play

 

ဒီတစ်ပတ် ရန်ကုန်မှာလုပ်သွားတဲ့ ပွဲတွေထဲမှာ ကျား၊မ မရွေး လူကြီးလူငယ်မရွေး စိတ်ဝင်စားခဲ့တဲ့ ပွဲအလန်းလေးကို သိလိုက်ကြရဲ့လား? Duwun Food Carnival 2017 ကို ပြည်သူ့ရင်ပြင်ထဲမှာ ပြုလုပ်သွားတယ်လေ။ အစားအသောက်ပွဲတော် ဆိုတဲ့အတိုင်း အစားတစ်လိုင်း သီးသန့်ကြိုက်သူတွေအတွက်တော့ ရှယ်ပဲပေါ့။ မစားဖူးတဲ့ အစားအစာတွေကို မြည်းစမ်းမယ်၊ ကြိုက်တာတွေ ဝယ်စားမယ်၊ ပြီးရင် ဖျော်ဖြေရေးတွေလည်း ရှိတာမို့ လူငယ်တွေ အကြိုက်တွေ့ခဲ့မယ်လို့ ယူဆပါတယ်။ ဒီပွဲမှာ လာရောက်ရောင်းချတဲ့ ဆိုင်ခန်းတွေကလည်း အများကြီးပါပဲ။ လူတွေကြိတ်ကြိတ်တိုး ဝယ်ယူအားပေးနေကြတဲ့ ဆိုင်အချို့ကို ဖော်ပြလိုက်ပါတယ်။

play

 

၁။ Charcoalix

စားချင်လွန်းလို့ အတင်းတိုးပြီး ဝယ်ယူနေတဲ့လူတွေက မြင်တဲ့အတိုင်း အများကြီးပါပဲ။ အနက်ရောင်ရေခဲမုန့်လို့ပဲ သိထားကြတော့ မြည်းချင်သူတွေလည်း များတာပေါ့။ ချားကိုးလ်လို အနက်ရောင်လေးနဲ့မို့ အရောင်လေးကလည်းလှ အရသာလေးကလည်း စားနေကြနဲ့မတူတော့ လူကြိုက်များလှပါတယ်။

play

 

၂။ မကြီးစန်းရဲ့ ဆယ်လီဘရစ်တီခေါက်ဆွဲသုပ်

မိတ်ကပ်ပညာရှင် ခင်စန်းဝင်း (မကြီးစန်း)ကလည်း ဓူဝံအစားအသောက်ပွဲတော်မှာ ဝင်ရောက်ရောင်းချခဲ့ပါတယ်။ မကြီးစန်းရဲ့ ဆယ်လီဘရစ်တီ ခေါက်ဆွဲသုပ်က တစ်ပွဲကို ၅၀၀၀ ကျပ်ပါ။ ရောင်းရသမျှကို မိဘမဲ့ကလေးတွေအတွက် အလှူလုပ်မယ်ဆိုတော့လည်း ကုသိုလ်လည်းရ ဝမ်းလည်းဝတာမို့ လူတွေစည်ကားနေကြတဲ့ဆိုင်လေးဖြစ်ခဲ့ပါတယ်။ မကြီးစန်းရဲ့လက်ရာကလည်း အစပ်အဟပ်တည့်လွန်းတော့ စားတဲ့သူတွေက လျှာလည်သွားရတယ်ဆိုပဲ။

play

 

၃။ NooDi

သီးစုံဖျော်ရည်လေး တစ်ခွက်လောက်တော့ ဝယ်သောက်ကြည့်လိုက်တယ်။ အရသာကတော့ ရှယ်ပဲလေ။ လျှောက်သွားလိုက် လျှောက်စားလိုက်နဲ့ ခြေထောက်ညောင်းလာတဲ့အခါ လတ်ဆတ်သန့်ရှင်းတဲ့ အသီးဖျော်ရည်လေးတွေကိုလည်း လူတွေအားပေးနေကြတာ မနည်းပါဘူး။

play

 

၎။ ပြည်လက်ရာ

ပြည်လက်ရာနာမည်နဲ့ ရောင်းချနေတဲ့ ဆိုင်လေးမှာတော့ ထိုင်ခုံမှာ လူပြည့်လို့ မတ်တပ်စားနေသူတွေတောင် တွေ့ခဲ့ရပါတယ်။ ရေခဲခြစ်လည်းရသလို ဘေးမှာတွဲလျက်အနေနဲ့ ပြည်ပလာတာသုပ်ကိုလည်း ရောင်းချခဲ့ပါတယ်။ ပြည်ပလာတာသုပ်ဆိုတာလည်း မြန်မာနိုင်ငံက နာမည်ကျော်အစားအစာ စာရင်းဝင်တာမို့ ပွဲကိုရောက်တုန်းလေး စိတ်ကြိုက်ဆွဲနေကြတာ မနည်းမနောပါပဲ။

play

 

၅။ TNY

ဒီဆိုင်လေးနားမှာလည်း လူတွေစည်ကားနေရောပဲ။ မြန်မာမုန့်လေးတွေကို အဓိကရောင်းချနေတာတွေ့ရပါတယ်။ ငှက်ပျောပေါင်း၊ ထားဝယ်မုန့်၊ ဆီထမင်းနဲ့ကြက်ကြော်၊ ရွှေကြည်တို့အပြင် ရခိုင်သင်္ဘောသီးထောင်း၊ ငါးနီတူသုပ်၊ ငါးဖယ်သုပ်၊ မုန့်တီသုပ်တို့ကို အဓိကရောင်းချပါတယ်။ ဈေးလည်းမကြီးဘူး အရသာလည်းရှိ၊ သပ်သပ်ရပ်ရပ် သန့်သန့်ရှင်းရှင်းဆိုတော့ ဘတ်ဂျတ်သိပ်မကုန်ဘဲ ဗိုက်ပြည့်တဲ့ဆိုင်လေးဖြစ်ပါတယ်။

play

 

၆။ ဆားဖြူးပြီးကင်တဲ့ငါးရံ့

ငါးကင်လို့ ပြောလိုက်ရင် မွေးမြူရေး တီလားဗီးယားတွေကိုပဲ မြင်နေမိတယ်ဟုတ်? ဒီငါးကင်က ငါးရံ့စစ်စစ်ကို ကင်ထားတာပါ။ ငါးရံ့က ချိုပါတယ်။ ဆားလေးဖြူး မီးသွေးလေးနဲ့ကင်လိုက်တော့ အနံ့က မွှေးနေရောပဲ။ စားမယ်ဆို အပေါ်ယံအခွံကိုတော့ ခွာလိုက်ရတယ်။ ဆားများတာကိုး။ အထဲက အသားက ချိုချိုလေးလေးလေးနဲ့ ခပ်ဆိမ့်ဆိမ့်မို့ ဒီပွဲကိုရောက်လာပြီး ဒါလေးကို မစားဖြစ်ဘူးဆိုရင် နှမျောစရာဖြစ်သွားနိုင်လောက်အောင် ကောင်းပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video