Himalayan ဆားရဲ့ ပုံစံလေးက ချစ်စရာပါ။

အိမ်တိုင်းမှာ မရှိမဖြစ် ဆောင်ထားရတဲ့ ဟင်းခတ်ပစ္စည်းကို ပြပါဆိုရင်တော့ ဆားပဲမဟုတ်လား။ ဆားမပါတဲ့ဟင်းက ဘယ်လိုမှကို စားမကောင်းဘူး။ ဆားအမျိုးအစားက ၆ မျိုးတောင် ရှိပါတယ်။ ဒါတွေကို ဘယ်လိုသုံးသလဲဆိုတာ ဖော်ပြလိုက်ပါတယ်။

 

၁။ စားပွဲတင်ဆား (table salt)

ချက်ပြုတ်ပြီးသား အစားစာတွေပေါ်မှာ အဆင်သင့် ဖြူးပြီးစားလိုက်လို့ရအောင် ပြုလုပ်ထားတာဖြစ်ပါတယ်။ ပုံစံကတော့ မှုန့်ညက်နေတဲ့ ပေါင်ဒါအတိုင်းပါပဲ။ စားသောက်ဆိုင်တွေက စားပွဲပေါ်မှာ ဘူးလေးတွေနဲ့ထည့်ပြီး တင်ထားကြတာကို တွေ့ရမှာပါ။

 

၂။ ရိုးရိုးဆား (ground salt)

သူ့ကိုတော့ ချက်ပြုတ်နေရင်းနဲ့ အသုံးပြုကြပါတယ်။ ဥပမာပြောရရင် အသားစိမ်းကို နယ်တာမျိုးပေါ့။

 

၃။ ဆားပွင့် (salt flake)

သူ့ရဲ့ပုံစံလေးတွေက ကြည့်လို့အတော်ကောင်းပါတယ်။ နှင်းပွင့်ဖတ်လေးတွေလိုပါပဲ။ ပင်လယ်ရေကို စစ်ထုတ်ကျိုချက်ကာ ပုံဆောင်ခဲအသွင်ဖြစ်အောင် ဖန်တီးထားတဲ့ ဆားပွင့်လေးတွေ ဖြစ်ပါတယ်။ စားဖိုမှူးတွေကတော့ ဆားပွင့်လေးတွေကို ချက်ပြုတ်ပြီးသား ပါစတာ၊ အရွက်သုတ် စတာတွေမှာ ဖြူးဖို့ သုံးကြပါတယ်။

 

၄။ ဆားခဲ (rock salt)

ဆားခဲလေးတွေက ပုံမှန်ဆား၊ ဆားပွင့်တို့ထက် ကြီးပါတယ်။ အစားအသောက်ကို အလှဆင်တဲ့အခါ သုံးကြပါတယ်။ စားသောက်ဆိုင်တွေမှာဆို ပုစွန် သို့မဟုတ် အခွံချွတ်ထားတဲ့ ခရုကမာကောင်တွေပေါ်မှာ ဖြူးပါတယ်။ သူ့ကို ပြန်ထောင်းပြီးတော့လည်း သုံးလို့ရပါသေးတယ်။ ပင်လယ်စာတွေကို ပြင်ဆင်ရာမှာ အသုံးများပါတယ်။

 

၅။ ဟိမဝန္တာဆား (pink himalayan salt)

အရောင်လေးက အရမ်းကို ချစ်စရာကောင်းပါတယ်။ သူ့ရဲ့သဘာဝကိုက အနီရောင်၊ ပန်းရောင် ရှိပါတယ်။ ဟိမဝန္တာနဲ့ ကီလိုမီတာ ၃၀၀ အကွာရှိ ကမ္ဘာ့ဒုတိယအကြီးဆုံး ဆားတွင်းကနေ တူးဖော်ထားတာဖြစ်ပါတယ်။ စွပ်ပြုတ်နဲ့ ဟင်းသီးဟင်းရွက်သုပ်တွေမှာ ထည့်ပြီး ကြက်သားလိုအသား၊ ငါးဟင်းတွေမှာလည်း သုံးကြပါတယ်။

 

၆။ အိမ်သုံးဆား (cooking salt)

မီးဖိုချောင်ထဲမှာ ထားရှိတဲ့ ဆားဖြစ်ပါတယ်။ ဆားပွင့်လေးတွေက စားပွဲတင်ဆားထက် နည်းနည်းပိုကြီးပါတယ်။ ချက်ပြုတ်တဲ့နေရာ အားလုံးမှာ သုံးကြပါတယ်။

Source : Food to love

Share

Loading Next Article...
က္က