ဒီနေ့ ဖော်ပြမဲ့ ဟင်းလျာလေးမှာ ရာဇဝင်တစ်ခု ရှိပါတယ်။

ဒီနေ့ ဖော်ပြမဲ့ ဟင်းလျာလေးမှာ ရာဇဝင်တစ်ခု ရှိပါတယ်။ တရုတ်နိုင်ငံ၊ စီချွမ်ပြည်နယ်ဟာ အရသာလေးပြီး အစပ်ကဲတဲ့ အစားအစာတွေကို ဖန်တီးချက်ပြုတ်မှုကြောင့် နာမည်ကြီးပါတယ်။ စီချွမ်ပြည်နယ်ရဲ့ နာမည်ကျော် ဟင်းလျာတွေထဲမှာ စီချွမ်ဝက်သားပြား အစပ်ဟင်းဟာလည်း တစ်ခုအပါအဝင်ပါပဲ။

 

တစ်နေ့ကျတော့ စီချွမ်ပြည်နယ်က စားဖိုမှူးတစ်ယောက်ရဲ့အိမ်ကို သူ့မိတ်ဆွေတစ်ယောက် လာလည်ပါတယ်။ အဲဒီမိတ်ဆွေက ဝက်သားမစားတဲ့အတွက် စီချွမ်စားဖိုမှူးဟာ တီလာဗီးယား ငါးအသားလွှာကိုသုံးပြီး နာမည်ကျော် စီချွမ်ဟင်းလျာကို ချက်ပြုတ်ပါတော့တယ်။ အဲဒီအချိန်ကစပြီး စီချွမ်စတိုင်လ် ပူပူစပ်စပ် ငါးပေါင်းဟင်းလျာ ဖြစ်ပေါ်လာပါတော့တယ်။

ပါဝင်ပစ္စည်းများ

Sichuan-boiled-fish-portrait-3.jpg 

အရိုးထုတ်ပြီးသား တီလာဗီးယားငါး အသားပြား (၈) အောင်စခန့်၊ ဆီ (၆) ဇွန်း၊ ဂေါ်ဖီရွက် (၆) ရွက်ခန့်၊ တရုတ်နံနံ (၃) အောင်စ၊ ကြက်သွန်ဖြူ (၆) မွှာ၊ ဂျင်းတက် လက်မဝက်ခန့်၊ ပဲငပိအစပ် (၁) ဇွန်း၊ ကြက်စွပ်ပြုတ် (၂) ခွက်၊ ပဲငံပြာရည် (၁) ဇွန်း၊ ရေဆတူရောထားတဲ့ ပြောင်းဖူးကော်မှုန့် (၂) ဇွန်း၊ ငရုပ်သီးမှုန့် (၁) ဇွန်း၊ စီချွမ် peppercorn powder မှုန့် (၁) ဇွန်း၊ ဆီ (၃) ဇွန်းတို့ပဲ ဖြစ်ပါတယ်။ ငါးအသားစိမ်ဖို့အတွက် အချဉ်ရည်ပြုလုပ်ဖို့ကတော့ ကြက်ဥအကာ (၁) လုံးစာရယ်၊ ဆားနည်းနည်း၊ သကြားနည်းနည်း၊ ငရုပ်ကောင်းမှုန့် နည်းနည်းရယ်၊ ရေဆတူရောထားတဲ့ ပြောင်းဖူးကော်မှုန့် (၁) ဇွန်းစာရယ် လိုအပ်ပါတယ်။

ပြုလုပ်နည်း

maxresdefault.jpg 

အရင်ဆုံး အရိုးထုတ်ပြီးသား တီလာဗီးယား ငါးကို အသားလွှာလေးတွေရအောင် လှီးဖြတ်ပေးလိုက်ပါ။ ပြီးရင် ကြက်ဥအကာ (၁) လုံးစာရယ်၊ ဆားနည်းနည်း၊ သကြားနည်းနည်း၊ ငရုပ်ကောင်းမှုန့် နည်းနည်းရယ်၊ ရေဆတူရောထားတဲ့ ပြောင်းဖူးကော်မှုန့် (၁) ဇွန်းစာရယ်ကို ပန်းကန်လုံးတစ်လုံးထဲမှာ ရောခေါက်ပေးလိုက်ပါ။

