KFC တို့၊ Lotteria တို့၊ Marry Brown တို့လို ကြက်ကြော်နဲ့ ဘာဂါဆိုင်တွေ ပေါ်ပေါက်လာပြီးနောက် ကျွန်တော်တို့ရဲ့ အားလပ်ရက် မိသားစုလျှောက်လည်ကြတဲ့နေရာတွေမှာ အဲဒီလို အမြန်ရ အစားအသောက်ဆိုင်တွေလည်း အပါအဝင်ဖြစ်လာပါတယ်။ ဒါပေမယ့် မိသားစု (၄) ယောက်စားလို့ရတဲ့ ကြက်ကြော် (၄) (၅) တုံးပါ တစ်ခြင်းကို (၆၀၀၀)၊ (၇၀၀၀) ဝန်းကျင်ရှိတယ်ဆိုရင် ကြက်သား တပိဿာ (၇၀၀၀) ဝန်းကျင်လောက်ရှိနေတဲ့အချိန်မှာ အိမ်မှာ ကိုယ့်ဟာကိုယ် ကြော်စားမယ်ဆိုရင် မိသားစုဝဝလင်လင် ပိုစားလို့ရတာပေါ့။

 

နိုင်ငံခြားကြက်ကြော်ဆိုင်တွေအတိုင်း အရသာရအောင် အိမ်မှာ ကြော်စားချင်သူတွေအတွက် ကြက်ကြော် ကြော်နည်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

ပါဝင်ပစ္စည်းများ

ပါဝင်ပစ္စည်းတွေကတော့ အနေတော်အရွယ် ခုတ်ထစ်ပြီးသား ကြက်သားတုံးများ၊ အစုံသုံးဂျုံမှုန့် (၁၈၀ ဂရမ်) (၁) ခွက်ခွဲခန့်၊ ဘိုင်ကာဘွန်နိတ် ဆိုဒါ (၁၂ ဂရမ်)၊ Good Seasons တံဆိပ် အီတလီအရသာမှုန့် တစ်ထုပ်၊ ကြက်ဥ (၃) လုံး၊ နွားနို့ (၁၆၀ မီလီလီတာ) (၁) ခွက်ခွဲခန့်၊ ငရုပ်ကောင်းမှုန့် (၁၅ ဂရမ်) လက်ဖက်ရည်ဇွန်း (၁) ဇွန်းခန့်၊ ဟင်းသီးဟင်းရွက်ဆီ (သို့) မြေပဲဆီ၊ ခရမ်းချဉ်သီးဟင်းချိုမှုန့် တစ်ထုပ်၊ ဆားနဲ့ ငရုပ်သီး တို့ပဲ ဖြစ်ပါတယ်။

ပြုလုပ်နည်း

 

အရင်ဆုံး ပန်းကန်လုံးတစ်လုံးထဲမှာ ကြက်ဥ (၃) လုံးကိုဖောက်ထည့်ပြီး ခလောက်ပေးလိုက်ပါ။ ပြီးရင် နွားနို့ (၁၆၀ မီလီ လီတာ) ကို ကြက်ဥခွက်ထဲ ထည့်ပြီး ရောပေးလိုက်ပါ။ ပြီးရင် အဲဒီပန်းကန်ကို ဘေးခဏဖယ်ထားလိုက်ပါ။ နောက်ထပ်ပန်းကန်လုံးတစ်လုံးထဲမှာ ခရမ်းချဉ်သီးစွပ်ပြုတ်အမှုန့်ရယ်၊ အီတလီ အရသာမှုန့်ရယ်၊ ငရုပ်ကောင်းမှုန့်ရယ်၊ ဆားနဲ့ ဂျုံမှုန့်ရယ်ကို ရောထည့်လိုက်ပါ။

 

ပြီးရင်တော့ စောစောက ဘေးဖယ်ထားတဲ့ ကြက်ဥနဲ့ နွားနို့အရောပန်းကန်ထဲမှာ ကြက်သားတုံးတွေကို အရင်နှစ်၊ ပြီးမှ ဂျုံမှုန့်အရော ပန်းကန်ထဲမှာ ကြက်သားတစ်ခုလုံး ဂျုံမှုန့်တွေ ပေသွားအောင် လူးပေးလိုက်ပါ။ အဲဒီလို ဂျုံမှုန့်နဲ့ ကြက်ဥအနှစ်လူးပြီးတဲ့ ကြက်သားတုံးလေးတွေကိုတော့ ပန်းကန်ပြားတစ်ချပ်ထဲ ခနဖယ်ထားလိုက်ပါ။ ကြက်သားအားလုံး ဂျုံလူးသွားအောင် ဒီပုံစံအတိုင်းပဲ လုပ်ပေးလိုက်ပါ။

 

ပြီးရင်တော့ ကြော်လို့ရပါပြီ။ ဒယ်အိုးပြားတစ်လုံးထဲမှာ ဟင်းသီးဟင်းရွက်ဆီ (သို့) မြေပဲဆီကို တစ်လက်မခွဲ၊ (၂) လက်မ အနက်လောက်ထည့်ပြီး မီးအပူပေးလိုက်ပါ။ ဆီပူပြီဆိုရင် ကြက်သားတုံးလေးတွေကို ဆီပူထဲထည့်ပြီး ကြော်ပေးလို့ရပါပြီ။ မိနစ် (၂၀) ဝန်းကျင်လောက် ထက်အောက်လှန်ပေးရင်း ကြော်ပေးလိုက်မယ်ဆိုရင် ရပါပြီ။ အစပ်အရသာကြိုက်တတ်ရင် ဂျုံမှုန့်ထဲမှာ ငရုုပ်သီးမှုန့်နည်းနည်းပါ ထည့်ပေးလိုက်ပါဦး။

ပြီးရင် ကြက်ကြော်တုံးတွေကို ဒယ်အိုးပြားထဲကဆယ်ပြီး တစ်ရှူးစက္ကူတစ်ရွက်နဲ့ ဆီစစ်ပေးလိုက်ပါ။ ဒီလိုဆီစစ်ပေးခြင်းဖြင့် ကြက်ကြော်တွေကို အဆီအရမ်းများပြီး ကျန်းမာရေးကို ထိခိုက်စေခြင်းမှ ကာကွယ်ပေးနိုင်ပါလိမ့်မယ်။ ပြီးရင်တော့ အာလူးကြော်တို့၊ အာလူးထောင်းတို့၊ ကိုကာကိုလာတို့နဲ့ တွဲဖက်ပြီး တကယ့်ကြက်ကြော်ဆိုင်မှာ ထိုင်စားနေရသလို အိမ်မှာပဲ မိသားစုလိုက် ပျော်ပျော်ရွှင်ရွှင် စားသုံးနိုင်ပါပြီနော်။

ှSource: wikihow

 

Share

Loading Next Article...
က္က