပါ။ ဒီလို နှပ်ပေးခြင်းက အမဲသားအတွင်းကို အရသာများ စိမ့်ဝင်စေပြီးတော့ မွှေးပျံတဲ့ရနံ့၊ ပိုပြီးကောင်းမွန်တဲ့ အရသာကိုလည်း ရရှိစေမှာပါ။

 

မိနစ်(၃၀) ပြည့်သွားရင်တော့ ဒယ်အိုးကို အပူပေးပါ။ အမဲသားတွေ ခဲနေတာမျိုး ဖြစ်နေတယ်ဆိုရင်တော့ အချိန်အနည်းငယ်စောင့်ပေးပါ။ ခဲနေတာတွေ ပျော်သွားပြီဆိုတော့မှ နှပ်ထားတဲ့ အမဲသားတွေကို အိုးထဲ ထည့်ပြီးတော့ ချက်ပြုတ်ရုံပါပဲ။ ရေထည့်ပေးစရာမလိုတော့ပါဘူး။ အိုးကင်းပူတိုက်တဲ့ ပုံစံမျိုးနဲ့ ချက်ပြုတ်ပေးရမှာပါ။ ဒါမှ BBQ ဖြစ်မှာလည်း ဖြစ်ပါတယ်။ အမဲသားနူးလောက်ပြီဆိုရင်တော့ ကြက်သွန်မြိတ် နဲ့ နှမ်းစေ့လေးတွေ အပေါ်ကနေ ဖြူးပေးပြီးတော့ သုံးဆောင် လို့ရပါပြီ။ ဒယ်အိုးကို အသုံးမပြုပဲနဲ့ အကင်စက်ကို အသုံးပြီးတော့လည်း ကင်ပေးရင်လည်း ရပါတယ်။ အသားကင်ပုံစံ ပိုပြီးတော့ စနစ်ကျတာပေါ့။ အကင်စက်မရှိရင်တော့ အပေါ်က နည်းလမ်းအတိုင်း ပြုလုပ်ပေးပါ။

 

 ပြီးတဲ့အခါ ဆလတ်ရွက်၊ မုန်လာဥနီတို့နဲ့ တွဲဖက်ပြီးတော့ စားသုံးလို့လည်းရပါသေးတယ်။

Source : Maangchi

Share

Loading Next Article...
က္က