ကမ္ဘာပေါ်မှာ သွားချင်စရာကောင်းတဲ့ ထူးထူးဆန်းဆန်းနေရာလေးတွေရှိပါတယ်။


ကမ္ဘာပေါ်မှာ ထူးထူးခြားခြားနေရာတွေအများကြီးရှိပါတယ်။ ထူးထူးခြားခြားပုံဖော်ထားတဲ့ ပြတိုက်တွေ၊ လည်စရာပတ်စရာ နေရာတွေလည်း တပုံကြီးပါပဲ။ ဒီတစ်ခါမှာတော့ ခရီးသွားရတာဝါသနာထုံသူတွေအတွက် ခရီးသွားရင်းလာရင်း စားချင်သောက်ချင်လာတဲ့အခါ သွားလို့ရတဲ့ ထူးထူးခြားခြား ဘားလေးတွေ (ကော်ဖီဘားပါ အပါအဝင်) ကို ဖော်ပြပေးလိုက်ပါတယ်နော်။
၁။ Mermaid Island Cafe (ထိုင်း)

 

Pirates of the Caribbean ထဲက mermaid လေးတွေကိုချစ်မြတ်နိုးပါသလား။ ဒါမှမဟုတ် ၁၉၈၉ ခုနှစ်တုံးက Disney ကာတွန်း The Little Mermaid ရဲ့ပရိသတ်ဖြစ်ခဲ့ဖူးပါသလား။ ဒါဆိုရင်တော့ ခင်ဗျားအတွက် နေရာတစ်ခုကအသင့်စောင့်ကြိုနေပါတယ်။ အဲဒါကတော့ ထိုင်းနိုင်ငံ၊ Pathum Thani စီရင်စုက Mermaid Island Cafe ပါပဲ။ ရေအောက်ကမ္ဘာမှာနေထိုင်ဖိုု့ အိမ်မက် မက်နေတဲ့သူတွေအတွက်တော့ ထီပေါက်သလိုပါပဲ။ အဲဒီလိုရေအောက်ကမ္ဘာကိုသွားဖို့အတွက် ခင်ဗျားအနေနဲ့ ပင်လယ်ရေအောက်က စုန်းမကြီးနဲ့လည်းအပေးအယူလုပ်ဖို့မလိုပါဘူး။

Mermaid Island Cafe ကို ပြီးခဲ့တဲ့နှစ်ကမှ ဖွင့်လှစ်ခဲ့တာပါ။ ဒါပေမယ့်တော်တော်လေးနာမည်ကြီးနေပါပြီ။ ပင်လယ်ရေအောက်ပုံစံအတိုင်းဖြစ်အောင် ပန်းရောင်နဲ့အပြာရောင်များတဲ့ အရောင်တွေနဲ့ အလှဆင်ထားပြီး ဧည့်သည်တွေကို ရေသူမအမြီးတွေကိုဝတ်ဆင်ခွင့်ပေးထားပါတယ်။ သက်တံပုံစံဝေဖာတွေ၊ ပန်းရောင်နဲ့စိမ်းပြာရောင် ရေခဲမှုန်အအေးတွေ၊ ရေသူမအမြီးလေးတွေပါတဲ့ ကိတ်မုန့်တွေကတော့ ဆိုင်ရဲ့အထူး menu တွေဖြစ်ပြီး မဖြစ်မနေမြည်းစမ်းကြည့်သင့်ပါတယ်။

၂။ Madame Claude (ဘာလင်)

Madame Claude မှာတော့ အရာရာတိုင်းက ထက်အောက်ပြောင်းပြန်ဖြစ်နေပါတယ်။ ဒီဘားမှာရှိတဲ့ ထိုုင်ခုံတွေ၊ စားပွဲတွေဟာ ကြမ်းပြင်ပေါ်မှာချမထားဘဲ မျက်နှာကျက်ပေါ်မှာ တွဲလောင်းဆွဲထားပါတယ်။ (စတာပါ... ကြမ်းပြင်ပေါ်မှာလည်း ထိုင်လို့ရတဲ့ ကုလားထိုင်တွေ၊ စားပွဲတွေချထားပေးပါသေးတယ်။) ဘားကိုအဆောက်အဦးရဲ့ မြေအောက်ခန်းထဲမှာဖွင့်လှစ်ထားပြီး ညဘက်ဆိုရင် လူစည်ပါသတဲ့။ သောက်စရာဈေးနှုန်းတွေကလည်း ဈေးအသင့်အတင့်ပဲရှိပြီး Bar ရဲ့အထူး menu ဖြစ်တဲ့ "Mme. Claude" ကော့တေးလ်ကိုတော့ မဖြစ်မနေမြည်းစမ်းကြည့်သင့်ပါတယ်။ ဆေးလိပ်သောက်ခြင်းကိုတော့ ဘားမှာ တားမြစ်ထားပါတယ်တဲ့။

၃။ H.R.Giger Bar (ဆွစ်ဇာလန်)

 

ကျွန်တော်တို့ကမ္ဘာကြီးကို စကြဝဠာထဲမှာ သက်ရှိ ရှိနေနိုင်တဲ့တစ်ခုတည်းသော ဂြိုဟ်လို့ထင်ပါသလား။ အာကာသထဲမှာ ကျွန်တော်တို့ထက် ဉာဏ်ပညာမြင့်မားတဲ့ သက်ရှိဂြိုဟ်သားတွေ ရှိနေနိုင်ပါသေးတယ်။ Alien လို့ခေါ်တဲ့ ဂြိုဟ်သားပုံပြင်တွေ၊ ဂြိုဟ်သားဇာတ်လမ်းတွေကိုလည်း ကျွန်တော်တို့တွေ မြင်ခဲ့တွေ့ခဲ့ရပြီးပါပြီ။ အဲဒီလို ဂြိုဟ်သားကားတွေထဲက အာကာသယာဉ်ပေါ်မှာ တစ်ခွက်တစ်လေလောက် မမော့ချင်ဘူးလား။ ဒါဆိုတော့ H.R.Giger Museum ဘားက ခင်ဗျားကိုစောင့်ကြိုနေပါတယ်။



ဘားတစ်ခုလုံးကို ဂြိုဟ်သားတွေနေထိုင်တဲ့ အာကာသယာဉ်ပုံစံဖော်ထားပြီး ထိုင်ခုံတွေကအစ ကမ္ဘာမြေပေါ်က ဒီဇိုင်းတွေနဲ့ ကွဲပြားနေအောင်ပြုလုပ်ထားပါတယ်။ အထူးခြားဆုံးကတော့ ဘားကောင်တာအောက်မှာ မြှုပ်နှံထားတဲ့ ပလတ်စတာကိုင်ထားတဲ့ မျက်နှာတွေပါပဲတဲ့။ ၁၉၉၂ ခုနှစ်ကတည်းက စတင်ဖွင့်လှစ်ခဲ့ပြီး ဂြိုဟ်သားချစ်သူတွေနဲ့ ထူးဆန်းတဲ့အနုသုခုမလက်ရာတွေကို မြတ်နိုးသူတွေ သွားရောက်လေ့လာသင့်တဲ့နေရာတစ်နေရာပဲ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က