ရုံးပိတ်ရက်မှာ မိသားစုနေ့လည်စာ ကောင်းကောင်းလေး ချက်ကျွေးချင်သူများအတွက် နာမည်ကျော် အိန္ဒိယအစားအစာ တစ်မျိုးကို မိတ်ဆက်ပေးချင်ပါတယ်။ အဲဒါကတော့ အာလူးတိုရှည်ပါပဲ။ တိုရှည်မုန့်သားပေါ်မှာ အာလူးဟင်းလေး ဆမ်းထားပြီး အရသာလည်းရှိ၊ အာဟာရတန်ဖိုးလည်း ပြည့်ဝစွာ ပါဝင်ပါတယ်။ ပြုလုပ်နည်းလေးကတော့...

ပါဝင်ပစ္စည်းများ

Dosa1.jpg 

တိုရှည် ပြုလုပ်ဖို့အတွက် ဆန် နို့ဆီဘူး (၂) လုံး၊ မတ်ပဲ နို့ဆီဘူး (၁) လုံး၊ ကုလားပဲ နို့ဆီဗူး (၁/၄) လုံး၊ ဇီယာစေ့ လက်ဖက်ရည်ဇွန်း (၁) ဇွန်း၊ နံနံစေ့မှုန့် လက်ဖက်ရည်ဇွန်းနဲ့ တစ်ဝက်၊ ဆား လက်ဖက်ရည်ဇွန်း (၂) ဇွန်း၊ ရေ (လိုအပ်သလောက်) တို့ကို လိုအပ်ပါတယ်။

အာလူးဟင်း ပြုလုပ်ဖို့အတွက်ကတော့ အာလူး (၈) လုံး၊ ကြက်သွန်နီ (၁) လုံး၊ ပဲခြမ်းဝါ လက်ဖက်ရည်ဇွန်း (၁) ဇွန်းခွဲ၊ မုန်ညင်းစေ့ လက်ဖက်ရည်ဇွန်း (၁) ဇွန်း၊ မဆလာ လက်ဖက်ရည်ဇွန်း တစ်ဝက်၊ နနွင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်၊ ငရုတ်သီးစိမ်း (၄) တောင့်၊ ငရုတ်သီးနီခြောက် (၅) တောင့်၊ ကရဝေးရွက် (၆) ရွက်၊ ဆား လက်ဖက်ရည်ဇွန်း (၂) ဇွန်း တို့ကို လိုအပ်ပါတယ်။

ပြုလုပ်နည်း

Dosa6.jpg 

အရင်ဆုံး ဇလုံတစ်လုံးထဲမှာ ဆန်၊ မတ်ပဲ၊ ကုလားပဲတို့ကို ရောထည့်လိုက်ပြီး (၆) နာရီခန့်ကြာအောင် ရေစိမ်ထားပေးလိုက်ပါ။ (၆) နာရီကြာ ရေစိမ်ပြီးရင်တော့ ဆန်၊ မတ်ပဲနဲ့ ကုလားပဲတို့ကို တစ်ဝက်စီခွဲပြီး ကြိတ်စက်ထဲမှာ ညက်ညက်ကြေသည်အထိ ကြိတ်ပေးရပါမယ်။ ဇီယာစေ့နဲ့ နံနံစေ့မှုန့်တို့ကိုပါ ရောပြီး ရေမြုပ်ရုံထည့်ပြီး ကြိတ်ပေးလိုက်ပါ။ တစ်ဝက်ကြိတ်ပြီးရင် ကျန်တစ်ဝက်ကိုလည်း အလားတူပုံစံအတိုင်းပဲ ကြိတ်ပေးလိုက်ပါ။

 

မုန့်နှစ်ရည် ကြိတ်ပြီးရင်တော့ မုန့်နှစ်ရည်ကို ဇလုံအကြီးတစ်လုံးထဲထည့်ပြီး အခန်းအပူချိန်နဲ့ တစ်ညသိပ်ပေးရပါမယ်။ အချဉ်ပေါက်စေဖို့အတွက် တစေး (yeast) လက်ဖက်ရည်ဇွန်း တစ်ဝက်ကိုလည်း ထည့်ပေးလိုက်ပါဦး။ မုန့်နှစ်ရည် အချဉ်စိမ်ထားချိန်မှာ အာလူးဟင်းကို ချက်ထားလို့ရပါတယ်။

 

ဒယ်အိုးထဲမှာ ဆီ (စားပွဲတင်ဇွန်း (၃) ဇွန်း) ထည့်ပြီး ဆီပူလာပြီဆိုရင် ကြက်သွန်နီ၊ မုန်ညင်းစေ့၊ နနွင်းမှုန့်၊ မဆလာ၊ ငရုတ်သီးစိမ်း၊ ငရုတ်သီးနီခြောက်၊ ကရဝေးရွက်တို့ကို ရောမွှေပြီး ဆီသတ်ပေးလိုက်ပါ။ ပြီးရင် အာလူး၊ ပဲခြမ်းဝါ၊ ဆားတို့ကိုပါ ရောထည့်ပြီး သမအောင် မွှေပေးလိုုက်ပါ။ အာလူးနူးလောက်သည်အထိ ရေထည့်ပြီး အဖုံးအုပ်ထားပေးလိုက်ပါ။ ရေခမ်းသွားရင်တော့ အာလူးဟင်းကို ရပါပြီ။

တိုရှည်ကြော်ဖို့အတွက် တိုရှည်ဗန်းတစ်ချပ် လိုပါတယ်။ တိုရှည်ဗန်းကို ဆီအနည်းငယ်သုတ်ပြီး မီးအပူပေးလိုက်ပါ။ ပူပြီဆိုရင် ယောက်ချိုနဲ့ မုန့်နှစ်ရည် (၁) ဇွန်းကို ခပ်ပြီး လောင်းချလိုက်ပါ။ ပြီးရင် ဇွန်းဖင်နဲ့ဖိချလိုက်ပြီး မုန့်နှစ်တွေ အဝိုင်းပုံသဏ္ဍာန် ဘေးကိုကားထွက်သွားအောင် ဖြန့်ပေးလိုက်ပါ။ ပြီးရင် အပေါ်ကနေ ဆီ စားပွဲတင်ဇွန်း (၁) ဇွန်း ဆမ်းပေးလိုက်ပါ။

 

တိုရှည်အပေါ်မှာ ပြန့်သွားအောင် ဆီကိုလည်း ဖြန့်ပေးလိုက်ပါ။ တိုရှည်အရောင်ပြောင်းလာပြီး ဘေးသားလေးတွေ ကြွပ်လာပြီဆိုရင် အာလူးဟင်းကို အလည်မှာပုံပေးပြီး တိုရှည်ကို လိပ်ပေးလိုက်ပါ။ ခဏလောက် ကြော်ပေးပြီးရင် တိုရှည်ကို ဆယ်ပြီး ပန်းကန်ပြားတစ်ချပ်ထဲ ပြောင်းထည့်ပေးနိုင်ပါပြီ။ ကျန်တဲ့မုန့်နှစ်ရည်ကိုလည်း အထက်ပါအတိုင်း ဆက်ကြော်ပေးရင် တစ်မိသားစုလုံးအတွက် လုံလောက်တဲ့ တိုရှည်လေးတွေကို အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။

Source: Stylecraze

Share

Loading Next Article...
က္က