AD
AD
AD

မြန်မာလူမျိုးတွေ အသိများတဲ့ တရုတ်အစားအစာထဲမှာ ချိုချဉ်ကြော်တို့၊ ကုန်းဘောင်ကြီးကြော်တို့ဟာလည်း တစ်ခုအပါအဝင်ပါပဲ။ ဒီနေ့မှာတော့ ဝက်သားပြားကို ချိုချဉ်ကြော်ပုံစံ ကြော်ထားတဲ့ ဝက်သားပြားချိုချဉ် ပြုလုပ်နည်းလေးကို ဖော်ပြပေးသွားမှာပါနော်။

ပါဝင်ပစ္စည်းများ

play
 

ဝက်ပေါင်ရင်းသား (၁) ပေါင်ခန့်၊ ပြောင်းဖူးကော်မှုန့် (၁) ခွက်၊ ရေ (၁/၄) ခွက်၊ ဆီ (၂) ဇွန်း၊ ရှာလကာရည် (၁/၄) ခွက်၊ သကြား (၁/၄) ခွက်၊ ဆားအနည်းငယ်၊ ပဲငံပြာရည် အနည်းငယ်၊ ဆီ (၁) ခွက်၊ မုန်လာဥနီ (၂) ဇွန်း၊ ဂျင်းထောင်း (၂) ဇွန်း၊ ကြက်သွန်မြိတ် (၂) ဇွန်း၊ ကြက်သွန်ဖြူ ပါးပါးလှီး (၃) တောင့်၊ နံနံပင် လက်တစ်ဆုပ်စာခန့်တို့ကို လိုအပ်ပါတယ်။ အသားနှပ်ရည် ပြုလုပ်ဖို့အတွက်ကတော့ ဟင်းချက်ဝိုင် (၁) ဇွန်းရယ်၊ ဆားအနည်းငယ်ရယ်၊ ငရုပ်ကောင်းမှုန့် (အဖြူ) အနည်းငယ်ရယ်တို့ကို လိုအပ်ပါတယ်။

ပြုလုပ်နည်း

play
 

အရင်ဆုံး အသားလှီးဓားရဲ့ ဓားပြားနဲ့ အပြားလေးတွေဖြစ်အောင် လှီးထားတဲ့ ဝက်သားပြားတွေကို ဓားပြားရိုက်ပေးလိုက်ပါ။ ပြီးရင် ဟင်းချက်ဝိုင် (၁) ဇွန်းရယ်၊ ဆားအနည်းငယ်ရယ်၊ ငရုပ်ကောင်းမှုန့် (အဖြူ) အနည်းငယ်ရယ်တို့ကို ပန်းကန်တစ်လုံးထဲမှာရောပြီး ဝက်သားပြားတွေကို (၁၀) မိနစ်ခန့် ထည့်စိမ်ထားပေးလိုက်ပါ။

ပြီးရင်တော့ ဟင်းသီးဟင်းရွက်တွေကို လှီးဖြတ်ပေးရပါမယ်။ ဂျင်းကို ငရုပ်ဆုံထဲမှာ ထုထောင်းထားတာက (၂) ဇွန်း၊ မုန်လာဥနီကို အမြှောင်းလေးတွေဖြစ်အောင် လှီးထားတာက (၂) ဇွန်း၊ ကြက်သွန်ဖြူကို ပါးပါးလှီးထားတာက (၃) တောင့်စာ၊ ကြက်သွန်မြိတ်ကို ပါးပါးလှီးထားတာက (၂) ဇွန်းတို့ကို ပန်းကန်တစ်လုံးထဲမှာ စုထည့်ထားပေးလိုက်ပါ။

play

 

ဆော့စ်ပြုလုပ်ဖို့အတွက် ရှာလကာရည် (၁/၄) ခွက်၊ သကြား (၁/၄) ခွက်၊ ဆားအနည်းငယ်၊ ပဲငံပြာရည် အနည်းငယ်တို့ကို ပန်းကန်လုံးတစ်လုံးထဲမှာ ရောမွှေပေးလိုက်ပါ။ ပန်းကန်အကြီး နောက်တစ်လုံးထဲမှာတော့ ပြောင်းဖူးကော်မှုန့် (၁) ခွက်ရယ်၊ ရေ (၁/၄) ခွက်ရယ်၊ ဆီ (၂) ဇွန်းရယ်ကို ရောထည့်ပြီးမှ သမအောင် မွှေပေးလိုက်ပါ။ ပြီးမှ ဝက်သားပြားတွေကို ထည့်ပေးလိုက်ပါ။

ဒယ်အိုးပြားတစ်လုံးထဲကို ဆီ (၁) လက်မခန့်ထည့်ပြီး အပူပေးလိုက်ပါ။ ပြီးရင်တော့ ဝက်သားပြားတွေကို ကြွပ်ရွသည်အထိ ကြော်ပေးလိုက်ပါ။ ကြော်ပြီးရင် စက္ကူတစ်ရှူးစပေါ်တင်ပြီး ဆီစစ်ပေးလိုက်ပါဦး။

အဲဒီဒယ်အိုးထဲမှာပဲ ဆီ (၁) ဇွန်းလောက်ထပ်ထည့်ပြီး ဂျင်းထောင်း၊ ကြက်သွန်ဖြူ၊ မုန်လာဥနီ၊ ကြက်သွန်မြိတ်တို့ကို ထည့်ပေးလိုက်ပါ။ ခုနက လုပ်ထားတဲ့ ဆော့စ်ကိုလည်း လောင်းထည့်ပေးလိုက်ပါ။ ဟင်းအနှစ်လေး အထိုင်ကျလာပြီဆိုတော့မှ ဝက်သားပြားတွေကို ထည့်ပေးလိုက်ပါ။ (၅) မိနစ်ခန့် မွှေပေးလိုက်ရင် ဝက်သားပြားချိုချဉ်လေး ကျက်ပါပြီ။ ပြီးမှ အပေါ်ကနေ နံနံပင်လေးနည်းနည်း၊ ကြက်သွန်မြိတ်လေးနည်းနည်း ထပ်အုပ်ပေးလိုက်ပါ။

Source: Foodparadise

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD