ကောင်းလွန်းလို့ လျှာလည်သွားမယ်။ တကယ်တမ်းချက်ကြည့်ရင် ဘာမှမခက်ဘူး....

ချိုချိုချဉ်ချဉ်အရသာနဲ့ အနံ့ကလည်းမွှေး အသီးတွေကလည်းစုံတဲ့ ကြက်ချိုချဉ်ကြော်ကို မကြိုက်ဖို့ဆိုတာ တော်တော်ခက်ပါတယ်။ ထမင်းပူပူလေးနဲ့တွဲပြီးစားလိုက်ရရင် ရှယ်ပဲလေ။ အသီးလည်းပါ၊ အသားလည်းပါတော့ အာဟာရလည်းရှိတာပေါ့။ ကြက်ချိုချဉ်ကြော် ပြုလုပ်ရတာ ထင်သလောက်လည်း မခက်လှပါဘူး။

 

ဘာတွေလိုမလဲဆိုရင် - ကြက်ရင်အုံသား၊ ကြက်သွန်နီ၊ နာနတ်သီး၊ လိမ္မော်သီး၊ ပန်းငရုတ်ပွ၊ မုန်လာဥနီတို့ လိုအပ်ပါတယ်။ အရသာအတွက်တော့ ဂျင်း၊ ကြက်သွန်ဖြူ၊ ငြုပ်ကောင်း၊ ဆား၊ ပဲငံပြာရည်၊ ဆီ၊ အရသာမှုန့်၊ ပဲငံပြာရည်နဲ့ ခရမ်းချဉ်သီးနှစ် (ketchup) တို့ လိုအပ်ပါတယ်။

 

ပြုလုပ်ပုံတွေကိုတော့ အဆင့်ဆင့်ပြောပြပါ့မယ်။ ကြက်သားကို အရွယ်တော် အတုံးလေးတွေတုံးထားပါ။ လိမ္မော်သီးကို အခွံမခွာဘဲ ထက်ခြမ်းခြမ်းထားရပါမယ်။ ပန်းငရုတ်ပွ၊ မုန်လာဥနီ၊ နာနတ်သီးတို့ကိုတော့ အတုံးလေးတွေပဲ တုံးထားလိုက်ပါ။

ကြက်သားကို အရင်ဆုံးကြော်ဖို့အတွက် ဂျုံမှုန့်၊ ပြောင်းကော်၊ ပဲငံပြာရည်နဲ့ ငြုပ်ကောင်းမှုန့်၊ ဆားတို့ကို ရေထည့်ပြီးဖျော်ပါ။ ရလာတဲ့အနှစ်ကို ကြက်သားတွေနဲ့ရောပြီးနယ်ပါ။ အရသာဝင်အောင် သေသေချာချာ နယ်ပေးဖို့လိုပါတယ်။ ကြက်သားတွေ အရသာဝင်ပြီဆိုရင် ဒယ်အိုးထဲမှာကြော်လိုက်ပါ။ အညိုရောင်သမ်းလာရင် ဆယ်ပြီး အိုးထဲက ဖယ်ထားလိုက်ပါ။

 

ထောင်းထားတဲ့ ကြက်သွန်ဖြူနဲ့ဂျင်းကို အိုးထဲထည့်ပြီးဆီသတ်ပါ။ အစပ်ကြိုက်ရင်တော့ ငရုပ်သီးစိမ်းနည်းနည်းကို ထက်ခြမ်းခြမ်းထည့်လို့ရပါတယ်။ ကြက်သွန်နီ၊ မုန်လာဥနီ၊ ပန်းငရုတ်ပွတို့ကို ထပ်ထည့်ပါ။ လိမ္မော်သီးနှစ်ခြမ်းလောက်ကို အိုးမျက်နှာပြင်နဲ့ကပ်ပြီးထည့်ထားလိုက်ပါ။ နာနတ်သီးကိုထည့်မွှေပြီး အနံ့မွှေးလာရင် ခရမ်းချဉ်သီးအနှစ်ကိုလောင်းထည့်ပေးရပါမယ်။ အိုးထဲမှာ စေးကပ်လာပြီဆိုရင် ရေနည်းနည်းဖြည့်လိုက်ပါ။ အရသာမှုန့်တွေကိုလည်း တစ်ခါတည်းထည့်မွှေပေးရပါမယ်။ နောက်ဆုံးအဆင့်အနေနဲ့ ကြော်ထားတဲ့ကြက်သားတွေကို ထည့်လိုက်မယ်ဆိုရင် မွှေးပျံ့နေတဲ့အနံ့နဲ့ စားလိုက်ရင် အရသာရှိမယ့် ကြက်ချိုချဉ်ကြော် ရပါပြီ။

Source : Chef Faiz Khan

Share

Loading Next Article...
က္က