Food & Recipe: မလေးရှားရောက်တိုင်း မဖြစ်မနေ မြည်းစမ်းကြည့်သင့်တဲ့ Laksa ခေါက်ဆွဲများ

မလေးရှားနိုင်ငံတဝှမ်းမှာ Laksa ခေါက်ဆွဲ ချက်ပြုတ်ပုံ နည်းလမ်းများစွာရှိပြီး ချက်ပြုတ်နည်းအလိုက် အရသာနဲ့ ပါဝင်ပစ္စည်း ကွဲပြားကြပါတယ်။

Laksa ဆိုတာ မလေးရှားခေါက်ဆွဲတစ်မျိုးဖြစ်ပြီး မလေးရှားနိုင်ငံရောက်ရင် မဖြစ်မနေ မြည်းစမ်းကြည့်ဖို့ ညွှန်းဆိုခံရတဲ့ အစားအသောက်တစ်မျိုး ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် ဆန်ခေါက်ဆွဲကို ချဉ်ချဉ်စပ်စပ်အရသာရှိတဲ့ ဟင်းရည်ထဲမှာ ထည့်သွင်းစားသုံးရပြီး လတ်ဆတ်တဲ့ သား၊ ငါး၊ ပုစွန် topping တွေလည်း အုပ်ထားပါတယ်။

play

 

ဒါပေမယ့် မလေးရှားနိုင်ငံတဝှမ်းမှာ Laksa ခေါက်ဆွဲ ချက်ပြုတ်ပုံ နည်းလမ်းများစွာရှိပြီး ချက်ပြုတ်နည်းအလိုက် အရသာနဲ့ ပါဝင်ပစ္စည်း ကွဲပြားကြပါတယ်။ လူသိအများဆုံး Laksa ခေါက်ဆွဲလေးတွေကတော့...

၁။ Penang Asam Laksa

play
 

Penang Asam Laksa ဟာ ချဉ်ချဉ်စပ်စပ် အရသာရှိတဲ့ မလေးရှားခေါက်ဆွဲတစ်မျိုးဖြစ်ပါတယ်။ မက်ကရယ်ငါးကို ခေါက်ဆွဲဟင်းရည် ချက်ပြုတ်ရာမှာ အသုံးပြုကြပါတယ်။ ကြက်သွန်မြိတ်၊ ဂျင်းတက်နဲ့ ငရုပ်သီးတို့ကိုလည်း ဟင်းရည်ထဲမှာထည့်သွင်းပြီး ထူးခြားတဲ့ အရသာကို ဖန်တီးကြပါတယ်။ ဆန်ခေါက်ဆွဲနဲ့ ဟင်းရည်ကို ရောစပ်ပြုလုပ်ထားပြီး အပေါ်ကနေ သခွားသီး၊ ကြက်သွန်နီ၊ ပူစီနံရွက်၊ နာနတ်သီး၊ ပုဇွန်ငါးပိတို့ကိုပါ ထည့်သွင်းပြုလုပ်ထားပါတယ်။ မလေးရှားနိုင်ငံ၊ ပီနန်ကျွန်းဆွယ်မှာတော့ ဒီခေါက်ဆွဲလေးဟာ လူကြိုက်အများဆုံးပါပဲ။

၂။ Johor Laksa

play
 

Johor Laksa ကတော့ မလေးရှားခေါက်ဆွဲအမျိုးအစားထဲမှာ ပါဝင်တယ်ဆိုပေမယ့် ဆန်ခေါက်ဆွဲနဲ့ ကြက်ဥခေါက်ဆွဲနေရာမှာ အီတလီခေါက်ဆွဲ (စပါဂတ်တီ) ကို အစားထိုးအသုံးချထားပါတယ်။ ကျန်တဲ့ပါဝင်ပစ္စည်းတွေကတော့ Penang asam laksa နဲ့ အတူတူပါပဲ။ Johor Laksa ရဲ့ဟင်းရည်ကိုတော့ အုန်းနို့၊ ငါး၊ ပုစွန်ခြောက်နဲ့ တခြားဟင်းခပ် အမွှေးအကြိုင်တွေနဲ့ ပြုလုပ်ထားပါတယ်။

သံပုရာသီးလေးတစ်စိတ်လောက် ညှစ်ထည့်လိုက်ရင်တော့ စားသုံးရန်အသင့် ဖြစ်သွားပါပြီ။ အီတလီခေါက်ဆွဲအရသာကို မလေးရှားဟင်းရည် ချက်ပြုတ်နည်းနဲ့ ပေါင်းစပ်ထားတော့ ထူးခြားတဲ့ အရသာသစ်တစ်ခုကို ပေးစွမ်းနိုင်ပါတယ်။

၃။ Curry Laksa

play
 

Curry mee လို့လည်း လူသိများတဲ့ curry laksa ကိုတော့ အုန်းနို့ကို အခြေခံပြုလုပ်ထားတဲ့ ဟင်းရည်ထဲမှာ ဆန်ခေါက်ဆွဲ ဒါမှမဟုတ် ကြက်ဥခေါက်ဆွဲ ဒါမှမဟုတ် နှစ်မျိုးရောထည့်ပြီး စားသုံးလေ့ရှိကြပါတယ်။ ခေါက်ဆွဲအပေါ်မှာတော့ တို့ဟူးရယ်၊ ကြက်သားရယ်၊ ပုစွန်ရယ်၊ ပဲပင်ပေါက်ရယ်နဲ့ အုပ်ထားပါတယ်။ ဒီခေါက်ဆွဲလေးကိုတော့ မလေးရှားနိုင်ငံ နေရာအနှံ့အပြားမှာ ရရှိနိုင်ပြီး ကွာလမ်လန်ပူမြို့မှာတော့ ဆိုင်တိုင်းလိုလိုမှာ ရရှိနိုင်ပါတယ်။

၎။ Sarawak Laksa

play
 

နာမည်ကျော်စားဖိုမှူးတစ်ဦးဖြစ်တဲ့ Anthony Bourdain ကတော့ Sarawak Laksa ကို "နတ်ဘုရားတွေပေးသနားတဲ့ မနက်စာ" လို့ တင်စားခေါ်ဝေါ်ထားပါတယ်။ Sarawak Laksa ခေါက်ဆွဲထဲမှာထည့်တဲ့ ဟင်းရည်ကို ငရုပ်သီး၊ အုန်းနို့၊ မန်ကျည်းသီးအချဉ်၊ ကြက်သွန်ဖြူ၊ ဂျင်းတက်၊ ကြက်သွန်မြိတ်တို့နဲ့ ရောစပ်ပြုလုပ်ထားပါတယ်။

ဆန်ကြာဇံနဲ့အတူ တွဲဖက်စားသုံးရပြီး အပေါ်က ကြက်ဥကြော်၊ ကြက်ကင်၊ ပုစွန်တုပ်၊ နံနံပင်တို့နဲ့ အုပ်ထားပါတယ်။ တချို့စားသောက် ဆိုင်တွေမှာတော့ တို့ဟူးနဲ့ ပဲပင်ပေါက်ကိုပါ ထည့်သွင်းကြပါတယ်။

Source: Theculturetrip

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