AD
AD
AD
play
play


ကိုယ်အရမ်းသဘောကျတဲ့ ဆိုင်ဆိုရင် တိတ်တိတ်ကလေး သိမ်းထားချင်နေမိတယ်။ လူတွေများကြီးသွားစားရင် ဆားဗစ်မနိုင်တာ များလို့လေ။ သို့ပေမဲ့လည်း ဒီဆိုင်က ဆိုင်ရှင် ညီမလေး ချောချောလေးနဲ့ စကားပြောပြီးတဲ့အခါမှတော့ သူရဲ့ ဆားဗစ်ပိုင်းကို အလေးထားမှုက အတော် သဘောကျမိတာရယ်၊ ကိုယ်က ကောင်းတယ်ဆိုတာ မပြောမိရင် တာဝန်မကျေဘူး ခံစားရလို့ ဒီဆိုင်လေးကို ရေးလိုက်ပါတယ်။ ဒီဆိုင်က စားလို့ကောင်းလို့ရယ် ၁၀၀ ရာခိုင်နှုန်းသဘောကျလို့ ရေးလိုက်တာပါ။ ဒါပေမဲ့ ချီလီက ရှမ်းမ မဟုတ်လို့ ရှမ်းအရသာ စစ်မစစ်ကတော့ ရှမ်းကိုကို မမများသာ သွားစားရင်း ဆုံးဖြတ်ပေးပါ။

ဒီနေ့ ဒီဆိုင်ကို နေ့လည်စာစားဖို့မမျှော်လင့်ဘဲ ရောက်ခဲ့တယ်။ ဘာစားရမလဲစဉ်းစားလိုက်တော့ စားရမှာတွေ များတာနဲ့ခေါင်းလည်း မစားချင်တာနဲ့ Dinner Set (သုံးယောက်စာ အသေး) ကို စားခဲ့တယ်။ သူ့မှာ ခြောက်ယောက်စာ အကြီးလည်း ရှိပါတယ်။ သုံးယောက်စာဆိုပေမဲ့လည်း အမျိုး (၁၁) မျိုး ပါတဲ့အပြင် ရှမ်းအရက် (နဲ့) ဆန်ချိုအေး (တစ်အိုးစီ) ပါသေးတယ်။ ဒီမှာ ပြောပြချင်တာက တိုင်းရင်းသားအစားအစာတွေကို ဘာစားရမလဲ၊ ဘာမှာရမလဲ မသိရင် တွဲစပ်ပြီးသား Set Menu ကိုသာ မှာစေချင်တယ်။ ဘာလို့လဲဆိုတော့ သူတို့တွဲစပ်ပြီးသားတွေက လိုက်ဖက်ပြီးသားမို့ ကိုယ့်ရဲ့ အရသာကို ပိုမိုလေးနက်စေတာပေါ့။

ကဲ ဘာတွေ ပါလဲတစ်ချက်ကြည့်ရအောင်။

၁) ပုစွန်ကင် - ပုစွန်ကင်မွှေးမွှေးလေး နှစ်ကောင်ပါပါတယ်။ ဒါကိုရောက်ရောက်ချင်း ပူပူလေး စားစေချင်တယ်။

play
play
play
play
play
play
play
play


၂) မုန်ညင်းပေါင်း၊ မှိုပေါင်း၊ ငါးအုံး - ရှမ်းအစားအစာမှာ မစားမဖြစ်ဖြစ်တဲ့ မုန်ညင်းပေါင်း၊ မှိုပေါင်း၊ ငါးအုံးတို့ထည့်ပေးထားပါတယ်။ သဘောကျတာကတော့ မှိုပေါင်းစားရင်မှိုလေးတွေ တထုတ်ထုတ်နဲ့ စားကောင်းတယ်။ ရှိသမျှအစားအသောက် ကုန်ကြမ်းတွေကို ဒီမှာတင် လုပ်ပါတယ်တဲ့။

၃) အာလူးထောင်း - ဒီအာလူးထောင်းက သူများနဲ့မတူတာက ခရမ်းချဉ်သီးလေးပါတော့ အရောင်လေးနဲ့ပါ။ အစပ်ကြိုက်တဲ့ကိုယ့်အတွက် ရှမ်းငရုတ်သီးကြော်လေးပါတော့ တွဲစားလိုက်တာပေါ့။

၎) ရှမ်းဆန်ခေါပုတ် - ရှမ်းခေါပုတ်ဆို အတော်များများ အညိုပဲ မြင်ဖူးကြတယ်။ တကယ်တော့ အဖြူလဲ စားကောင်းတယ်ဆိုတာ ဒီနေ့တွေ့ခဲ့ရတယ်။ သူကတော့ အရမ်း စီးစီးကြီး မဟုတ်ဘဲ စားကောင်းပါတယ်။

