အရသာရှိတဲ့ ကြက်ကောင်လုံးကင်ကို စိတ်ကြိုက်ဆွဲနိုင်ဖို့ ဟင်းချက်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

ကြက်သားကို ဆီပြန်ဟင်းချည်းပဲ ချက်စားလိုက်၊ အာလူးနဲ့ချောပြီး ချက်စားလိုက်၊ ပြုတ်ကြော်လုပ်စားလိုက်ပဲ စားနေရတာ ပျင်းဖို့ကောင်းပါတယ်။ ဗမာကြက်တစ်ကောင်လောက် ဝယ်ပြီး ကိုရီးယားကြက်ကောင်လုံးကင် လုပ်စားကြည့်ကြရအောင်။ ပြုလုပ်ပုံအဆင့်ဆင့်ကို ရှင်းရှင်းလင်းလင်း ဖော်ပြပေးထားတဲ့အတွက် လိုက်လုပ်ရတာ လွယ်ကူမှာပါ။

ပါဝင်ပစ္စည်းများ

tongdakgui-finished-620x349.jpg 

ကြက်တစ်ကောင်၊ သံလွင်ဆီ (၂) ဇွန်း၊ ဆား (၁) ဇွန်း၊ ငရုပ်ကောင်းမှုန့် (၁/၂) ဇွန်း၊ ကြက်သွန်ဖြူ (၆) တောင့်၊ ဟင်းချက်ဆီ (၁) ဇွန်း၊ ထောပတ် (၂) ဇွန်း၊ ခရင်မ်ဆော့စ်အတွက် အစေ့လွတ် သခွားသီး (၂) အောင်စ၊ ဆား (၁/၂) ဇွန်း၊ ချိစ်ခရင်မ် (၄) အောင်စ၊ မရိုးနိစ် (၁/၃) ခွက်၊ ပျားရည် (၁) ဇွန်း၊ သံပရိုသီး (၁) ခြမ်းတို့ကို လိုအပ်ပါတယ်။

ပြုလုပ်နည်း

 

အူတွင်းကလီစာနဲ့ အညစ်အကြေး ထုတ်ပြီးသား ကြက်တစ်ကောင်ကို ရေနွေးနဲ့ အတွင်းရော၊ အပြင်ပါဆေးကြောပေးလိုက်ပါ။ ပြီးမှ ရေအေးနဲ့ တစ်ထပ် ထပ်ဆေးပေးလိုက်ပါ။ ပြီးရင် သစ်သားဘုတ်ပြားပေါ်တင်ပြီး မလိုအပ်တဲ့ အဆီတွေကို ဖြတ်ထုတ်လိုက်ပါ။

သံလွင်ဆီ၊ ဆား၊ ငရုပ်ကောင်းမှုန့်၊ ကြက်သွန်ဖြူထောင်းတို့ကို ပန်းကန်လုံးအသေး တစ်လုံးထဲမှာ ရောထည့်ပြီး မွှေပေးလိုက်ပါ။ ပြီးရင်တော့ ဘေးခနဖယ်ထားလိုက်ပါ။

 

Oven မီးဖိုကို (၃၅၀) ဒီဂရီ ဖာရင်ဟိုက် အပူချိန်ခန့်နဲ့ ကြိုတင်အပူပေးထားလိုက်ပါ။ ဟင်းချက်ဆီကိုတော့ အကင်ဒယ်အိုးပေါ်မှာ တင်မဲ့ rack ပေါ်မှာ သုတ်လိမ်းပေးလိုက်ပါ။ ဒါမှသာ ကြက်ကင်တဲ့အချိန်မှာ ကြက်သားက ဒယ်အိုးနဲ့ ကပ်မနေမှာပါ။

ခုနက ကြက်သွန်ဖြူနဲ့ သံလွင်ဆီအရောကို ကြက်တစ်ကောင်လုံးရဲ့ အတွင်းရော၊ အပြင်ပါ နှံ့စပ်အောင် သုတ်လိမ်းပေးလိုက်ပါ။ ပြီးရင် ကြက်ခြေထောက်တွေကို ပိုးကြိုးတစ်ချောင်းနဲ့ ချည်နှောင်ပြီး ကြက်ကောင်လုံးကိုတော့ ဆီသုတ်ထားတဲ့ rack ပေါ်မှာ တင်ပေးလိုက်ပါ။ ပြီးရင်တော့ oven မီးဖိုထဲထည့်ပြီး (၁) နာရီခန့် ကင်ပေးလိုက်ပါ။

 

တစ်နာရီပြည့်ရင်တော့ ကြက်ကောင်လုံးကင်ကို oven ထဲကထုတ်ပြီး ထောပတ်ဆီနည်းနည်း လိမ်းကျံပေးလိုက်ပါ။ ထောပတ်ဆီ လိမ်းကျံရာမှာ ကြက်ကောင်လုံးကင်ကို ထက်အောက်လှန်ပြီး သေချာသုတ်လိမ်းပေးလိုက်ပါ။ ပြီးရင် မိနစ် (၃၀) ခန့် ပြန်ကင်ပေးလိုက်ပါဦး။

 

ပြီးရင် Oven ထဲက ပြန်ထုတ်ပြီး ထောပတ်ဆီ နောက်တစ်ကြိမ် သုတ်လိမ်းပေးလိုက်ပါ။ နောက်ထပ် မိနစ် (၃၀) မီးကင်ပေးလိုက်ပါဦး။ ပြီးမှ ကျန်နေသေးတဲ့ ထောပတ်တွေ အကုန်သုတ်ပြီး (၂) မိနစ်ခန့် အပြီးသတ် မီးကင်ပေးလိုက်ပါ။

 

ပြီးရင်တော့ ပန်းကန်ပြားတစ်ချပ်ထဲ လှယ်ထည့်ပြီး သုံးဆောင်နိုင်ပါပြီ။ ကြက်ကင်နဲ့ တို့စားဖို့အတွက် ခရင်မ်ဆော့စ် လုပ်နည်းကတော့ - အစေ့လွတ်သခွားသီးကို ပါးပါးလှီးပြီး ပန်းကန်လုံးတစ်လုံးထဲ ထည့်လိုက်ပါ။ ပြီးရင် ဆားနည်းနည်းနဲ့ရောပြီး (၁၀) မိနစ်ခန့် နှပ်ထားလိုက်ပါ။ သခွားသီးပန်းကန်ထဲကို ခရင်မ်ချိစ်ရယ်၊ မရိုးနိစ်ရယ်၊ ပျားရည်ရယ်၊ သံပရိုရည်ရယ် ရောထည့်လိုက်ပါ။ ပြီးရင်တော့ ဇွန်းတစ်ချောင်းနဲ့ ရောမွှေပေးလိုက်ပါ။ ပြီးရင် ရေခဲသေတ္တာထဲမှာ ခနအအေးခံပြီး ကြက်ကောင်လုံးကင်နဲ့ တို့စားနိုင်ပါပြီ။

Source: Maangchi

Share

Loading Next Article...
က္က