ထိုင်းက ဟိုတယ်တွေမှာ တစ်ညတည်းခိုမယ်ဆိုရင် ဒေါ်လာ ၈၀ မှ ၁၅၀ ကြား ပေးရပေမဲ့ မြန်မာမှာဆို အကုန်အကျ ပိုနည်းမှာပါ။

ကမ္ဘာလှည့်ခရီးသွားတွေ ထိုင်းနိုင်ငံကို သွားရောက်လည်ပတ်ကြတဲ့ အကြောင်းရင်းတွေက အများကြီးပါပဲ။ လှပတဲ့ကမ်းခြေတွေ၊ သွားရေယိုစရာ အစားအသောက်တွေ၊ လှပတဲ့ရှုခင်းတွေ၊ ရှေးဟောင်းယဉ်ကျေးမှုတွေ စသဖြင့် အများကြီးရှိပါတယ်။ ဒါပေမဲ့ ထိုင်းနိုင်ငံနဲ့ ကပ်လျက်ဖြစ်တဲ့ မြန်မာနိုင်ငံကိုတော့ သွားရောက်လည်ပတ်ဖို့ စိတ်ထက်သန်မှု နည်းနေကြပါသေးတယ်။ တကယ်လို့များ အရှေ့တောင်အာရှကို ခြေဆန့်ချင်ရင်တော့ ထိုင်းနိုင်ငံကိုကျော်ပြီး လှပတဲ့မြန်မာနိုင်ငံကို အရင်ဆုံးသွားရောက်လည်ပတ်သင့်ကြောင်း ကမ္ဘာကျော် ဖက်ရှင်မဂ္ဂဇင်းကြီးဖြစ်တဲ့ VOGUE ရဲ့ ဝက်ဘ်ဆိုက်မှာ တိုက်တွန်းထားတာ တွေ့ရပါတယ်။ VOGUE ကတော့ မြန်မာနိုင်ငံကိုလည်ပတ်သင့်တဲ့ အကြောင်းရင်းကို အချက်အလက် ၈ ခုနဲ့ ဖော်ပြထားလေရဲ့။

 

၁။ မယုံနိုင်လောက်အောင်ထူးကဲတဲ့စားစရာတွေ

လတ်လတ်ဆတ်ဆတ် ပြင်ဆင်ထားတဲ့ စားစရာတွေဟာ အရသာရှိပြီး ကျန်းမာရေးနဲ့လည်း ညီညွတ်ပါတယ်။ ပြည်တွင်းမှာပဲ မွေးမြူထုတ်လုပ်တဲ့ ငါးတွေက အရမ်းကိုလတ်ဆတ်ပါတယ်။ ဟင်းလျာတွေရဲ့ ချက်ပြုတ်ပြင်ဆင်ပုံက ထိုင်း၊ အိန္ဒိယ၊ တရုတ်တို့မှာ ချက်ပြုတ်ပုံတွေလွှမ်းမိုးနေပါတယ်။ ရှမ်းခေါက်ဆွဲစားကြည့်ပါ။ ကြက်သား၊ ပဲ၊ ငံပြာရည်၊ လတ်ဆတ်တဲ့သီးနှံတွေနဲ့ မြေပဲတို့နဲ့ ပြုလုပ်ထားပြီး အရသာရှိလွန်းပါတယ်။ လက်ဖက်သုပ်ကိုလည်း မြည်းကြည့်ပါဦးလို့ VOGUE က ညွှန်းဆိုထားပါတယ်။

 

၂။ ရှေးဟောင်းလက်ရာများ

ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်တွေကို လေ့လာချင်သူတွေအတွက် ပုဂံဟာ သွားရောက်သင့်တဲ့နေရာတစ်ခုပါ။ ပုဂံမှာ ဘုရားကျောင်း၊ စေတီ၊ ပုထိုးပေါင်း ၂၀၀၀ ကျော် ရှိနေပြီး အရွယ်စုံ၊ အရောင်စုံနဲ့ ကြီးကျယ်ခမ်းနားလှပါတယ်။ သရပါတံခါးအနီးက ကျောင်းတော်တွေကိုလည်း သွားရောက်ကြည့်ရှုနိုင်ပါတယ်။ အနုလက်ရာမှာ ကျော်ကြားတဲ့ ရွှေစည်းခုံစေတီကို အနော်ရထာမင်းက ၁၀၅၇ ခုနှစ်မှာ တည်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ပုဂံမှာ hot air balloon စီးပြီး ရှုခင်းတွေကိုလည်း ခံစားနိုင်ဦးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ရန်ကုန်က ရွှေတိဂုံစေတီတော်ကြီးမှာဆိုလည်း ရွှေပြားတွေကပ်လှူထားတာမို့ တောက်ပနေပုံကိုလည်း ကြည့်ရှုသင့်ပါတယ်။ ရွှေတိဂုံကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ ကျော်တည်းက တည်ခဲ့ကာဖြစ်ကာ နေဝင်ချိန်မှာဆို သိပ်ကိုလှပပါသတဲ့။

