ကျန်းမာရေးအတွက် ပိုပြီးအကျိုးရှိစေမယ့် ပဲပေါက်စီလေးကို ရွေးချယ်သင့်ပါတယ်။

ဆောင်းတွင်းမှာ ပေါက်စီပူပူနွေးနွေးလေးကို လက်နဲ့ကိုင်ပြီး စားရတာ အကောင်းဆုံးအရသာပါပဲ။ ပေါက်စီစားရင် ကြက်သားပေါက်စီ၊ ဝက်သားပေါက်စီကို ပိုပြီးနှစ်ခြိုက်ကြမှာ မှန်ပေမယ့် ကျန်းမာရေးအတွက် ပိုပြီးအကျိုးရှိစေမယ့် ပဲပေါက်စီလေးကို ရွေးချယ်သင့်ပါတယ်။ ကိုရီးယားစတိုင်လ် ပဲပေါက်စီလေးကို ကိုယ်တိုင်လုပ်စားလိုသူများအတွက် ပြုလုပ်ပုံအဆင့်ဆင့်ကို အောက်မှာဖော်ပြပေးလိုက်ပါတယ်နော်။

ပါဝင်ပစ္စည်းများ

Red-Bean-Buns.jpg 

ပေါက်စီထဲမှာထည့်မယ့် ပဲအနှစ်ပြုလုပ်ဖို့အတွက် အခြောက်လှမ်းထားတဲ့ ပဲလွန်း (၁) ခွက်ခန့်၊ သကြားညို (၁/၄) ခွက်ခန့်၊ ဆန်သကာရည် (၁/၄) ခွက်၊ ဆား (၁/၄) ဇွန်း၊ ဗနီလာအနှစ် လက်ဖက်ရည်ဇွန်း (၂) ဇွန်းခန့်တို့ကို လိုအပ်ပါတယ်။ ပေါက်စီပြုလုပ်ဖို့ မုန့်နှစ်အတွက်ကတော့ ထောပတ် (၂) ဇွန်း၊ နွားနို့ (၁) ခွက်ခွဲခန့်၊ သကြား (၂) ဇွန်းခန့်၊ တဆေး (၂) ဇွန်းခန့်၊ ဆား (၁) ဇွန်းခန့်၊ ဂျုံမှုန့် (၄) ခွက်ခန့် လိုအပ်ပါတယ်။

ပြုလုပ်နည်း

34926422563_6b0db988a7_h.jpg 

ပဲအနှစ်ပြုလုပ်ဖို့အတွက် ပဲလွန်းစေ့လေးတွေကို ရေဆေးသန့်စင်ပြီး တစ်ညလောက်ရေစိမ်ထားပေးရပါမယ်။ အနည်းဆုံး (၁၀) နာရီလောက်ကြာအောင် ရေစိမ်ပြီးရင် ပဲစေ့လေးတွေ ပွတက်လာပါလိမ့်မယ်။ မနက်ရောက်တာနဲ့ ပဲလွန်းစေ့တွေကို ဆယ်ထုတ်ပြီး အိုးအကြီးတစ်လုံးထဲမှာ ထည့်ပြီး ရေ (၄) ခွက်ခန့် ထည့်ပေးလိုက်ပါ။ ပြီးရင်တော့ မီးပြင်းပြင်းနဲ့ တစ်နာရီခန့်ကြာအောင် ပြုတ်ပေးလိုက်ပါ။ ပဲစေ့လေးတွေ နူးတဲ့အထိပေါ့။

ပဲစေ့လေးတွေ နူးသွားပြီဆိုရင် ပဲအိုးထဲကို သကြား၊ ဆန်သကာရည်၊ ဆားနဲ့ ဗနီလာအနှစ်တို့ကို ထည့်လိုက်ပါ။ အာလူးချေတံ (potato masher) ကို အသုံးပြုပြီး ခပ်ကြမ်းကြမ်းချေပေးလိုက်ပါ။ အပူချိန်ကိုလည်း medium high လောက်ထိ မြှင့်တင်ပြီး မိနစ်အနည်းငယ် မွှေပေးလိုက်မယ်ဆိုရင်တော့ ပဲစေ့အရောဟာ ပျစ်နှစ်ပြီး အရည်ရွှမ်းတဲ့အဆင့် ရောက်သွားမှာပါ။ ဒါဆိုရင် မီးပိတ်ပြီး အဖုံးဖုံးထားပေးလိုက်ပါ။

 

ပဲအနှစ်လုပ်ပြီးရင်တော့ မုန့်နှစ်လုပ်ဖို့အတွက် ပြင်ဆင်ရမှာပါ။ အိုးအကြီးတစ်လုံးထဲမှာ ထောပတ်ကိုထည့်ပြီး အပူပေးလိုက်ပါ။ ထောပတ်အရည်ပျော်သွားသည်အထိ သစ်သားယောက်မတစ်ချောင်းနဲ့ မွှေပေးလိုက်ပါ။ ခနကြာရင် သကြားနည်းနည်းထပ်ရောပြီး မွှေပေးလိုက်ပါဦး။ ပြီးရင်တော့ မီးကိုပိတ်ပေးလိုက်ပါ။

