စမူဆာပူပူလေးကို အချဉ်ရည်လေးနဲ့ တို့စားရတာကို ကြိုက်လား။

စမူဆာကို မသိတဲ့လူ၊ မစားဖူးတဲ့သူ ရှိမယ်မထင်ပါဘူး။ အိန္ဒိယနိုင်ငံက ဆင်းသက်လာတဲ့ ယဉ်ကျေးမှုတစ်ခုဖြစ်တဲ့ လက်ဖက်ရည်ဆိုင် ယဉ်ကျေးမှု မြန်မာနိုင်ငံထဲမှာ ခေတ်စားလာချိန်မှာ လက်ဖက်ရည်ချိုလေးနဲ့အတူ အိန္ဒိယအစားအစာတွေဖြစ်တဲ့ စမူဆာတို့၊ ပဲပလာတာတို့၊ နံပြားတို့ကိုလည်း တွဲဖက်စားသုံးလာကြပါတယ်။

 

စမူဆာပူပူလေးကို အချဉ်လေးနဲ့တို့ပြီး တဂျွမ်းဂျွမ်းကိုက်စားရတာ မနက်ခင်းတိုင်းကို အရသာရှိစေခဲ့တာ အမှန်ပါပဲ။ စားလို့ကောင်းတဲ့ စမူဆာပူပူလေးကို ကိုယ်တိုင်လုပ်စားနိုင်အောင် ပန်ချာပီစတိုင်လ် အာလူးစမူဆာလုပ်နည်းလေးကို အားလုံးနဲ့အတူ ဝေမျှပေးလိုက် ပါတယ်နော်။

ပါဝင်ပစ္စည်းများ

punjabi samosas.jpg 

ဂျုံမှုန့်၊ ဟင်းချက်ဆီ၊ ဆားအနည်းငယ်၊ အာလူး၊ အိန္ဒိယဟင်းခတ် အမွှေးအကြိုင်၊ ဂျင်း၊ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ ငရုတ်သီးအကျက်မှုန့်၊ နနွင်းမှုန့်၊ နံနံပင်အမှုန့်၊ သရက်သီးအစိမ်းကို အမှုန့်ကြိတ်ထားတဲ့ အမှုန့်၊ မဆလာတို့ကို လိုအပ်ပါတယ်။

ပြုလုပ်နည်း

Gu2ncPQ.jpg 

အရင်ဆုံး ပန်းကန်တစ်လုံးထဲမှာ ဂျုံမှုန့်နဲ့ဆားကို ရောထည့်လိုက်ပါ။ ဆီနည်းနည်းထည့်လိုက်ပါ။ ပြီးရင် ရေနွေးနည်းနည်းထည့်ပြီး မုန့်နှစ်ဖြစ်အောင် လုံးလိုက်ပါ။ အာလူးအရွယ်တော် (၆) လုံး၊ (၇) လုံးခန့်ကိုတော့ ရေနွေးဆူဆူမှာ ထည့်ပြုတ်လိုက်ပါ။ ပြီးရင် အခွံခွာလိုက်ပြီး ဇလုံတစ်လုံးထဲမှာ ခက်ရင်းတစ်ချောင်းနဲ့ ထိုးချေပြီး အာလူးထောင်း (mashed potato) ကို ဖန်တီးပေးလိုက်ပါ။

ဒယ်အိုးပြားထဲမှာ ဆီထည့်လိုက်ပါ။ ပြီးရင် အိန္ဒိယဟင်းခတ် အမွှေးအကြိုင်တွေကို ထည့်လိုက်ပါ။ ဂျင်းရယ်၊ ကြက်သွန်ဖြူရယ်၊ ငရုတ်သီးစိမ်းကို ညက်နေအောင် ထောင်းထားတာရယ်ကိုလည်း ထည့်ပြီး ရောမွှေလိုက်ပါ။ ပြီးရင် ငရုပ်သီးအကျက်မှုန့်၊ နနွင်းမှုန့်၊ နံနံပင်အမှုန့်၊ သရက်သီးအစိမ်းကို အမှုန့်ကြိတ်ထားတဲ့ အမှုန့်၊ မဆလာတို့ကိုလည်း ရောထည့်ပြီး သစ်သားယောက်မနဲ့ မွှေပေးလိုက်ပါ။

 