၅) တိုဟူးကြော် - ကိုယ်တိုင် ကြိုထားတဲ့ တိုဟူးဆိုတာ စားလိုက်တာနဲ့ကို သိသာတာပါ။ ပြောရင်အပိုဖြစ်မှာစိုးလို့ ကိုယ်တိုင်သွားစားလိုက်ပါ။

၆) တိုဟူးခြောက်ကြော် - တိုဟူးခြောက်ကြော်လေးကလည်း ပါးပါးလေးနဲ့ကို ကောင်းတာ။ ဆီကို သေချာစစ်ထားပေးတယ်။ မပြောတော့ဘူးကွယ်။ စားသာကြည့်ပါ။ သူ့ကိုတော့ မကျည်းသီးချဉ်လေးနဲ့ စားရမှာပါ။

၇) ကြက်သားထုပ် - ကြက်သားကို ကြော်ပြီး ဆူးမွှေးရွက်နဲ့ ထုပ်ထားတာပါ။ ရှမ်းအစားအစာဆိုတာနဲ့ ဒီဟာကလည်း စားကို စားရမှာနော်။ ဒါပေမဲ့ ဒီနေ့ ကိုယ်တွေ စားရတဲ့ပွဲများပြီး အဲဒါကို စားဖို့ မေ့သွားတယ်။ ဟီး စားပြီး ပြန်ပြောနော်။

၈) ဆိတ်သားထောင်း - ဆိတ်သားကိုခြောက်ခြောက်ကလေးနဲ့ ထောင်းထားတာပါ။ ကိုယ်တွေ ကုန်အောင် စားခဲ့တယ်။

၉ ) ဝက်သုံးထပ်သားစွန်တန်ကြော် - စွန်တန်ဆိုတာနဲ့ ကိုယ်တွေသိတာ စွန်တန်ဟင်းချိုပါ။ ဒီမှာကတော့ အဆန်းကလေးပါ။ စွန်တန်ခြောက်ကို ဝက်သားသုံးထပ်သားနဲ့ ချက်ထားတော့ အအီပြေလေးပါ။

၁၀) အော်စွန်းသုပ် - အားလုံးရဲ့ အအီတွေကို ပြန်ပြေအောင် အော်စွန်းသုတ်လေး ထည့်ထားပေးသေးတယ်။ အအီလေးစားလိုက် အသုတ်လေး စားလိုက်နဲ့ ကိုယ်တွေ သာယာခဲ့တယ်။

၁၁) ဟင်းရည် - သူက ကြက်သားဟင်းရည်စပ်စပ်လေး လုပ်ထားပေးတယ်။ အစပ်ပါမှ စားတတ်တဲ့ ကိုယ်တွေနဲ့ အကိုက်ပေါ့။ အရသာလေးက တုန်ယမ်းပုံစံလေးလိုပါ။

၁၂) ဆန်ချိုအေး နှင့် ရှမ်းအရက် (တစ်အိုးစီ) - ရှမ်းအရက်တော့ မသောက်ခဲ့ပေမဲ့ ဆန်ချိုအေးလေး သောက်ခဲ့တယ်။ ဆန်ချိုအေးဆိုတာ မူးစေတဲ့အရည်မဟုတ်ပါဘူး။ ဒီလို နွေပူပူမှာ မန်ကျည်းရေသောက်တဲ့ ကိုယ်တွေ အောက်ပြည်က လူတွေ အတိုင်း ရှမ်းပြည်က လူတွေကတော့ ဆန်ချိုအေးကို သောက်လေ့ရှိပါတယ်။ ဝမ်းအေးစေတဲ့ ဆန်ချိုအေးပေါ့နော်။

အားလုံးခြုံပြောရရင် ကြိုက်တယ်။ ထပ်သွားဦးမှာပါပဲ။ ဒီဆိုင်မှာ မနက်စာလည်း ရပါတယ်။ အခု ချီလီစားခဲ့တဲ့ သုံးယောက်စာ ကတော့ (၃၅၀၀၀) ကျပ်ပါ။ ညနေ (၅) နာရီကျော် မှာရင်တော့ (၁၀) ရာခိုင်နှုန်း လျှော့ပေးပါတယ်တဲ့။

လိပ်စာကတော့ ရှင်စောပုလမ်း၊ မြေနီကုန်း Hotel Winsor ဘေးပါ။ ကဲ အားလုံး စားနိုင် ဝနိုင်ကြပါစေကွာ။

(ဤဆောင်းပါးသည် Food Review အကောင်းဆုံးပေးနိုင်သည့် Go With Me ဖေ့စ်ဘွတ်ပေ့ခ်ျမှ ဖြစ်သည်။)

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD