ပေါင်မုန့်ကိုမီးကင်ပြီး ထောပတ်သီးအနှစ်နဲ့ သုတ်ပြီးစားရတာပါ။

ကမ္ဘာကျော် The Eagles တီးဝိုင်းရဲ့ "Hotel California" ကို သံစဉ်ယူထားတဲ့ ဂွတ်ထ်မောနင်း ပေါင်မုန့် ကြော်ငြာစာသားလေးကို 90's kids တိုင်း အမှတ်ရနေကြမှာပါ။ "ရင်ခုန်စေတဲ့ ပေါင်မုန့်ထောပတ်လေးပါကွယ်~~~~" ဆိုတဲ့ သီချင်းစာသားလေးလေ။ ငယ်ငယ်တုန်းကတော့ ပေါင်မုန့်ထောပတ်သုတ် ဆိုတာကို ကြော်ငြာကြည့်ပြီးမှ ဝယ်စားချင်ခဲ့ကြတာပါ။

 

ပေါင်မုန့်ထောပတ်သုတ် အကြောင်း ပြောနေလို့ ပေါင်မုန့်ထောပတ်သုတ် လုပ်နည်း ရေးပေးမလို့တော့ မဟုတ်ပါဘူး။ ထောပတ်နေရာမှာ ထောပတ်သီးကို အစားထိုးသုတ်လိမ်း ပေးရမှာပါ။ အရသာရှိပြီး ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ မနက်စာလေးတစ်နပ် ဖြစ်လာစေမှာမို့ ဖတ်ပြီး လုပ်စားကြည့်ကြပါဦး။

ပါဝင်ပစ္စည်းများ

small-spicy-avocado-toast-with-egg-6.jpg 

ပါဝင်ပစ္စည်းတွေကတော့ ထောပတ်သီးမှည့် တစ်ခြမ်း၊ ဆားအနည်းငယ်၊ ငရုပ်ကောင်းမှုန့် အနည်းငယ်၊ ကြက်ဥအကြီး (၂) လုံး၊ သံလွင်ဆီ လက်ဖက်ရည်ဇွန်း (၁) ဇွန်း၊ ပေါင်မုန့်မီးကင် (၂) ချပ်၊ ငရုပ်သီးမှုန့် လက်ဖက်ရည်ဇွန်း (၁) ဇွန်းနဲ့ အမှုန့်ခြေထားတဲ့ Cotija cheese (ဒိန်ခဲအမာ) လက်ဖက်ရည်ဇွန်း (၂) ဇွန်းတို့ပဲ ဖြစ်ပါတယ်။

ပြုလုပ်နည်း

small-spicy-avocado-toast-with-egg-1.jpg 

အရင်ဆုံး ဇလုံတစ်လုံးထဲမှာ ထောပတ်သီးအနှစ်ကို ခြစ်ထည့်ပြီး ခက်ရင်းတစ်ချောင်းနဲ့ ညက်ညက်ကြေအောင် ခြေပေးပါ။ အကောင်းဆုံးကတော့ ထောပတ်သီးအနှစ်ကို အရမ်းကြီး ပြဲသွားတဲ့အထိ မခြေဘဲ ထောပတ်သီးဖတ်လေးတွေ ဟိုတစ်စ၊ ဒီတစ်စ ကျန်နေအောင် ခြေပေးသင့်ပါတယ်။

 

ပြီးရင် ဒယ်အိုးပြားတစ်ချပ်ထဲမှာ သံလွင်ဆီကို အပူပျော့ပျော့လေးနဲ့ အပူပေးလိုက်ပါ။ ဆီပူပြီဆိုရင် ကြက်ဥကို ဖောက်ထည့်လိုက်ပြီး အနှစ်မပေါက်အောင် ဟက်ဖ်ရိုက်ကြော်ပေးလိုက်ပါ။ ကျက်လောက်ပြီဆိုရင် ကြက်ဥကြော်လေးတွေကို ပန်းကန်ပြားတစ်ချပ်ထဲ ထည့်ထားပေးလိုက်ပါ။

 

ပြီးရင် ပေါင်မုန့် (၂) ချပ်ကို မီးကင်လိုက်ပြီး ပေါင်မုန့်မီးကင်ပေါ်မှာ စောနကခြေထားတဲ့ ထောပတ်သီးအနှစ်ကို ထောပတ်သုတ်သလို သုတ်ပေးလိုက်ပါ။ ပြီးရင်အပေါ်ကနေပြီး ပင်လယ်ဆားရယ်၊ ငရုပ်ကောင်းမှုန့်ရယ်ကိုလည်း ဖြူးပေးလိုက်ပါ။ ထောပတ်သီး အနှစ်ပေါ်ကမှ ခုနက ကြော်ပြီးဖယ်ထားတဲ့ ကြက်ဥကြော်ကိုအုပ်ပြီးရင် အပေါ်ကနေ ဆား၊ ငရုပ်သီး၊ ငရုပ်ကောင်းစတာတွေနဲ့ ဖြူးပေးလိုက်ပါဦး။

 

Cotija cheese (ဒိန်ခဲအမာ) မှုန့် လက်ဖက်ရည်ဇွန်းနဲ့ တစ်ဝက်လောက်ကိုပဲ ဖြူးပေးလို့ရပါတယ်။ ပြီးရင်တော့ အပေါ်ကနေ နောက်ထပ်ပေါင်မုန့်မီးကင်တစ်ခြမ်းနဲ့ အုပ်ပေးပြီး အရသာရှိတဲ့ ပေါင်မုန့်မီးကင် ထောပတ်သီးအနှစ်သုတ် စပ်စပ်လေးကို သုံးဆောင်နိုင်ပါပြီ။

Source: FoodDiary

Share

Loading Next Article...
က္က