Food & Travel: သရဲခြောက်တဲ့ အရုပ်ကျွန်း

မက္ကဆီကိုမြို့ တောင်ပိုင်းရှိ ဇိုချင်မယ်လ်ကိုရေကန်ထဲက ကျွန်းလေး တစ်ကျွန်းဖြစ်ပါတယ်။

 

အဲဒီကျွန်းလေး ရေကန်ရဲ့အလယ်မှာရှိနေတာ ဟိုးလွန်ခဲ့တဲ့ နှစ်တစ်ထောင်ကျောက်တည်းကပါ။  ရှေးခေတ် အမေရိကန်အင်ဒီးယန်းတစ်ဦးက အဲဒီကျွန်းလေးကို ရေပေါ်ဥယျာဉ်လေးအဖြစ် စတင်ဖန်တီးခဲ့တာ ဖြစ်ပါတယ်။

နှစ်ပေါင်းများစွာကြာလာတဲ့အခါမှာတော့ ဖောင်တွေ စုပြုံလာပြီး ကျွန်းလေးတစ်ကျွန်းဖြစ်ပေါ်လာခဲ့ပါတယ်။

ဂျူလီယန်ဆိုတဲ့ အမျိုးသားက အဲဒီကျွန်းလေးကို စောင့်ရှောက်သူအဖြစ် အလုပ်လုပ်ကိုင်သူဖြစ်ပြီး ရေကန်ထဲမှာ မိန်းကလေးတစ်ယောက်နဲ့ ဆုံတွေ့မိတယ်။ အဲဒီမိန်းကလေးဟာ ကမ်းကို ရောက်အောင်သွားနိုင်ခဲ့ပေမဲ့ ရေထဲကို ပြုတ်ကျသွားခဲ့ပါတယ်။

ဂျူလီယန်ဟာ ရေနစ်သွားတဲ့ ကလေးမလေးကို ကယ်တင်ဖို့ ကြိုးစားခဲ့ပေမဲ့ ကောင်မလေးက သူ့လက်ထဲက ချော်ထွက်သွားပြီး သူမရဲ့ အသက်မဲ့ခန္ဓာကိုယ်က တည်ငြိမ်တဲ့ရေပြင်အောက်ထဲကို နစ်မြုပ်သွားခဲ့တယ်။ မိန်းမငယ်လေးကို မကယ်တင်နိုင်လိုက်တဲ့အတွက် ဂျူလီယန်ဟာ ယူကြုံးမရဖြစ်ခဲ့ရတယ်။

မကြာခင်မှာပဲ ရေထဲမှာ အရုပ်လေးတစ်ရုပ်ကို သူတွေ့တယ်။ ကောင်မလေးရဲ့အရုပ်ပါ။ သူဟာ အရုပ်ကို သေချာတယုတယဆယ်ပြီး အနီးအနားက သစ်ပင်မှာ ချိတ်ဆွဲထားလိုက်တယ်။

နှစ်ပေါင်းများစွာအတွင်း ဂျူလီယန်ဟာ ရေကန်ထဲမှာ အရုပ်လေးတွေကို ရှာဖွေတိုင်း ကျွန်းရဲ့ တစ်နေရာရာမှာ ချိတ်ဆွဲထားခဲ့တယ်။ အရုပ်လေးတွေက တစ်ရုပ်နဲ့ တစ်ရုပ် တီးတိုးစကားတွေ ပြောနေပြီး သူ့ကိုလည်း စကားတွေပြောတယ်လို့ ဂျူလီယန်က ယုံကြည်လာခဲ့တယ်။

 

နောက်ထပ်အရုပ်တွေရှာပြီး ကျွန်းက သစ်ပင်တိုင်း၊ ချုံပုတ်တိုင်းမှာ ချိတ်ဆွဲဖို့ သူ့ကို အဲဒီအရုပ်လေးတွေက တိုက်တွန်းနေတယ်လို့ ထင်မိတယ်။ ဂျူလီယန်ဟာာ အဲဒီကျွန်းလေးမှာပဲ တဲလေးတစ်လုံးဆောက်ပြီး နေထိုင်လိုက်တယ်။

မကြာခင်မှာပဲ ကျွန်းလေးတစ်ကျွန်းလုံး အရုပ်တွေနဲ့ ပြည့်သွားခဲ့တယ်။ နှစ်ပေါင်းများစွာကြာတော့ အရုပ်လေးတွရဲ့ ပန်းရောင် ပလတ်စတစ်အသားတွေက နေရောင်ကြောင့် အရောင်လွင့်သွားတယ်။ မိုးတွေကြောင့် ဆံပင်တွေလည်း ထွေးကုန်တယ်။ လေတိုက်စားလို့ မျက်လုံးတွေလည်း မရှိတော့ဘူး။ ဒါပေမဲ့ ဂျူလီယန်ကတော့ နှစ်ပေါင်း ၅၀ တိုင်တိုင် အရုပ်လေးတွေကို လိုက်စုပြီး ကျွန်းပေါ်မှာ ချိတ်ဆွဲနေတုန်းပါပဲ။

၂၀၀၁ ခုနှစ် အစောပိုင်းမှာ ဂျူလီယန်ရဲ့တူက သွားလည်တော့ ရေအောက်က မိန်းကလေးက သူ့ကို ခေါ်နေတယ်လို့ ပြောတယ်။ သူ့တူက အဲဒီအသံတွေကို လျစ်လျူရှုဖို့ ဖြောင့်ဖြခဲ့တယ်။ ဒါပေမဲ့ ဂျူလီယန်ဟာ အဲဒီအသံတွေကို လျစ်လျူရှုနိုင်ပုံမရပါဘူး။ အဲဒီနှစ် ဧပြီလ ၂၁ ရက်မှာပဲ ကောင်မလေး ရေနစ်သွားတဲ့ နေရာက ရေတိမ်ထဲမှာ မျက်နှာအောက်စိုက်လျက်နဲ့ သေဆုံးနေတာကို မြင်တွေ့ရပါတယ်။

 

အဲဒီကတည်းက အရုပ်ကျွန်းလေးဟာ ကမ္ဘာလှည့်ခရီးသည်တွေ စိတ်ဝင်စားရာနေရာဖြစ်လာပြီး သစ်ပင်မှာ ချိတ်ဆွဲထားတဲ့ အရုပ်တွေနဲ့ ဓာတ်ပုံလာရိုက်ကြပါတယ်။

ခုတော့ အရုပ်တွေက ငြိမ်သက်နေပေမဲ့လို့ တချို့ကမ္ဘာလှည့်ခရီးသညတွေကတော့ အရုပ်တွေစကားပြောတာကို ကြားရပြီး ခေါင်းလှည့်သွားတာ၊ လက်တွေ ခြေထောက်တွေ လှုပ်သွားတာ မြင်တယ်လို့ ဆိုကြပါတယ်။

Source & Photos : Life

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