သောက်ဆမ်းသဘောမျိုး စားလို့ရတဲ့ ဝက်သုံးထပ်သား ကြံမဆိုင်ဟင်းလေး လုပ်စားကြရအောင်။

အေးအေးချမ်းချမ်း ရာသီဥတုမှာ အသား၊ ငါးပြုတ်ကြော် ခြောက်ခြောက်ကပ်ကပ်ကြီးတွေ စားရတာကို အာရုံမလာဘဲ အရည်သောက်ဟင်းလျာလေးတွေကို ပိုပြီးခံတွင်းတွေ့မိတတ်ကြပါတယ်။ ဒါဆိုရင်တော့ ချဉ်ပြုံးပြုံးလေးနဲ့ သောက်ဆမ်းသဘောမျိုး စားလို့ရတဲ့ ဟင်းလျာလေးတစ်မယ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အဲဒါကတော့ ဝက်သုံးထပ်သား ကြံမဆိုင်ဟင်းလျာပါပဲ။ ချက်ပြုတ်နည်းလေးကိုတော့ အောက်မှာ ဆက်ဖတ်ကြည့်လိုက်ပါနော်။

ပါဝင်ပစ္စည်းများ

19657420_704388213105375_2257555982742133388_n.jpg 

ပါဝင်ပစ္စည်းတွေကတော့ ဝက်သုံးထပ်သား (၅၀) သားခန့်၊ မုန်ညင်းစိမ်းကြံမဆိုင်ချဉ် (၃၀) သားခန့်၊ ကြက်သွန်နီ (၁၀) သားခန့်၊ ကြက်သွန်ဖြူ (၅) ကျပ်သားခန့်၊ ပဲငံပြာရည်အကြည် စားပွဲတင်ဇွန်းနဲ့ (၃) ဇွန်းခန့်၊ပဲငံပြာရည်အနောက် စားပွဲတင်ဇွန်းနဲ့ (၁) ဇွန်းစာခန့်၊ ပဲဆီ (၁၀) သားခန့်၊ အိမ်သုံးဆား လက်ဖက်ရည်ဇွန်းနဲ့ (၂) ဇွန်းခန့်၊ ကြက်သားမှုန့် လက်ဖက်ရည်ဇွန်းနဲ့ (၃) ဇွန်းခန့် လိုအပ်ပါတယ်။

ပြုလုပ်နည်း

Mei-Cai-Kou-Rou-6.jpg 

အရင်ဆုံး ဝက်သားကို သန့်စင်အောင် ရေဆေးပြီးရင် တစ်ကိုက်စာအရွယ် အတုံးလေးတွေရအောင်လှီးလိုက်ပါ။ ပြီးရင် ဝက်သားတုံးလေးတွေကို ဆား လက်ဖက်ရည်ဇွန်း (၁) ဇွန်း၊ ကြက်သားမှုန့် လက်ဖက်ရည်ဇွန်း (၂) ဇွန်း၊ ပဲငံပြာရည်အနောက်တို့နဲ့ ရောနယ်ထားလိုက်ပါ။

မုန်ညင်းစိမ်းကြံမဆိုင်တွေကိုတော့ အပင်လိုက်ရေဆေးပြီးရင် အရိုးရဲ့ အောက်ဖက်နေရာလေးကို အနည်းငယ်လှီးထုတ်ပါ။ ကျန်တဲ့အပိုင်းကိုတော့ (၁) လက်မခွဲအရွယ် အရှည်လေးတွေလှီးပြီး ရေစစ်ထားလိုက်ပါ။ ပြီးရင် ကြက်သွန်နီကို ညက်အောင်ထောင်းပြီး ကြက်သွန်ဖြူကိုတော့ ဓားပြားရိုက်ထားလိုက်ပါ။

 

ဒယ်အိုးတစ်လုံးထဲမှာ ဆီထည့်ပြီး ဆီပူလာရင် ကြက်သွန်နီနဲ့ ကြက်သွန်ဖြူကိုထည့်ပြီး ဆီသတ်လိုက်ပါ။ ပြီးရင် ဝက်သားတုံး လေးတွေကို ထည့်ပြီး မီးပျော့ပျော့နဲ့ (၂) မိနစ်ခန့် လုံးချက်ချက်ပေးလိုက်ပါ။အသားအရောင်ပြောင်းရင် ကြံမဆိုင်ဖတ်တွေနဲ့ ပဲငံပြာရည်အကြည်ကိုထည့်ပြီး ချက်ပြုတ်ပေးလိုက်ပါ။

(၂) မိနစ်လောက် ချက်ပြီးလို့ ကြံမဆိုင်နဲ့ ဝက်သားပေါင်းစပ်သွားပြီး မွှေးပျံ့တဲ့အနံ့ ထွက်လာပြီဆိုရင် ရေနည်းနည်းထည့်ပြီး အဖုံးအုပ်ထားလိုက်ပါ။ ပွက်ပွက်ဆူလာရင်တော့ ကျန်နေတဲ့ ဆားနဲ့ ကြက်သားမှုန့်တို့ကို ထည့်ပြီး ဝက်သားနူးတဲ့အထိ ချက်ပေးလိုက်ပါ။ အသားနူးအိလာချိန်မှာ ဟင်းအရည်ကို အရည်စပ်စပ်လေးကျန်အောင် ချက်ပေးလိုက်ပါ။

 

ကြံမဆိုင်ရဲ့ အချဉ်အရသာပေါ်မူတည်ပြီး ဟင်းအရသာ ပြောင်းလဲနိုင်တာမို့ ဆား၊ အသားမှုန့်တို့ကို မိမိစိတ်တိုင်းကျ လိုတိုးပိုလျှော့ လုပ်ပေးလိုက်ပါ။ ဒါဆိုရင်တော့ ဝက်သုံးထပ်သားရဲ့ အီစိမ့်တဲ့အရသာကို မအီအောင် ကြံမဆိုင်ရဲ့ အချဉ်အရသာလေးနဲ့ ပေါင်းစပ်ထားတဲ့ ဝက်သုံးထပ်သား ကြံမဆိုင်ဟင်းလေးကို အရသာရှိရှိ သုံးဆောင်နိုင်ပါပြီနော်။

Share

Loading Next Article...
က္က