တရုတ်လို Wonton လို့ခေါ်တဲ့ ဖက်ထုပ်ပြုတ်ဟာ တရုတ်ပြည်မကြီးမှာတော့ လူကြိုက်များတဲ့ လမ်းဘေးစာတစ်မျိုး ဖြစ်ပါတယ်။

တရုတ်လို Wonton လို့ခေါ်တဲ့ ဖက်ထုပ်ပြုတ်ဟာ တရုတ်ပြည်မကြီးမှာတော့ လူကြိုက်များတဲ့ လမ်းဘေးစာတစ်မျိုး ဖြစ်ပါတယ်။ ဒီနေ့မှာတော့ ဖက်ထုပ်ပြုတ်ကို ပူပူစပ်စပ်လေး ပြုလုပ်ဖန်တီးထားတဲ့ ဟင်းချက်နည်းလေးကို ဖော်ပြပေးသွားမှာပါ။ ဖက်ထုပ်ချစ်သူတွေ ကိုယ်တိုင်လုပ်စားနိုင်အောင် လိုက်ဖတ်ကြည့်ပေးပါဦး။

ပါဝင်ပစ္စည်းများ

maxresdefault.jpg 

ရယ်ဒီမိတ် ဖက်ထုပ်ဂျုံပြား (၂၄) ချပ်၊ ဝက်သား (၈) အောင်စ၊ ပဲငံပြာရည် (အကြည်) (၂) ဇွန်း+ (၆) ဇွန်း၊ ကြက်ဥ (၁) လုံး၊ နှမ်းဆီ၊ နံနံပင်၊ မုန်လာဥနီ၊ ကြက်သွန်မြိတ် (၁) ပင်၊ ဆား၊ သကြား၊ ငရုပ်ကောင်းမှုန့်၊ ပြောင်းဖူးကော်မှုန့် (၁) ဇွန်း၊ ငရုပ်သီးအဆီ (၂) ဇွန်း၊ ရှာလကာရည်အမဲ (၁) ဇွန်း၊ ငရုပ်သီးမှုန့် (၁) ဇွန်း၊ ကြက်သွန်ဖြူထောင်း (၁) ဇွန်းတို့ကို လိုအပ်ပါတယ်။

ပြုလုပ်နည်း

maxresdefault2.jpg 

အရင်ဆုံး ဝက်သား (၈) အောင်စကို အသားလှီးဓားနဲ့ နုတ်နုတ်စင်းပြီး ပန်းကန်လုံးအကြီး တစ်လုံးထဲမှာ ထည့်ထားလိုက်ပါ။ အသားပန်းကန်ထဲကို ပဲငံပြာရည် (အကြည်) (၂) ဇွန်းရယ်၊

ဆားနည်းနည်းရယ်၊ ငရုပ်ကောင်းမှုန့်နည်းနည်းရယ်၊ သကြားနည်းနည်းရယ်ကို ရောထည့်ပေးလိုက်ပါ။ ပြောင်းဖူးကော်မှုန့် (၁) ဇွန်းကို ရေဆတူရောပြီး ရလာတဲ့ ကော်ရည်ကိုလည်း ရောထည့်ပေးလိုက်ပါ။ ကြက်ဥ (၁) လုံးကို ဇွန်းနဲ့ခလောက်ပြီး အသားပန်းကန်ထဲ ထည့်ပေးပါ။ အသားမနယ်ခင်မှာ နှမ်းဆီ (၁) ဇွန်း၊ နံနံပင် နုတ်နုတ်စင်းထားတာ (၁) ဇွန်းနဲ့ မုန်လာဥနီ နုတ်နုတ်စင်းထားတာ (၁) ဇွန်းတို့ကိုလည်း ရောထည့်ပေးဖို့ မမေ့ပါနဲ့ဦး။ ပြီးရင်တော့ လက်နဲ့ပဲ သမအောင်ရောနယ်ပြီး ဘေးခနဖယ်ထားလိုက်ပါ။

ဆော့စ်ပြုလုပ်ဖို့အတွက် ပဲငံပြာရည် (၆) ဇွန်းရယ်၊ ငရုပ်သီးအဆီ (၂) ဇွန်းရယ်၊ ရှာလကာရည်အမဲ (၁) ဇွန်းရယ်၊ ငရုပ်သီးမှုန့် (၁) ဇွန်းရယ်၊ ကြက်သွန်ဖြူထောင်း (၁) ဇွန်းရယ်၊ သကြား ဇွန်းဝက်ရယ်၊ ငရုပ်ကောင်းမှုန့် နည်းနည်းရယ်ကို နောက်ထပ်ပန်းကန်လုံး တစ်လုံးထဲမှာ ရောထည့်ပြီး သမအောင်မွှေပေးလိုက်ပါ။ သူ့ကိုလည်း ဘေးခနဖယ်ထားလိုက်ပါ။

ဖက်ထုပ်ထုပ်ဖို့ အချိန်ကျပါပြီ။ ရယ်ဒီမိတ် ဖက်ထုပ်ဂျုံပြားလေးတွေနဲ့ အသားပန်းကန်ကို သစ်သားဘုတ်ပြားတစ်ချပ်နားကို ယူလိုက်ပါ။ ပြီးရင် ဖက်ထုပ်ဂျုံပြား အလည်မှာ အသားလိုသလောက်ထည့်ပြီး ဖက်ထုပ်ထုပ်ပေးလိုက်ပါ။ ရယ်ဒီမိတ်ဂျုံပြားလေးတွေ ကုန်သည်အထိ ဖက်ထုပ်ထုပ်ပေးလိုက်ပါ။

 

ဒယ်အိုးတစ်လုံးထဲမှာ ရေနွေးပွက်ပွက်ဆူအောင် အရင်တည်လိုက်ပါ။ ရေနွေးဆူရင် အိုးထဲကို နှမ်းဆီနည်းနည်းနဲ့ ဆားနည်းနည်းကို ထည့်လိုက်ပါ။ ပြီးရင်တော့ ဖက်ထုပ်တွေကို ထည့်ပြုတ်နိုင်ပါပြီ။ (၅) မိနစ် တစ်ခါလောက် ရေရောပေးတာမျိုး (၃) ကြိမ်လောက် လုပ်ပေးပါ။ ပြီးရင်တော့ ဖက်ထုပ်ကျက်လောက်ပြီထင်ရင် ဆယ်ထုတ်ပြီး ဇကာတစ်လုံးထဲမှာ ရေစစ်ထားပေးလိုက်ပါ။

ပြီးရင် ဖက်ထုပ်လေးတွေကို ပန်းကန်လုံးလေးတွေထဲမှာ ပြောင်းထည့်ပေးလိုက်ပါ။ ပြီးမှ အပေါ်ကနေ ဆော့စ်ဆမ်းပေးလိုက်ပါ။ ကြက်သွန်မြိတ်နည်းနည်းကိုလည်း ကပ်ကြေးနဲ့ ကိုက်ထည့်ပေးလိုက်ပါဦး။ ပြီးရင်တော့ ဝက်သားဖက်ထုပ် ပူပူစပ်စပ်လေးတွေကို အရသာရှိရှိ သုံးဆောင်နိုင်ပါပြီနော်။

Source: CiCiLi

Share

Loading Next Article...
က္က