အဲဒါကြောင့် ဗယ်လင်းတိုင်းဒေးမှာ အပြန်အလှန် ချောကလက်ကျွေးကြတာများလား???

ဗယ်လင်းတိုင်းဒေး (ချစ်သူများနေ့) မှာ ချောကလက်တွေ တအားစားရလို့ စိတ်ညစ်နေပြီလား။ လူချစ်လူခင် ပေါတဲ့သူတွေ ဆိုတော့လည်း ချောကလက်တွေ ဝိုင်းဝိုင်းလည်နေမှာပေါ့နော်။ ဒါဆိုရင်တော့ ဝမ်းသာလိုက်ပါတော့။ ချောကလက်ချစ်သူတွေအတွက် သတင်းကောင်းလေးတစ်ခု ပါးစရာရှိပါတယ်။ အဲဒါကတော့ သုတေသနတစ်ခုရဲ့ အဆိုအရ ချောကလက်စားခြင်းဟာ ဦးနှောက်လုပ်ဆောင်မှုကို ကောင်းမွန်စေပြီး ပိုမို လိမ္မာပါးနပ်စေနိုင်ပါတယ်တဲ့။

 

Appetite ဂျာနယ်ထဲမှာ ဖော်ပြထားတဲ့ သုတေသနတစ်ခုထဲမှာ သုတေသီတွေဟာ MSLS ဆိုတဲ့ စနစ်တစ်ခုကိုသုံးပြီး အသက် (၂၃) နှစ်ကနေ (၉၈) ကြား လူဦးရေ (၉၆၈) ယောက်ဆီက ဒေတာတွေကို ကောက်ခံခဲ့ပါတယ်။ ဒေတာကောက်ခံရာမှာ သူတို့ရဲ့နေ့စဉ်အစားအသောက်တွေနဲ့ နှလုံးကျန်းမာရေး၊ ဦးနှောက်ကျန်းမာရေး အခြေအနေတွေကို နှိုင်းယှဉ်လေ့လာပြီးမှ စစ်တမ်းထုတ်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီမှာ သုတေသီတွေဟာ ချောကလက်ကို ပုံမှန်စားသုံးပေးခြင်းက ဦးနှောက်ရဲ့လုပ်ဆောင်မှုတွေကို ပိုမိုမြန်ဆန်စေနိုင်ပြီး ပိုပြီး လိမ္မာပါးနပ်လာစေနိုင်တယ်လို့ ဆိုထားပါတယ်။ ချောကလက်ကို အကြိမ်ရေများများ စားပေးခြင်းက အမြင်အာရုံနဲ့ ဆက်နွယ်နေတဲ့ မှတ်ဉာဏ်ကောင်းမွန်လာခြင်း၊ အဖွဲ့အစည်းနဲ့ လုပ်ဆောင်ရာမှာ ပိုမိုလိမ္မာပါးနပ်လာခြင်း၊ ပတ်ဝန်းကျင်က အရာဝတ္ထုတွေကို ပိုမိုမှတ်သားနိုင်ခြင်း အစရှိတဲ့ အရာတွေနဲ့ ဆက်နွယ်နေပါတယ်။

 

ချောကလက်နဲ့ ဦးနှောက်စွမ်းရည် ပိုမိုကောင်းမွန်လာခြင်း ကြားထဲမှာ ချိတ်ဆက်ပေးထားတဲ့ အရာကတော့ Cocoa Flavanol လို့ခေါ်တဲ့ ကိုကိုးမှုန့်ထဲမှာ ပါဝင်တဲ့ ဖလာဗာနော ဒြပ်ပေါင်းပါပဲ။ အဲဒီဒြပ်ပေါင်းက အပေါင်းလက္ခဏာဆောင်တဲ့ ဦးနှောက်လုပ်ဆောင်မှုတွေနဲ့ တိုက်ရိုက်ဆက်နွယ်နေပါတယ်။

အထူးသဖြင့် ချောကလက်အမဲ (dark chocolate) ထဲမှာ ဖလာဗာနော (flavanol) ပမာဏမြင့်မားစွာ ပါဝင်ပြီး နို့ချောကလက်တို့၊ ချောကလက်ဖြူတို့ထဲမှာတော့ ဖလာဗာနော (flavanol) ပါဝင်မှု အလွန်နည်းပါးပါတယ်။ တကယ်တော့ ဖလာဗာနော (flavanol) ဓာတ်ပေါင်းတွေဟာ လက်ဖက်ရည်၊ ဝိုင်နီနဲ့ စပျစ်သီး၊ ပန်းသီးတို့လို သစ်သီးတွေထဲမှာလည်း တွေ့ရှိရပါသေးတယ်။

 

သုတေသီတွေရဲ့ ဖော်ပြချက်အရ ကိုကိုးမှုန့်ထဲမှာ ပါဝင်တဲ့ ဖလာဗာနော (flavanol) ဓာတ်ပေါင်းကို ပုံမှန်မှီဝဲပေးခြင်းဟာ ဦးနှောက်လုပ်ဆောင်မှုပေါ်မှာ တိုက်ရိုက်အကျိုး ဖြစ်ထွန်းစေတဲ့ သက်ရောက်မှုတစ်ခုရှိပြီး အသက်အရွယ်ရလာခြင်းကြောင့် ဦးနှောက်ဆဲလ် ပျက်ဆီးမှုတွေကိုပါ တိုက်ဖျက်ပေးနိုင်ပါတယ်။

Source: Independent

Share

Loading Next Article...
က္က