တရုတ်လူမျိုးတွေရဲ့ အဓိကအစားအစာ တစ်မျိုးကတော့ ခေါက်ဆွဲပါပဲ။

တရုတ်လူမျိုးတွေရဲ့ အဓိကအစားအစာ တစ်မျိုးကတော့ ခေါက်ဆွဲပါပဲ။ တရုတ်လူမျိုးတွေဟာ ပြည်နယ်အလိုက် ခေါက်ဆွဲကို ပုံစံအမျိုးမျိုး၊ ချက်နည်းအမျိုးမျိုးနဲ့ ပြုလုပ်စားသုံးကြပါတယ်။ တရုတ်နှစ်သစ်ကူး ပြီးသွားတာကလည်း မကြာသေးဘူးဆိုတော့ တရုတ်လူမျိုးတွေက သက်ရှည်ခေါက်ဆွဲလို့ တင်စားခေါ်ဝေါ်ကြတဲ့ အမဲနှပ် သက်ရှည်ခေါက်ဆွဲ ပြုလုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်နော်။

ပါဝင်ပစ္စည်းများ

maxresdefault.jpg 

အမဲသား (၂၅) ကျပ်သား၊ ကြက်သွန်ဖြူ၊ ငရုပ်သီးခြောက်၊ ကြက်သွန်မြိတ်၊ စပါးလင်၊ တရုတ်ပဲငပိအနှစ် (Chu Hou Paste)၊ အညိုရောင်ဟင်းချက်ဆော့စ်၊ ဆန်ဝိုင်၊ နှမ်းဆီ၊ ပဲငံပြာရည် (အနောက်)၊ ငရုပ်ကောင်းမှုန့်၊ ဆား၊ ကြံသကာအနှစ်၊ Chinese Five Spices (တရုတ်ဟင်းခတ် ငါးမျိုး) အထုပ်၊ တရုတ်ခေါက်ဆွဲခြောက်၊ မုန်ညင်းရွက်၊ သကြားနည်းနည်း၊ နံနံပင်တို့ကို လိုအပ်ပါတယ်။

ပြုလုပ်နည်း

maxresdefault2.jpg 

အရင်ဆုံး အစိတ်သားခန့်ရှိတဲ့ အမဲသားတုံးကြီးကို ရေလုံပြုတ်ပေးရပါမယ်။ ရလာတဲ့ အမဲသားရေလုံပြုတ်ကိုမှ အမဲသားပြား ခပ်ကြီးကြီးတွေရအောင် လှီးဖြတ်ပေးလိုက်ပါ။ ပြီးရင် အမဲသားပြားတွေကို ဘေးခနဖယ်ထားလိုက်ပါ။

ဒယ်အိုးတစ်လုံးထဲမှာ ဟင်းချက်ဆီနည်းနည်းထည့်ပြီး အပူပေးလိုက်ပါ။ ပြီးရင် ကြက်သွန်ဖြူရယ်၊ ငရုပ်သီးခြောက်ရယ်၊ ကြက်သွန်မြိတ်ရယ်၊ စပါးလင်ရယ်ကို ပါးပါးလှီးထည့်ပြီး ဆီသတ်ပေးလိုက်ပါ။ ခနကြာရင် ဒယ်အိုးထဲကို Chu Hou paste လို့ခေါ်တဲ့ တရုတ်ပဲငပိအနှစ် (၂) ဇွန်းခန့်ကို ထည့်ပေးလိုက်ပါ။ ပြီးရင် အညိုရောင်ဟင်းချက်ဆော့စ်နဲ့ ဆန်ဝိုင်ကိုလည်း ရောထည့်ပေးလိုက်ပါ။ ပြီးရင် ယောက်ချိုဇွန်းကြီးနဲ့ မွှေပေးလိုက်ပါ။

 

