ရန်ကုန်က စားဖူးသမျှ ရာမင်တွေထဲမှာ အရသာအက်ဒမင်တွေ အကြိုက်ဆုံးဆိုင်ပဲ

ဂျပန်အစားအစာလို့ ပြောလိုက်တာနဲ့ ပထမဆုံးမြင်ယောင်မိမှာက Sushi နဲ့ Ramen ဖြစ်မယ်ထင်ပါတယ်။ ရွေးချယ်စရာ စားသောက်ဆိုင်တွေ များပြားလွန်းတဲ့ရန်ကုန်မြို့ကြီးမှာ ဘယ် ဆိုင်မှာ သွားရောက် စားသောက်ရမယ်ဆိုပြီး စဉ်းစားနေရတာကလည်း အခက်အခဲတစ်ခုပါပဲ။

ဒါနဲ့ပဲ Ramen စားဖို့ Junction City မှာရှိတဲ့ Ippudo ဆိုင်ကိုရောက်ခဲ့တယ်။ ဂျပန်မှာဆိုင်ခွဲ ၈၀ ကျော်ရှိပြီး အခြားနိုင်ငံတွေမှာပါ ဆိုင်ခွဲတွေဖွင့်ထားတယ်လို့ သိရတယ်။

 

အရသာအက်ဒမင်တို့က ရာမင် (ramen) လေးမျိုးကို မှာစားလိုက်တယ်။ ရာမင်တွေကို ပုံမှန်နဲ့ စပယ်ရှယ်ဆိုပြီး ခွဲထားတယ်။ ဈေးကွာပြီး ပါဝင်တဲ့ chashuu (ဝက်သားပြား) အရေအတွက်ကွာသွားတယ်။ အဲ့တာနဲ့ပဲ စပယ်ရှယ်ရာမင် ၄ မျိုးကို မြည်းစမ်းကြည့်ခဲ့ပါတယ်။

ဝက်သားကအစ ပါဝင်ပစ္စည်းအားလုံးနီးပါးကို ပြည်ပကနေ တင်သွင်းတာသွင်းတာဖြစ်တော့ ဈေးနည်းနည်းပိုကြီးပေမဲ့ အရသာက အတော်ကောင်းတယ်။

နောက်ပြီးခေါက်ဆွဲတွေကို သူက အပျော့၊ ပုံမှန်၊ အမာ၊ အရမ်းမာဆိုပြီးတော့ မာနှုန်း ၄ မျိုးခွဲထားတယ်။ မြန်မာပါးစပ်နဲ့ဆိုရင် အပျော့စားကြတယ်တဲ့။ ဒါပေမဲ့ ကျွန်တော်တို့ကတော့ ခေါက်ဆွဲက Soup နဲ့စိမ်ထားတာ အချိန်ကြာရင် ပိုပျော့သွားမှာဆိုးလို့ အမာကိုပဲ မှာပြီးစားခဲ့တယ်။

 

ပထမဆုံးစားမိတာက Shiromaru .... သူက မူလစတိုင်ရာမင်ကို Ippudo ဆိုပြီး ဂျပန်မှာ နာမည်ရစေခဲ့တဲ့ Trademark ခေါက်ဆွဲဖြစ်ပါတယ်။ ရိုးရှင်းတဲ့ Soup ရယ် ခေါက်ဆွဲသားအပြင် Topping အနေနဲ့ Onsen Tamago လို့ခေါ်တဲ့ အပူချိန်တစ်ခုအပေါ်မှာထားပြီး ပြုတ်ထားတဲ့ ဂျပန်စတိုင် ကြက်ဥ၊ ကြွက်နားရွက်မှို၊ ပဲပင်ပေါက်၊ Negi လို့ခေါ်တဲ့ ကြက်သွန်မြိတ်၊ Nori လို့ခေါ်တဲ့ ရေညှိ ၊ Chashuu လို့ခေါ်တဲ့ ဝက်သားပြားတွေ ပါဝင်ပါတယ်။

အချိန်ယူပြုတ်ထားတဲ့ ဝက်ပြုတ်ရည်ရဲ့ ရိုးရှင်းတဲ့ အရသာက တစ်ဇွန်းသောက်လိုက်တာနဲ့တင် လျှာဖျားထဲမှာ စိမ့်ပြီးကျန်ခဲ့မှာဖြစ်ပါတယ်။ မြန်မာပါးစပ်နဲ့ဆိုရင် အရသာပေါ့တယ်ပြောလို့ရပေမဲ့ ဘေးနားမှာ ချထားပေးတဲ့ ကြက်သွန်ဖြူ၊ ငရုတ်ဆီ၊ ငရုတ်သီးမှုန့်၊ တို့ကို လိုအပ်သလို ထည့်ပြီး စားရင်တော့ အရသာက ထင်သလောက် မပေါ့တာကို တွေ့ရမှာပါ။ ပြောသွားတဲ့ Topping တွေအပြင် ခေါက်ဆွဲချည်း သပ်သပ်မှာပြီး စားလို့ရပါတယ်။

