မမှည့်တမှည့် စတော်ဘယ်ရီသီး ချိုချဉ်လေးတွေကို သရက်သီးသုပ်သလိုမျိုး ငရုပ်သီးအကျက်မှှုန့်လေးဖြူး၊ နယ်ဖတ်ပြီး သုတ်စားကြည့်ပါ။

နွေရာသီရောက်ပြီဆိုတော့ နေလည်းပိုပူလာပါပြီ။ အပြင်ထွက်လိုက်တိုင်းလည်း ချွေးပြိုက်ပြိုက်ကျရလွန်းလို့ စိတ်ညစ်ရပါတယ်။ နွေနေပူရဲ့ အပူဒဏ်နဲ့ ပျင်းစရာ ဥသြတွန်သံတို့ကို အံတုနိုင်ဖို့အတွက် သွားရည်စာလေး တစ်မျိုးကို မိတ်ဆက်ပေးပါတယ်။ ဘာမှထွေထွေထူးထူး ပြင်ဆင်ဖို့ မလိုအပ်သလို လုပ်ရတာလည်း အင်မတန်မှ လွယ်ကူပါတယ်။ နောက်ပြီးတော့ ဒီအချိန်က စတော်ဘယ်ရီသီး ပေါတဲ့အချိန်ဆိုတော့ အသင့်တော်ဆုံးပါပဲ။

 

စတော်ဘယ်ရီသီးကို ဖျော်သောက်လိုက်၊ ဒီတိုင်း အစိမ်းစားလိုက် လုပ်နေရတာ ပျင်းဖို့ကောင်းပါတယ်။ အဲဒီအစား စတော်ဘယ်ရီသီး သုပ်လေး သုတ်စားကြရင် မကောင်းဘူးလား။ မမှည့်တမှည့် စတော်ဘယ်ရီသီး ချိုချဉ်လေးတွေကို သရက်သီးသုပ်သလိုမျိုး ငရုပ်သီးအကျက်မှှုန့်လေးဖြူး၊ နယ်ဖတ်ပြီး သုတ်စားကြည့်ပါ။ နွေနေ့လည်ခင်းကြောင့် မှိုင်းတိုင်းတိုင်းဖြစ်နေတဲ့ စိတ် လန်းဆန်းသွားပါလိမ့်မယ်။ အခုတောင် တွေးကြည့်ပြီး သွားရည်ယိုနေပြီဟုတ်။

ပြုလုပ်နည်းကို မပြောခင် အရင်ဆုံး စတော်ဘယ်ရီသီးရဲ့ ကျန်းမာရေးကောင်းကျိုးလေးတွေကို ဝေမျှပေးချင်ပါတယ်။ စတော်ဘယ်ရီသီးဟာ အမြင်အာရုံကို ပိုမိုကောင်းမွန်စေပြီးတော့ ဦးနှောက် လုပ်ဆောင်မှုကို မြင့်တက်စေပါတယ်။ ဒါ့အပြင် သွေးတိုးရောဂါ၊ ဂေါက်ရောဂါ၊ အဆစ်အမြစ်ရောင် ရောဂါနဲ့ တခြားနှလုံးဆိုင်ရာ ရောဂါတွေကိုလည်း သက်သာပျောက်ကင်း စေနိုင်ပါတယ်။ ဒါ့အပြင် စတော်ဘယ်ရီသီးဟာ ကိုယ်ခံအားစနစ်ကိုလည်း တိုးတက်ကောင်းမွန်စေတဲ့အတွက် ကင်ဆာကာကွယ်နိုင်သလို အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းကိုလည်း တားဆီးပေးနိုင်ပါတယ်။

ပါဝင်ပစ္စည်းများ

z-STRA-CWW3508-A_h.jpg 

စတော်ဘယ်ရီသီးသုပ် ပြုလုပ်ဖို့အတွက် လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေကတော့... စတော်ဘယ်ရီသီး အလုံး (၃၀) ခန့်၊ သကြား (၃) ဇွန်းခန့်၊ ငံပြာရည် (၁) ဇွန်းခန့်၊ ငရုပ်သီးအကျက်မှုန့် (၁) ဇွန်းခန့်၊ သံပုရာသီး (၁) ခြမ်းတို့ပဲ ဖြစ်ပါတယ်။

ပြုလုပ်နည်း

moon6-1.jpg 

အရင်ဆုံး စတော်ဘယ်ရီသီးလေးတွေကို ရေစင်အောင်ဆေးပေးလိုက်ပါ။ ပြီးရင် ထိပ်ကအညှာလေးတွေကို ဖယ်ရှားပေးလိုက်ပြီး ထက်ခြမ်းခြမ်းပေးလိုက်ပါ။ ဒါဆိုရင် စတော်ဘယ်ရီသီး ခြမ်းကွဲ အတုံး (၆၀) ကို ရရှိပါလိမ့်မယ်။ ရလာတဲ့ စတော်ဘယ်ရီသီး ခြမ်းကွဲလေးတွေကို ဇလုံတစ်လုံးထဲမှာ စုထည့်ပေးလိုက်ပါ။

ငရုပ်သီးအကျက်မှုန့် (၁) ဇွန်း၊ သကြား (၃) ဇွန်းနဲ့ ငံပြာရည် (၁) ဇွန်းတို့ကို ပန်းကန်လုံး အသေးတစ်လုံးထဲမှာ ရောထည့်လိုက်ပါ။ ပြီးရင် ခက်ရင်းတစ်ချောင်းနဲ့ သကြားအရည်ပျော်သည်အထိ သမအောင်ခလောက်ပေးလိုက်ပါ။ သမသွားပြီဆိုရင်တော့ ရလာတဲ့ အရည်ကို စတော်ဘယ်ရီသီး ခြမ်းကွဲထည့်ထားတဲ့ ဇလုံထဲကို လောင်းထည့်လိုက်ပါ။

 

ပြီးရင် လက်နဲ့ပဲ အသာအယာလေး နယ်ဖတ်ပေးလိုက်ပါ။ နယ်ဖတ်ပြီးပြီဆိုရင်တော့ အပေါ်ကနေ သံပုရာသီး (၁) ခြမ်းကို အရည်ညှစ်ထည့်ပေးလိုက်ပါ။ ပြီးရင် ပြန်နယ်ပေးလိုက်ပါ။ စတော်ဘယ်ရီသီးသုပ် ဇလုံကို ရေခဲသေတ္တာထဲမှာ (၅) မိနစ်ခန့် အအေးခံပြီးမှ မိသားစု ဝိုင်းဖွဲ့စားသောက်ကြမယ်ဆိုရင် ပျော်ရွှင်စရာ နွေနေ့လည်ခင်းလေးတစ်ခုကို ပိုင်ဆိုင်နိုင်ကြမှာပါ။

ှSource: Pantra Queen

Share

Loading Next Article...
က္က