ခုနကလှီးထားတဲ့ အမဲသားတုံးတွေကို ဒယ်အိုးထဲကို ပြောင်းထည့်ပေးလိုက်ပါ။ အမဲသားတွေ အရောင်ပြောင်းလာသည်အထိ ကြော်ပေးပြီးမှ ဒယ်အိုးထဲကို ရေ (၁) ခွက် ထည့်လိုက်ပါ။ ရေထည့်ပြီးရင် နှမ်းဆီနည်းနည်းနဲ့ ပဲငံပြာရည် (အနောက်) ကို ထည့်ပေးလိုက်ပါ။ ပြီးရင် ငရုပ်ကောင်းမှုန့်၊ ဆားနဲ့ ကြံသကာအနှစ်ကို ထည့်ပေးလိုက်ပါ။

(၃) မိနစ်ခန့် ချက်ပြုတ်ပြီးရင်တော့ အမဲသားနဲ့ စွပ်ပြုတ်ရည်ကို ဇောက်နက်တဲ့ အဝကျဉ်းအိုးရှည် တစ်လုံးထဲကို ပြောင်းထည့်လိုက်ပါ။ Chinese Five Spices (တရုတ်ဟင်းခတ် ငါးမျိုး) အထုပ်လေးကိုလည်း အိုးထဲထည့်လိုက်ပါဦး။ ပြီးရင်တော့ တစ်နာရီခန့် ချက်ပြုတ်ပေးလိုက်ပါ။

တစ်နာရီပြည့်ရင်တော့ အမဲသားတုံးလေးတွေ နူးအိပြီး စားချင့်စဖွယ် ဖြစ်နေပါပြီ။ အမဲသားတုံးလေးတွေနဲ့ ဟင်းရည်ကို ပန်းကန်တစ်လုံးထဲမှာ ဆယ်ထည့်လိုက်ပါ။ တရုတ်ခေါက်ဆွဲခြောက်ကိုတော့ ခုနက အမဲသားပြုတ်တဲ့ ဒယ်အိုးထဲမှာပဲ ထည့်ပြုတ်ပေးလိုက်ပါ။ ခေါက်ဆွဲခြောက်နဲ့အတူ မုန်ညင်းရွက်လေးတွေကိုလည်း ထည့်ပြုတ်ပေးလိုက်ပါ။ ပြီးရင် ပန်းကန်လုံးအကြီး တစ်လုံးထဲမှာ ခေါက်ဆွဲပြုတ်ဖတ်တွေနဲ့ မုန်ညင်းဖတ်တွေကို ဆယ်ထည့်ပေးလိုက်ပါ။ ပြီးရင် အပေါ်ကနေ အမဲသားဖတ်တွေနဲ့ စွပ်ပြုတ်ရည်ကို ဆမ်းပေးလိုက်ပါ။

 

ဒယ်အိုးထဲမှာ ရေ (၁) ခွက်ရယ်၊ ဆားနည်းနည်း၊ သကြားနည်းနည်း၊ ငရုပ်ကောင်းမှုန့် နည်းနည်းရယ်ကိုထည့်ပြီး စွပ်ပြုတ်တည်ပေးလိုက်ပါ။ ရလာတဲ့စွပ်ပြုတ်ရည်ကို အမဲသားခေါက်ဆွဲ ပန်းကန်ထဲ လောင်းထည့်ပေးလိုက်ပါ။ ပြီးရင် အပေါ်ကနေ နံနံပင်နည်းနည်းနဲ့ ကြက်သွန်မြိတ်နည်းနည်းကို ကပ်ကြေးနဲ့ကိုက်ထည့်ပေးလိုက်ပါ။ ဒါဆိုရင်တော့ မွှေးကြိုင်ပြီး စားလို့ကောင်းတဲ့ အမဲသားနှပ် သက်ရှည်ခေါက်ဆွဲကို ရရှိပါပြီနော်။

Source: CiCiLi

Share

Loading Next Article...
က္က