 

နောက်တစ်ခုကတော့ Karaka Men လို့ခေါ်ပါတယ်။ အရည်သောက်ကြည့်လိုက်တော့ ပူစပ်စပ်နဲ့ အနံ့ကမွှေးမွှေးလေး။ ရန်ကုန်ဆိုင်ခွဲမှာတော့ လူကြိုက်အများဆုံးရာမင်လို့ သိရတယ်။ သူက ဝက်ပြုတ်ရည်နဲ့လိုက်ဖက်မယ့် အရသာအတိုင်း အသားတွေကိုကြိတ်ပြီး Miso လို့ခေါ်တဲ့ ပဲပိစပ် အစပ်ကို အပေါ်ကနေ ထပ်မံအုပ်ထားပေးတာကြောင့် အရသာက လေးလေးပင်ပင် စပ်စပ် ရှိတာကို တွေ့ရမှာပါ။

Miso ထဲမှာလည်း တခြား Spice တွေ Fragrant Oil တွေ နဲ့ရောစပ်ထားတာကြောင့် ပိုပြီးအရသာရှိတာကို တွေ့ရမှာပါ။ ထူးခြားချက်တစ်ခုက သူ့ရဲ့ ခေါက်ဆွဲသားက တခြားခေါက်ဆွဲသားတွေနဲ့ မတူပဲ Wavy noodle လို့ခေါ်တဲ့ အတွန့်အတွန့်ရှိတဲ့ ခေါက်ဆွဲသားကို သုံးထားတာပါ။

ရည်ရွယ်ချက်ကတော့ Miso နဲ့ ရောကြိတ်ထားတဲ့ Ground Meat တွေနဲ့ ကပ်တွဲကာ စားနိုင်ဖို့အတွက်လို့ သိရပါတယ်။ စားရတာတော့ အရသာ အတော်ကောင်းပါတယ်။ သင်ဟာ အစပ်သိပ်မစားနိုင်တဲ့သူဆိုရင်တော့ ဘေးနားမှာ ချထားပေးတဲ့ Ocha လို့ခေါ်တဲ့ ဂျပန်ရေနွေးကြမ်းခွက်လေးကို အသင့်ပြင်ထားဖို့လိုပါလိမ့်မယ်။

 

Hakata Tantanmen ဆိုတာကတော့ ဝက်ရည်ကို နှမ်းအနှစ်နဲ့ လုပ်ထားတဲ့ ရာမင်ပါ။ ကြက်သွန်ဖြူ၊ ဟွာကျောင်းမှုန့်တို့ ထည့်ထားတဲ့အတွက် အရသာကစပ်ဖျဉ်းဖျဉ်းလေးရှိပြီး ငြုပ်ဆီကိုပါထည့်ထားတော့ အရသာက လေးပါတယ်။ Topping မှာလည်း ကြံမဆိုင်နဲ့ ဂျပန်ဟင်းခတ်တွေထပ်ထည့်ထားပါတယ်။ ဒီရာမင်မှာတော့ ဝက်သားပြားကို မီးမှုတ်ထားတဲ့အတွက် မအီဘူး။ မြန်မာကြိုက်အရသာမျိုးပါ။

 

အပေါ်မှာ ပြောသွားတာတွေက ဝက်စွပ်ပြုတ်နဲ့ပဲ လုပ်ထားတာတွေဆိုတော့ နောက်တစ်မျိုးက ကြက်စွပ်ပြုတ်နဲ့ ရာမင်ကို မြည်းကြည့်ပါဦးမယ်။ Chicken Shoyu လို့ ခေါ်တဲ့ ရာမင်က အမြင်နဲ့တင် တခြားရာမင်တွေနဲ့ သိသိသာသာကွဲပြားနေတယ်။

ကြက်သားကိုပဲ ကြက်ဆီထုတ်ပြီး ပြန်ချက်ထားတာပါတဲ့။ စွပ်ပြုတ်အရောင်လေးကလည်း ကြည်ပြီးလှတယ်။ အပေါ်ကနေ topping ထည့်ထားတာတွေက ပဲငံပြာရည်စိမ်ထားတဲ့မျှစ်၊ အသားပြား၊ ငါးဖယ်၊ ရေညှိချပ်လေးနဲ့ ထိုင်ဝမ်မုန်ညှင်းစိမ်းလေးကို ထည့်ထားပေးတာပါ။ အစပ်မကြိုက်တဲ့လူတွေအတွက် အချိုအရသာရာမင် ဖြစ်ပါတယ်။

