အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့က ဘီယာချက်စက်ရုံတစ်ရုံဟာ အစားအစာမှထွက်တဲ့ စွန့်ပစ်ပစ္စည်းတွေကို လျှော့ချပစ်ချင်တဲ့ရည်ရွယ်ချက်နဲ့ ပေါင်မုန့်အကြွင်းအကျန်တွေကို ဘီယာအဖြစ် ပြောင်းလဲချက်လုပ် လိုက်ပါတယ်။

အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့က ဘီယာချက်စက်ရုံတစ်ရုံဟာ အစားအစာမှထွက်တဲ့ စွန့်ပစ်ပစ္စည်းတွေကို လျှော့ချပစ်ချင်တဲ့ရည်ရွယ်ချက်နဲ့  ပေါင်မုန့်အကြွင်းအကျန်တွေကို ဘီယာအဖြစ် ပြောင်းလဲချက်လုပ် လိုက်ပါတယ်။ Toast Ale လို့ခေါ်တဲ့ ပေါင်မုန့်ဘီယာ တစ်ပုလင်းစီမှာ ပေါင်မုန့်တစ်ချပ်စီ ပါဝင်တယ်လို့ ဆိုပါတယ်။ ဂျုံအရသာနဲ့ သကာအရသာလေး စွက်နေနိုင်ပေမဲ့ ပေါင်မုန့်ဖတ်တွေ ဘီယာထဲမှာ ပေါလောပေါ်နေတာကိုတော့ တွေ့ရှိရမှာ မဟုတ်ပါဘူး။

 

ဘီယာချက်လုပ်ရာမှာ အခြောက်ခံထားတဲ့ မုယောစပါးကို အသုံးပြုရတဲ့အတွက် အဲဒီမုယောစပါးနေရာမှာ မဟုတ်ရင်လည်း စွန့်ပစ်ပစ္စည်းဖြစ်ရမယ့် ပေါင်မုန့်အကျန်တွေကို အစားထိုးအသုံးပြုဖို့ကို ဘီယာထုတ်လုပ်သူတွေက အကြံရခဲ့ပါတယ်။ Toast Ale ဘီယာထုတ်လုပ်သူတွေဟာ သူတို့အတွက် လိုအပ်တဲ့ပေါင်မုန့်တွေကို ဆင်းဒဝစ်ချ်စက်ရုံတွေက ရရှိပါတယ်။ အဲဒီစက်ရုံတွေမှာ ပေါင်မုန့်တစ်လုံးရဲ့ နောက်ဆုံးပိုင်းကို အသုံးမပြုဘဲ စွန့်ပစ်တတ်ကြပါတယ်။

 

"တကယ်တမ်းကျတော့ ဆင်းဒဝစ်ချ် (အသားညှပ်ပေါင်မုန့်) တစ်လုံးမှာ ပေါင်မုန့်ရဲ့အဆုံးပိုင်းတွေကို ထည့်သွင်းအသုံးပြုမှာ မဟုတ်ပါဘူး။ ထုတ်လုပ်ရေးပိုင်းမှာဆိုရင် အဲဒီလိုု ပေါင်မုန့်ကထွက်တဲ့ အဆုံးသတ်ပိုင်းတွေကိုသိမ်းပြီး အမှိုက်ပုံးထဲ စွန့်ပစ်ဖို့တာဝန်ယူရတဲ့ လူတစ်ယောက်လည်းရှိပါတယ်" လို့ Toast Ale ဘီယာရဲ့ ခေါင်းဆောင်ဖြစ်တဲ့ Rob Wilson က ပြောကြားပါတယ်။ Toast Ale ရဲ့ အဆိုအရဆိုရင် ဗြိတိန်မှာ ပြုလုပ်တဲ့ ပေါင်မုန့် (၄၄) ရာခိုင်နှုန်းဟာ အလဟဿဖြစ်နေရပြီး ဗြိတိန်နိုင်ငံက အိမ်တိုင်းရဲ့ တစ်နေ့ ပေါင်မုန့် စွန့်ပစ်မှုနှုန်းကလည်း တစ်နေ့ကို (၂၄) သန်းခန့် ရှိပါတယ်။

 

တကယ်တော့ ပေါင်မုန့်အကျန်တွေကနေ ဘီယာပြန်ချက်တဲ့ အိုင်ဒီယာက အိုင်ဒီယာအသစ်တော့ မဟုတ်ပါဘူး။ Toast Ale ရဲ့ဘီယာချက်နည်းဟာ မက်ဆိုပိုတေးမီးယားက ဘေဘီလုံမြို့မှာ လွန်ခဲ့တဲ့ နှစ်ပေါင်း (၄၀၀၀) လောက်တည်းက ပေါ်ထွန်းခဲ့ပြီးသားပါ။ အစားအစာစွန့်ပစ်ခြင်းနဲ့ ပတ်သက်ပြီး တက်ကြွလှုပ်ရှားသူ Tristram Stuart ဟာ ဘေဘီလုံးဘီယာဆိုတဲ့ ပေါင်မုန့်ကလုပ်တဲ့ ဘီယာတစ်မျိုးကို မြည်းစမ်းကြည့်ပြီးနောက် ဒီ campaign လေးကို လုပ်ဆောင်ဖို့ စိတ်ကူးရခဲ့ပါတယ်။

 

နှစ်နှစ်ကြာတော့ Toast Ale ဘီယာဟာ လန်ဒန်မြို့က Hackney ဘီယာချက်စက်ရုံကနေ Yorkshire ပြည်နယ်၊ နယူးယောက်မြို့၊ Rio de Janeiro မြို့၊ Cape Town မြို့တို့ထိအောင် ပျံ့နှံ့သွားခဲ့ပါတယ်။ သူတို့ဟာ ပေါင်မုန့်ကနေ ဘီယာချက်နည်းကိုလည်း အများပြည်သူသိအောင် ဖြန့်ဝေပေးခဲ့ပြီး ရလာသမျှ အကျိုးအမြတ်တိုင်းကိုလည်း Stuart တည်ထောင်ခဲ့တဲ့ Feedback ဆိုတဲ့ အစားအစာစွန့်ပစ်ခြင်းနဲ့ဆိုင်တဲ့ ပရဟိတအဖွဲ့ကို လှူဒါန်းဖို့ တိုက်တွန်းခဲ့ပါတယ်။ Campaign ရဲ့ ရည်ရွယ်ချက်ကတော့ စက်မှုလက်မှုလုပ်ငန်းထဲက အစားအစာစွန့်ပစ်ပစ္စည်းတွေ အလဟဿဖြစ်နေတာကို ရပ်တန့်ဖို့ပါပဲတဲ့။

Source: CNN.Food


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က