မနေ့က တိုင်းရင်းသားအစားအစာတစ်ခုခု စားချင်တာနဲ့ စမ်းချောင်းထဲမှာ တစ်လမ်းဝင် တစ်လမ်းထွက် လိုက်ရှာကြည့်တယ်။

မနေ့က ရုံးဆင်းချိန်မှာ တစ်ခုခုကို စားချင်၊ ဝါးချင်စိတ်ဖြစ်မိလို့ စမ်းချောင်းထဲမှာ တစ်လမ်းဝင်၊ တစ်လမ်းထွက် စားချင်တာလေးတွေကို လျှောက်ရှာမိတယ်။



အားလုံးသိတဲ့အတိုင်းပဲ စမ်းချောင်းမှာ အပေါဆုံးက ကောင်မလေးချောချောလေးတွေနဲ့ စားသောက်ဆိုင်တွေပဲလေ။ မနေ့ကတော့ တိုင်းရင်းသားအစားအစာ တစ်ခုခုကို စားချင်လို့ ကချင်စာ ဒါမှမဟုတ် ရှမ်းစာရောင်းတဲ့ဆိုင်ကို လိုက်ရှာတာ။ နောက်ဆုံးတော့ ကချင်ဆိုင်လေးတစ်ဆိုင်ကိုတွေ့လို့ အဲဒီမှာပဲ ဝါးတီးဆွဲဖို့ ဆုံးဖြတ်လိုက်တယ်။

 

ဆိုင်လေးက အိမ်ဆိုင်လေးပါ။ စမ်းချောင်း ဆရာထွန်းလမ်းထဲက Kachin Cuisine ဆိုတဲ့ ကချင်ရိုးရာ ဆိုင်လေး။ ကချင်မှာဖောက်တဲ့ ကချင်ခေါင်ရည်စစ်စစ်လည်း ရတယ်လို့ပြောတယ်။ သောက်ချင်ပေမယ့်

နက်ဖြန်ရုံးတက်ရဦးမှာဆိုတော့ သောကြာနေ့မှပဲ ပြန်လာပြီး TGIF လုပ်ဖို့ စဉ်းစားလိုက်တယ်။ (ဒါတောင် ဆိုင်ရှင်အစ်မကြီးက ရုပ်ကြည့်ပြီး သနားသွားတယ်ထင်ပါရဲ့။ ခေါင်ရည်အမြည်းတစ်ခွက်ဆိုပြီး တိုက်လိုက်သေးတယ် :P)

 

အဲဒီဆိုင်လေးမှာ ကချင်အစားအစာမျိုးစုံရတယ်ဗျ။ ကြက်ကချင်ချက်တို့၊ ကြက်သားဆန်လှော်တို့၊ ဝက်ကချင်ချက်တို့၊ ဝက်သားသားတောက်တောက် ကြက်ဥပေါင်းတို့၊ ဝက်မိုးလွတ်ဆီဆမ်းတို့၊ အမဲတောက်တောက် ကချင်ချက်တို့၊ အမဲထောင်းတို့လို ကချင်ရိုးရာ အစားအစာလေးတွေကို မှာစားလို့ရတယ်။ ဒါတင်မကသေးဘူး။ ကြက်သား၊ ဝက်သားမစားချင်သူတွေအတွက် ငါးမျှစ်ချဉ်ချက်တို့၊ ကချင်စတိုင်လ် ငါးလေးအိုးကပ်ဟင်းတို့လည်း ရသေးတယ်။

 

ဒါမှမဟုတ် ဖျော်ရည်လေးနဲ့ အသုပ်အလုပ်လေးလောက်ပဲ မြည်းစမ်းချင်သူတွေအတွက်လည်း အသုပ်မျိုးစုံနဲ့ ပန်းဥထောင်း၊ မဂရမ့်ထောင်း၊ ပဲပုတ်ထောင်း၊ နန်နံပင်ထောင်း၊ မှိုကပ်ထောင်း၊ အာလူးထောင်းနဲ့ ငါးပေါက်သီးထောင်းတို့လို ကချင်အစားအစာ အဆန်းလေးတွေကို မြည်းစမ်းနိုင်ပါတယ်။

ကျွန်တော်ကတော့ လခမထုတ်ရသေးလို့ ဘိုင်ပြတ်နေတာနဲ့ အမဲအူကြမ်းခေါက်ဆွဲတစ်ပွဲပဲ မှာစားဖို့ ဆုံးဖြတ်လိုက်တယ်။ "နေနှင့်ဦးပေါ့" လို့တော့ စိတ်ထဲမှာ တေးထားတာပေါ့လေ။

အမဲအူကြမ်းခေါက်ဆွဲက ဆန်စီးခေါက်ဆွဲကို ကချင်စတိုင်လ် စွပ်ပြုတ်ရည်နဲ့ရောပြီး အပေါ်ကနေ အမဲအူကြမ်းတို့၊ ဂျင်းဖတ်တို့၊ နံနံပင်တို့ အုပ်ထားတာပါ။ အရသာကို စိတ်တိုင်းကျ ပြန်ပြင်လို့ရအောင် ကြက်သားမှုန့်၊ ဆားနဲ့ ငရုပ်သီးမှုန့်တွေကို ပန်းကန်လုံးတစ်လုံးနဲ့ သက်သက်ထည့်ပြီး လာချပေးထားတယ်။

 

ကျွန်တော်ကတော့ ကချင်မုန့်ညှင်းချဉ်လေးနဲ့ရောပြီး ဗိုက်ဆာဆာနဲ့ ဆွဲလိုက်တာ (၅) မိနစ်မပြည့်ခင် တက်တက်စင်ပြောင်သွားတယ်။ ခေါင်ရည်လေးနဲ့ တွဲစားရင် တကယ်လိုက်တယ်ဗျ သိလား။

ဆိုင်လေးက သပ်သပ်ရပ်ရပ်နဲ့ သန့်ရှင်းရေးကိုလည်း ဂရုစိုက်ထားတော့ စားရတာအဆင်ပြေပါတယ်။ နောက်နေ့မှ တခြား menu တွေကို လာမြည်းကြည့်ဖို့ စိတ်ထဲမှာတေးထားလိုက်ပါတယ်။  သြော်... မေ့တော့မလို့... အမဲအူကြမ်းခေါက်ဆွဲလေးရဲ့ ဈေးနှုန်းကတော့ တစ်ပွဲကို (၂၀၀၀) ကျပ်ပါနော်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က