အာလူးထောင်းကို ဒယ်အိုးထဲရောထည့်ပြီး စမူဆာထဲထည့်ဖို့ ဋ္ဌာပနာအာလူးဟင်းကို ချက်ပြုတ်ပေးလိုက်ပါ။ အစပိုင်းမှာ သစ်သားယောက်မနဲ့ ရောမွှေပေးပြီး အပေါ့အငန်အတွက် ဆားကိုလည်း လိုအပ်သလို ချိန်ဆပြီး ထည့်ပေးလိုက်ပါ။ အာလူးဟင်းကျက်လောက်ပြီဆိုရင်တော့ ဇကာပေါက်လေးတွေပါတဲ့ ဇွန်းအကြီးတစ်ချောင်းနဲ့ ဖိချေပြီး မွှေပေးလိုက်ပါ။ ပြီးရင်တော့ မီးဖိုပေါ်က ချပေးနိုင်ပါပြီ။

ခုနက ပြုလုပ်ထားတဲ့ ဂျုံမုန့်နှစ်ရယ်၊ အာလူးဟင်းရယ်ကို ပန်းကန်လုံးတစ်လုံးစီမှာ ထည့်ပြီး စားပွဲပေါ်မှာ တင်ထားလိုက်ပါ။ သစ်သားဘုတ်ပြားနဲ့ ဒလိမ့်တုံးကိုလည်း အသင့်ပြင်ထားလိုက်ပါ။ ပန်းကန်လုံးထဲက ဂျုံမုန့်နှစ်ကို ယူလိုက်ပြီး အလုံးသေးသေးလေးဖြစ်အောင် လုံးလိုက်ပါ။ ပြီးရင် သစ်သားဘုတ်ပြားပေါ်မှာ တင်ပြီး ဒလိမ့်တုံးနဲ့ လှိမ့်ပေးလိုက်ပါ။ ဒါဆိုရင် မုန့်ချပ်ပြားလေးကို ရရှိပါလိမ့်မယ်။

 

ရလာတဲ့ မုန့်ချပ်ပြားလေးကို ထပ်ချပ်ချပ်လိုက်ရင်တော့ စက်ဝိုင်းခြမ်းပုံသဏ္ဍာန် မုန့်ချပ်လေးကို ရရှိမှာပါ။ ရလာတဲ့ မုန့်ချပ်ပြားလေးကို ရေနည်းနည်းစွတ်ပြီး (သို့) ဆီနည်းနည်းစွတ်ပြီး ရေစစ်ပုံစံ (ဆီကတော့ပုံစံ) လိပ်ပေးလိုက်ပါ။ ပြီးရင် အာလူးထောင်းဟင်းကို အစာသွပ်ပေးလိုက်ပါ။ ပြီးရင်တော့ စမူဆာပုံဖြစ်အောင် မုန့်ချပ်လေးကို ပြန်ပိတ်ပေးလိုက်ပါ။ ပြီးရင်တော့ လင်ပန်းထဲမှာ ထည့်ထားလိုက်ပါ။ ကျန်တဲ့မုန့်နှစ်လေးတွေကိုလည်း အထက်ပါပုံစံအတိုင်း စမူဆာပုံပေါ်အောင် လုပ်ပေးလိုက်ပါ။

ဒယ်အိုးတစ်လုံးထဲမှာ ဟင်းချက်ဆီကို (၂) လက်မခန့်ထည့်ပြီး အပူပေးလိုက်ပါ။ ဆီပူပြီဆိုရင်တော့ စမူဆာလေးတွေကို ဆီပူထဲမှာ ကြော်ပေးလိုက်ပါ။ မိနစ်အနည်းငယ် ကြော်ပြီး စမူဆာလေးတွေ ရွှေအိုရောင်ပြောင်းလာပြီဆိုရင် ဆီပူထဲကဆယ်ထုတ်ပြီး တစ်ရှူးစက္ကူလေးပေါ်မှာတင်ပြီး ဆီပြန်စစ်ပေးနိုင်ပါပြီ။

ပြီးရင်တော့ ပန်းကန်ပြားထဲထည့်ပြီး မိမိနှစ်သက်ရာ ဆော့စ်လေးနဲ့ တို့စားနိုင်ပါပြီ။ အကောင်းဆုံးကတော့ မန်ကျည်းသီးအနှစ်လေးကို ရေနွေးထဲမှာစိမ်၊ ရလာတဲ့ မန်ကျည်းရည်ကို ငရုပ်သီးစိမ်းထောင်းနည်းနည်း၊ သံပုရာရည်နည်းနည်းရောထားတဲ့ အညာစတိုင်လ် အချဉ်ပါပဲ။ အဲဒီအချဉ်လေးက စမူဆာနဲ့ တွဲဖက်ရင် အလိုက်ဖက်ဆုံးပါပဲနော်။

Source: Myfoodstory

Share

Loading Next Article...
က္က