အရသာလည်းရှိ အားလည်းရှိမယ့် အစားစာပါ။ လုပ်ရတာလည်း လွယ်လွယ်လေးရယ်....
 

ကန်စွန်းဥမှာ ခန္ဓာကိုယ်အတွက် အားဖြစ်စေတဲ့ ကစီဓာတ်တွေ ပါဝင်ပါတယ်။ အခြားသော ဗီတာမင် A များစွာပါဝင်လို့ မျက်စိနဲ့ အမြင်အာရုံကို အားကောင်းစေပါတယ်။ ဒါတင်မက ဗီတာမင် B6, B12, D, C စတာတွေအပြင် ဆိုဒီယမ် (sodium) ၊ ပိုတက်ဆီယမ် (potassium) နဲ့ မဂ္ဂစီယမ် (maganesium) တို့လည်း ပါဝင်သေးတာမို့ ခန္ဓာကိုယ်အတွက် ကောင်းကျိုးများစွာ ဖြစ်စေတဲ့အရာပါ။

ကြက်ဥကတော့ အဓိကအားဖြင့် အသားဓာတ်များများ ပါဝင်တယ်လေ။ လူကို အားရှိစေတာပေါ့။ ဆံပင်တွေကိုလည်း အားကောင်းစေပြီး အာရုံစူးစိုက်မှုကို အထောက်အကူဖြစ်စေပါသေးတယ်။ ဒီလိုကောင်းကျိုးပေးတဲ့ အရာနှစ်မျိုးကို ပေါင်းစပ်ပြီး အဆာပြေမုန့်လေး လုပ်စားကြည့်မလား။

လိုအပ်တာကတော့ ကန်စွန်းဥဝါ၊ ကြက်ဥနဲ့ ငြုပ်ကောင်း၊ ငြုပ်သီးမှုန့်၊ ဆား၊ နံနံပင်အနည်းငယ်တို့ပဲ ဖြစ်ပါတယ်။ ကန်စွန်းဥကို သစ်သီးခြစ်တဲ့ ခြစ်လေးနဲ့ မွမွလေးတွေဖြစ်အောင်  ခြစ်ထားလိုက်ပါ။ ဒယ်အိုးထဲကို ဆီထည့်ပြီး ဆီပူလာရင် ခြစ်ထားတဲ့ကန်စွန်းဥတွေကို ထည့်၊ ငြုပ်ကောင်းမှုန့်၊ ငြုပ်သီးမှုန့်နဲ့ ဆားတို့ကိုထည့်ပြီး အချိုအရသာလေးထွက်လာရင် မီးပေါ်က ချထားလိုက်ပါ။ ဒါကို ပုံစံခွက်လေးတွေထဲထည့်ပြီး ဖုတ်မှာဖြစ်ပါတယ်။ ပုံစံခွက်တွေထဲကို စောနက မီးပေါ်ကချထားတဲ့ ကန်စွန်းဥကြော်လေးတွေ ထည့်လိုက်ပါ။ အလယ်ကို လက်လေးနဲ့ ဖိပြီး ကြက်ဥထည့်ဖို့ ပြင်ဆင်လိုက်တာ ပိုကောင်းပါတယ်။ ခွက်တစ်ခွက်ကို ကြက်ဥတစ်လုံးစီဖောက်ထည့်လိုက်ပါဦး။ မီးဖို / မိုက်ခရိုဝေ့ဗ်ထဲမှာ ၅ မိနစ်လောက် ဖုတ်လိုက်ရင် ရပါပြီ။ အနှစ်ကျက်ချင်ရင် အချိန်ပိုကြာကြာဖုတ်ပေါ့။

ပုံစံခွက်ထဲကထုတ်ပြီး အပေါ်ကနေ နံနံပင်လေးတွေဖြူး ၊ ဆားနဲ့ ငြုပ်ကောင်းမှုန့် နည်းနည်းစီဖြူးပေးလိုက်။ wow! ........ တကယ့်ကို စားချင်စဖွယ် ပုံစံလေးနဲ့ ချစ်စရာကောင်းတဲ့ မုန့်လေးက အနံ့နဲ့တင် သွားရည်ယိုစေပါတယ်။ စားကြည့်ပါဦး အရမ်းကြိုက်လွန်းလို့ တစ်ခုပြီးတစ်ခု ဆက်စားမိသွားလောက်ပါတယ်။

Source : Health

Share

Loading Next Article...
က္က