ချဉ်ချဉ်စပ်စပ်လေးကိုမှ ပူပူနွေးနွေးစားရတဲ့ အရသာက ဘယ်လိုပြောရမလဲတောင် မသိတော့ဘူး။

ထိုင်းအစားအသောက်တွေကတော့ ကမ္ဘာပေါ်မှာ နာမည်ကြီးတဲ့ အစားအသောက်တွေပါ။ အုန်းနို့ကို အားပြုပြီးတော့ချက်ပြုတ်ကြပြီး အရသာကလည်း တမူထူးကဲတာမို့လို့ ထိုင်းအစားအစာဆိုရင်ကိုပဲ လူတိုင်းက ကြိုက်နှစ်သက်ကြပါတယ်။  သင်္ဘောသီးထောင်း၊ ဖက်ထိုင်းခေါက်ဆွဲ စတာတွေကတော့ လူတိုင်းလိုလိုကို စားဖူးကြတဲ့ ထိုင်းအစားသောက်တွေပါ။  ထိုင်းအစားအစာတွေရဲ့ အရသာကိုမှ ကြိုက်နှစ်သက်ပါတယ်ဆိုတဲ့ အရသာချစ်သူတို့အတွက် ထိုင်းအုန်းနို့တုံယမ်းဟင်း ချက်နည်းကို ပြောပြပေးလိုက်တယ်နော်။

 

ပါဝင်ပစ္စည်းများ

ကြက်ပြုတ်ရည် - ၄ ခွက်

စပါးလင် - ၂ ပင်

ကြက်သွန်ဖြူ - ၃ မွှာ (ထောင်းပေးထားပါ)

ငရုတ်သီးအနီတောင့် - ထောင်းပြီးသား ဇွန်းဝက်ခန့်

ရှောက်ရွက် - ၃ ရွက် (အအေးခံထားပြီး လတ်ဆတ်တာလေးဆို ပိုကောင်းပါတယ်)

မှို - လှီးပြီးသား ၃/၄ ခွက် ခန့်

ပုစွန် - အကောင်လတ် ၁၂ ကောင်

ငရုတ်ပွအစိမ်း - ၁ တောင့်

ခရမ်းချဉ်သီး - တစ်လုံး

အုန်းနို့ရည် - ဗူးဝက်ခန့်

ငါးငံပြာရည် - လက်ဖက်ရည်ဇွန်း (၂) ဇွန်း

နံနံပင် (သို့) ရှားနံနံ - အနည်းငယ်

ပြုလုပ်နည်း

ရှေးဦးစွာ မီးအားအလယ်အလတ်ထားပြီး ဇောက်အနည်းငယ်နက်သော အိုးထဲသို့ ကြက်ပြုတ်ရည်ကို ထည့်ပြီး ကျိုပါ။ စပါးလင်ကို ကြက်ပြုတ်ရည်ထည့်ပြီးမှ ထပ်ထည့်ပေးပါ။ စပါးလင်ကို မလှီးဖြတ်ပဲနဲ့ ခွေခွေလေးပြုလုပ်ပြီး ထည့်ပေးရပါမယ်။ ပြီးရင်တော့ ငါးမိနစ်ခန့် ထားပေးပါ။ ဒါဆိုရင် စပါးလင်နံ့ သင်းသင်းလေး မွှေးလာပါလိမ့်မယ်။

 

မီးအားကို ပြန်လျှော့လိုက်ပါ။ ကြက်သွန်ဖြူ၊ ငရုတ်သီးအနီတောင့်၊ ရှောက်ရွက် နဲ့ မှိုတို့ကို ရောပြီးတော့ ငါးမိနစ်ခန့် မီးအားအလယ်အလတ်လောက်မှာ ထားပေးလိုက်ပါဦး။ ငါးမိနစ်ရှိသွားရင်တော့ ပုစွန်၊ ငရုတ်ပွ၊ ခရမ်းချဉ်သီးတို့ ထပ်ထည့်ပြီး နောက်ထပ် ငါးမိနစ်ခန့်ထားပါ။ ဒါမှမဟုတ်ရင်လည်း ပုစွန်ပန်းရောင်သမ်းလာပြီဆိုရင်ရပါပြီ။

 

ငါးမိနစ် (သို့) ပုစွန်ပန်းရောင်သမ်းလာရင် မီးအားကို အဆုံးထိလျှော့ချလိုက်ပါ။ အုန်းနို့ နဲ့ ငါးငံပြာရည်ကို ထည့်ပေးပြီး အရသာမြည်းစမ်းကြည့်ပြီး လိုအပ်သလို ပြင်ဆင်ပါ။ ပေါ့မယ်ထင်ရင်တော့ ဆားနည်းနည်းလေး ထည့်ပေးပြီး အစပ်ကြိုက်ရင်တော့ ငရုတ်သီးစိမ်းကို ဆန္ဒရှိသလောက် ထည့်ပေးလို့ ရပါတယ်။ ချဉ်တယ်ဆိုရင်တော့ သကြား (၁)ဇွန်းထည့်ပေးလို့ ရပါတယ်။ လက်လွန်ပြီး အငန်ဓာတ်များသွားရင် လိမ္မော်ရည်လေးနည်းနည်း ထည့်ပေးပြီး ပြင်ဆင်လို့ ရပါတယ်။

 

ပြီးရင်တော့ ပွက်ပွက်ဆူအောင်အထိ ထားပေးပြီးရင်တော့ အုန်းနို့တုံယမ်းလေးကို ထိုင်းစတိုင်လ်လေးနဲ့ ချက်ပြုတ်ပြီး သုံးဆောင်လို့ ရပါပြီ။

Source : thespruce

Share

Loading Next Article...
က္က