 

ရာမင်တွေက တစ်ပွဲတစ်ပွဲကို အများကြီးပဲ။ ဗိုက်တွေလည်း ကားနေပြီ ဆိုပေမဲ့ အစားမက်တဲ့ အရသာအက်ဒမင်တွေက အချိုပွဲတွေတော့ မြည်းချင်သေးတယ်လေ။ စိတ်ဝင်စားစရာကောင်းတဲ့ Tea Pudding ကို မြည်းကြည့်တဲ့အခါ ရင်ထဲအေးပြီး လက်ဖက်ရည်အရသာမွှေးမွှေးဆိမ့်ဆိမ့်ကို ခံစားရတယ်။

နို့ကိုလက်ဖက်ရည် အကျရည်လေးနဲ့ သကာရည်လေးနဲ့ ရောပြီး ပူတင်းလုပ်ထားပြီး အိအိချိုချိုလေးဆိုတော့ အချိုပွဲဆိုတဲ့နာမည်နဲ့ အရမ်းကို ပနံရနေတော့တာ။

 

Chicken Namban ကို ကြည့်လိုက်ရင် သာမာန်ကြက်ကြော်တွေနဲ့ မထူးဘူး။ အရသာကိုမြည်းတော့မှ ထူးခြားတာကိုသိတာ။ ဘာထူးသလဲဆိုတော့ သေသေချာချာနှပ်ထားတဲ့ ကြက်သားကို ပြောင်းဖူးမှုန့်နဲ့ကပ်ပြီး တစ်ကြိမ်မက ကြော်ထားတာ။ အပေါ်ယံက ကြွပ်ရွပြီး အထဲကအသားက အတော်လေးစားကောင်းပါတယ်။

 

ဆယ်လ်မွန် ဆူရှီပုံစံလေးနဲ့ Aburi Salmon Roll ကိုလည်း စားလိုက်သေးတယ်။ ဆူရှီထမင်းကို ဆယ်လ်မွန်ငါးအသားလွှာနဲ့ လိပ်ထားတာ။ အပေါ်ကနေ မရိုးနိစ်ကို ငါးဥလေးတွေနဲ့ နယ်ပြီး ဆမ်းထားပေးတယ်။ အဲ့တာလေးက အရသာက ငန်ဆိမ့်ဆိမ့်လေး။

 

ကိုယ်တွေ ပုံမှန်စားနေကြ ပဲစိမ်းတောင့်ကို Grill Edamame ဆိုတဲ့ ပုံစံနဲ့လည်း ရှိသေးတယ်။ သူကတော့ ပေါင်းထားတာမဟုတ်ဘဲ ဆီနည်းနည်းနဲ့ လှိမ့်ထားတာပါ။ ငြုပ်ကောင်းနက်နဲ့ ဆားကို ဆတူထည့်ပြီး နှမ်းဆီလေးနဲ့ လှိမ့်ထားတော့ စောနက စားထားသမျှ အီနေတာလေးတွေတောင် ပျောက်သွားသလိုပဲ။ ရေနွေးလေးမှုတ်သောက်ရင်း grill edamame လေး စားရတာကိုလည်း ကြိုက်ကြမှာပါ။ ဗိုက်အင့်လို့ ရာမင်မစားနိုင်တော့ဘူးဆိုရင်တောင် ဒါလေးကို မြည်းခဲ့နော်။

 

Ippudo ရဲ့ အချိုပွဲတွေထဲမှာ ထူးခြားတာလေးတစ်ခုကတော့ အာလူးသုပ် ဖြစ်လိမ့်မယ်ထင်တယ်။ အာလူးသုပ်တွေက အီဆိမ့်ဆိမ့်နဲ့ စားပြီးရင် ရင်ပြည့်ရင်ပူဖြစ်ချိန်မှာ Ippudo ရဲ့ အာလူးသုပ်ကတော့ စားရတာ ရင်အေးသွားတာကိုး။

ကြိတ်ချေထားတဲ့အာလူးထဲမှာ ဂဏန်းချောင်း၊ သခွားသီးတို့ကို ထည့်ထားတယ်။ ဂဏန်းချောင်းအဖတ်လေးတွေပဲ ရွေးပြီးတော့စားတာတောင် အရသာရှိနေတာ။ သခွားသီးပါတော့ အေးပြီးမွှေးပါတယ်။ အာလူးသုပ်မကြိုက်တဲ့ အက်ဒမင်တွေတောင် လျှာလည်သွားရပါတယ်ဆို....။

Share

Loading Next Article...
က္က