 

၃။ ထိုင်းနဲ့ယှဉ်ရင်လူစုလူဝေးနည်း

၂၀၁၅ ခုနှစ်တုန်းက Reuters သတင်းမှာဖော်ပြချက်အရ ထိုင်းနိုင်ငံကိုလာရောက်လည်ပတ်သူပေါင်း သန်း ၃၀ လောက် ရှိတယ်လို့ ဆိုပါတယ်။ မြန်မာကတော့ ထိုင်းနိုင်ငံနဲ့ယှဉ်ရင် ၅ သန်းလောက် ပိုနည်းပါတယ်။ ရန်ကုန်မြို့ရဲ့လမ်းတွေ၊ ပုဂံမှာ e-bike စီးပြီး ဘုရားကျောင်းတွေလှည့်လည်ကြည့်ရှုရတာတွေ၊ မန္တလေးနဲ့ မိထ္တီလာမြို့တွေဟာ လည်ပတ်ချင်စရာတွေချည်းပါပဲ။ ခရီးသွားစည်ကားတဲ့နေရာတွေကို သွားချင်ရင်တော့ ရွှေတိဂုံဘုရား၊ အင်းလေးကန်နဲ့ ပုပ္ပားတောင်တို့ကို သွားရောက်သင့်ပါတယ်။

 

၄။ သည်းထိတ်ရင်ဖိုစွန့်စားခန်း

မြန်မာပြည်တောင်ပိုင်းက ဒေသတွေမှာ ဆိုင်ကယ်စီးရတာ စိတ်လှုပ်ရှားစရာ ကောင်းပါတယ်။ အင်းလေးကန်အနီးက ရွာတွေကို ဆိုင်ကယ်လေးစီးရင်း လည်ပတ်လို့ရပါတယ်။ ဒါ့အပြင် ကရင်ပြည်နယ် ဘားအံဘက်တွေမှာလည်း စိတ်ဝင်စားစရာ ရှုခင်းတွေ အကြောင်းအရာတွေ ရှိပါသေးတယ်။ စက်ဘီးလေးစီးပြီး ကျေးလက်ဒေသတွေကို လှည့်လည်ကြည့်ရှုနိုင်ပါတယ်။ လျှပ်စစ်စက်ဘီးစီးရတဲ့ခရီးတွေ၊ ကယက်လှေလေးနဲ့သွားရတာတွေ တောင်တက်ရတဲ့နေရာတွေ အများကြီးရှိပါတယ်။

 

၅။ ဈေးသက်သာ

ထိုင်းက ဟိုတယ်တွေမှာ တစ်ညတည်းခိုမယ်ဆိုရင် အမေရိကန်ဒေါ်လာ ၈၀ မှ ၁၅၀ ကြား ပေးရပါလိမ့်မယ်။ မြန်မာကိုသွားရင်တော့ အကုန်အကျ ပိုနည်းမှာပါ။ ဘန်ကောက်နဲ့ချင်းမိုင်မှာလို ကြယ်သုံးပွင့်အဆင့် ဟိုတယ်တွေ၊ တည်းခိုစရာတွေ ရှိပါတယ်။ ရိုးရာအစားအစာတွေဆိုရင် ပေါင်စတာလင် ၂ ပေါင်လောက်နဲ့ ရနိုင်ပြီး ဘီယာကိုလည်း ဈေးသက်သာစွာနဲ့ ဝယ်နိုင်ပါတယ်။ ဘန်ကောက်က ကြယ်သုံးပွင့်ဟိုတယ်မှာ တစ်ညတည်းရင် ဒေါ်လာ ၁၁၀ အထက် ပေးရပြီး ရန်ကုန်မှာဆိုရင်တော့ ဒေါ်လာ ၆၀ နဲ့ ၇၀ ကြားပဲ ပေးရပါတယ်။