အဲဒီပန်းကန်လုံးထဲကို ငါးအသားလွှာတွေကိုထည့်ပြီး (၁၀) မိနစ်ခန့် စိမ်ပေးလိုက်ပါ။ ငါးအသားကို ကြက်ဥနဲ့ ပြောင်းဖူးကော်မှုန့် ရောပြီး စိမ်လိုက်တဲ့အတွက် ချက်ပြုတ်နေချိန်မှာ အလွယ်တကူ ကြေမွထွက်မသွားအောင် ထိန်းထားပေးနိုင်သလို ချက်ပြုတ်ပြီးချိန်မှာလည်း နူးအိနေတဲ့ အရသာကို ထိန်းထားပေးနိုင်မှာပါ။

ဒယ်အိုးပြားတစ်လုံးထဲမှာတော့ ဆီ (၃) ဇွန်းကို အရင်အပူပေးပြီး ဂေါ်ဖီရွက်နဲ့ တရုပ်နံနံတို့ကို ထည့်ကြော်ပေးလိုက်ပါ။ (၁) မိနစ်ခန့် မွှေကြော်ကြော်ပေးပြီးရင်တော့ ဆားနည်းနည်း၊ သကြားနည်းနည်းကို အပေါ်ကနေ ဖြူးပေးလိုက်ပါ။ ပြီးရင်တော့ ပန်းကန်လုံးအကြီး တစ်လုံးထဲကို ပြောင်းထည့်ပေးလိုက်ပါ။

 

အိုးတစ်လုံးထဲမှာတော့ ရေနွေးအရင်တည်လိုက်ပြီး ငါးအသားလွှာလေးတွေကို ရေနွေးအိုးထဲ ပစ်ထည့်လိုက်ပါ။ (၃) မိနစ်ခန့် ပြုတ်ပေးလိုက်ရင် ငါးအသား ပိုမိုနူးညံ့ပြီး စားလို့ကောင်းစေမှာပါ။

ဒယ်အိုးပြားထဲမှာ ဆီ (၃) ဇွန်းထပ်ထည့်လိုက်ပြီး ကြက်သွန်ဖြူ (၆) မွှာကို ထောင်းထားတာရယ်၊ ဂျင်းတက် လက်မဝက်ခန့်ရယ်၊ ပဲငပိအနှစ် အစပ် (၁)ဇွန်းရယ်ကို ထည့်မွှေပေးလိုက်ပါ။ အမွှေးနံ့ထွက်လာပြီဆိုရင်တော့ ကြက်စွပ်ပြုတ် (၂) ခွက်ရယ်၊ ပဲငံပြာရည် (၁) ဇွန်းရယ်ကို လောင်းထည့်ပေးလိုက်ပါ။ ကြက်စွပ်ပြုတ်ရည် ဆူပွက်လာပြီဆိုတော့မှ ငါးအသားလွှာကို ဒယ်အိုးထဲကို ပြောင်းထည့်ပေးလိုက်ပါ။

အပေါ်ကနေ ရေဆတူရောထားတဲ့ ပြောင်းဖူးကော်မှုန့် (၂) ဇွန်းကိုလည်း လောင်းထည့်ပေးလိုက်ပါ။ ပြီးရင် သစ်သားယောက်မ တစ်ချောင်းနဲ့ စက်ဝိုင်းပုံ မွှေပေးလိုက်ပါ။ ပြီးရင်တော့ ငါးဟင်းကို ဂေါ်ဖီရွက်ကြော် ထည့်ထားတဲ့ ဇလုံထဲကို ပြောင်းထည့်ပေးလိုက်ပါ။

ခုနက ဒယ်အိုးပြားကိုပဲ ရေနဲ့ဆေးပြီးရင် ဆီ (၃) ဇွန်းစာကို အပူပေးထားလိုက်ပါ။ ငါးဟင်းထည့်ထားတဲ့ ဇလုံထဲကိုတော့ ငရုပ်သီးမှုန့် (၁) ဇွန်း၊ စီချွမ် peppercorn powder မှုန့် (၁) ဇွန်းတို့ကို ဖြူးပေးလိုက်ပါ။ ပြီးမှ အပူပေးထားတဲ့ ဆီပူကို အပေါ်ကနေ ထပ်လောင်းပေးလိုက်ပါ။ နံနံပင်နည်းနည်း အုပ်ပေးပြီးရင်တော့ စီချွမ်စတိုင်လ် ပူပူစပ်စပ်ငါးပေါင်းဟင်းလေးကို အသင့်သုံးဆောင် နိုင်ပါပြီနော်။

Source: CiCiLi

Share

Loading Next Article...
က္က