တဆေးရောဖို့အတွက် ထောပတ်ရည်ကို ခနလောက် အအေးခံပေးလိုက်ပါ။ ထောပတ်အေးသွားပြီဆိုတော့မှ နွားနို့အေးကို အရင်ဆုံးရောပေးလိုက်ပါ။ ပြီးရင်တော့ တဆေးနည်းနည်းထပ်ထည့်ပြီး (၁၀) မိနစ်ခန့် အအေးခံပေးလိုက်ပါ။

(၁၀) မိနစ်ပြည့်ရင်တော့ ဂျုံမှုန့်နဲ့ ဆားကို ရောပြီး တစ်မိနစ်ခန့် သစ်သားးယောက်မနဲ့ မွှေပေးလိုက်ပါ။ ပြီးရင်တော့ ဂျုံမှုန့်ကို မုန့်နှစ်ဖြစ်လာသည်အထိ လက်နဲ့သေချာ နယ်ပေးနိုင်ပါပြီ။ နောက်ဆုံးမှာ မုန့်နှစ်လုံး ဖြစ်လာသည်အထိ စိတ်ရှည်လက်ရှည်နဲ့ နယ်ပေးလိုက်ပါ။ မုန့်နှစ်လုံးလေး ရုပ်လုံးပေါ်သွားရင်တော့ မိနစ် (၃၀) ခန့် နှပ်ထားပေးလိုက်ပါ။

မုန့်နှစ်ကို နှပ်ထားချိန်မှာ ပေါင်းအိုးအောက်က ရေနွေးအိုးထဲမှာ ရေဖြည့်ပြီး ရေပွက်ပွက်ဆူအောင် တည်လိုက်ပါ။ ရေနွေးဆူရင်တော့ မီးပိတ်ပြီး ရေနွေးအိုးပေါ်မှာ အပေါက်လေးတွေပါတဲ့ ပေါင်းအိုးဖိုကို တင်လိုက်ပါ။ ပေါင်းအိုးဖိုပေါ်မှာ ချည်ထည်အဝတ်ပါးလေးတစ်ထည်ကို လွှားထားပေးလိုက်ပါ။

 

သစ်သားဘုတ်ပြားပေါ်မှာ မုန့်နှစ်လုံးကိုတင်ပြီး ဂျုံမှုန့်နည်းနည်းနဲ့ အချောပြန်ကိုင်ပေးလိုက်ပါ။ မုန့်နှစ်ကို အလုံးလေး (၁၀) လုံးလောက်ဖြစ်အောင် ခွဲထုတ်လိုက်ပါ။ မုန့်နှစ်လုံးတစ်လုံးစီမှာ (၃) အောင်စခန့် ရှိရမှာဖြစ်ပါတယ်။ မုန့်လုံးလေးတွေ ပုံပေါ်အောင် လက်နဲ့လုံးပေးလိုက်ပြီးရင်တော့ ပလတ်စတစ်စနဲ့ အုပ်ထားပေးလိုက်ပါ။

ပြီးရင်တော့ မုန့်လုံးတစ်လုံးချင်းစီကို ပြားအောင်လက်ဖဝါးနဲ့ဖိပြီး အလည်ခေါင်မှာ ပဲအနှစ်ကို ထည့်ပေးလိုက်ပါ။ ပြီးရင်တော့ မုန့်လုံးရေပေါ်လုံးသလိုပဲ ဘေးအနားတွေနဲ့ ပဲအနှစ်ကိုအုပ်ပြီး အလုံးပုံပေါ်အောင် လုံးပေးလိုက်ပါ။ ထိပ်ဖူးလေးကိုတော့ ထုံးစံအတိုင်း အဖုလေးထွက်နေအောင် လုံးထားလိုက်ပေါ့။

ပေါက်စီအားလုံး ပုံပေါ်အောင်လုပ်ပြီးပြီဆိုရင်တော့ ပေါင်းအိုးဖိုထဲမှာ တစ်လုံးချင်းစီ လိုက်တင်ပေးလိုက်ပါ။ ပေါက်စီတွေ ကပ်မသွားအောင် တစ်လုံးနဲ့တစ်လုံးကြားမှာ တစ်လက်မခန့် နေရာချန်ထားပေးလိုက်ပါ။ ပြီးရင်တော့ မိနစ် (၃၀) ခန့် ပေါင်းပေးလိုက်ပါ။ ပြီးရင်တော့ ပူပူနွေးနွေး ပဲပေါက်စီလေးကို အသင့်သုံးဆောင်နိုင်ပါပြီနော်။

Source: Maangchi

Share

Loading Next Article...
က္က