 

၆။ မြစ်တွေနဲ့ ရွာတွေ

ဧရာဝတီမြစ်တွင်းကို အဆင့်မြင့်ဇိမ်ခံ အပျော်စီးသင်္ဘောနဲ့ လှည့်လည်ကြည့်ရှုနိုင်ပြီး မြစ်ဘေးက ရွာလေးတွေရဲ့ သဘာဝအတိုင်း တည်ရှိနေမှုကို ခံစားလို့ရပါသေးတယ်။ အပျော်စီးသင်္ဘောအများစုကတော့ မန္တလေးကနေစတင်ထွက်ခွာပြီး ပုဂံ သို့မဟုတ် ကသာကို သွားကြပါတယ်။ မြစ်ထဲမှာ လှေငယ်လေးတွေနဲ့ ငါးဖမ်းနေတာတွေကိုလည်း ကြည့်နိုင်မယ့်အပြင် တံငါတွေနဲ့ယဉ်ပါးနေတဲ့ လင်းပိုင်လည်းရှိသေးတယ်။ ချင်းတွင်းမြစ်ထဲမှာ သင်္ဘောစီးရင်တော့ ဝဲတွေရှိတာမို့ မြုပ်တော့မလိုပဲ စိတ်ကထင်မယ်။ မပူပါနဲ့ မမြုပ်ပါဘူးတဲ့။

 

၇။ ကြင်နာတတ်သူတွေ

မြန်မာနိုင်ငံတွင်းက မြို့ဖြစ်ဖြစ် ရွာဖြစ်ဖြစ် ကြိုက်တဲ့လမ်းကိုသာသွား။ အပြုံးလေးတစ်ခု ဆောင်သွားရင်ရပြီ။ တခြားမြို့တွေနဲ့ မတူတဲ့အချက်ကတော့ မြန်မာတွေဟာ အရမ်းကို စစ်မှန်ရိုးသားကြပါတယ်။ ဖော်ရွေတယ်၊ ကြင်နာတတ်၊ ဂရုစိုက်ဖေးမတတ်ကြပါတယ်။ အင်္ဂလိပ်စကားပြောကျွမ်းတဲ့ ဒေသခံတွေလည်းအများကြီးရှိပါတယ်။ သူတို့ဆီသွားလည်ပြီး စကားစမြည်ပြောရင်း သူတို့ရဲ့ဘာသာစကားတွေကို လက်တွေ့ပြောကြည့်ရတာ ပျော်စရာပါ။

 

၈။ တောတောင်ရေမြေအလှ

မြန်မာနိုင်ငံရဲ့ တောတောင်ရေမြေ သဘာဝအလှရှုခင်းတွေက ရင်သပ်ရှုမောစရာတွေချည်းပါပဲ။ အမရပူရမြို့ကိုသွားလိုက်ရင် သစ်သားတိုင်လုံးပေါင်း ၁၀၀၀ ကျော်နဲ့ ဆောက်လုပ်ထားတဲ့ ကမ္ဘာ့သက်တမ်းရင့်ဆုံး ကျွန်းတံတား (ဦးပိန်)ကို တွေ့ရပါလိမ့်မယ်။ အင်းလေးကန်ထဲကို ကြည့်လိုက်မယ်ဆိုလည်း တံငါတွေဟာ ခြေနဲ့လှေကိုလှော်ကြတာတွေကို ကြည့်ရှုလေ့လာနိုင်မှာပါ။ နိုဝင်ဘာလထဲမှာဆိုရင်တော့ တန်ဆောင်မုန်းပွဲ (တန်ဆောင်တိုင်ပွဲတော်)ရှိပြီး တောင်ကြီး မီးပုံးပျံပွဲတော်လည်း ရှိသေးတယ်။ ကျိုက်ထီးရိုးလို လှပစိမ်းစိုတဲ့ တောင်တန်းတွေကိုလည်း VOGUE က ဖွဲ့နွဲ့ထားပါသေးတယ်။ ပြီးတော့ ဘင်္ဂလားပင်လယ်အော်ရဲ့ ကမ်းရိုးတမ်းနဲ့ဆက်စပ်နေတဲ့မြန်မာရဲ့ လှပတဲ့ကမ်းခြေတွေဟာ ထိုင်းက ကမ်းခြေတွေလို လူမများဘူးလို့ ဆိုထားပါတယ်။

Source & Photos : Vogue


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က