လျှာထဲမှာ စိမ့်ဝင်သွားမယ့် အရသာကို မြည်းစမ်းကြည့်ပါ။

အာဟာရဖြစ်ပြီး အရသာရှိမယ့် အာလူးကင် အစာသွပ်လေး လုပ်စားကြမယ်ဆို စိတ်ဝင်စားမလား? အာလူးကို ဟင်းအနေနဲ့ ချက်ပြုတ်ပြင်ဆင်ပြီး စားရတာထက် သွားရေစာလိုမျိုး စားတာက ပိုကောင်းတယ်လို့ ထင်တယ်။ ခုလည်း အာလူးအလုံးလိုက်ကိုပဲ ကင်ပြီး အစာသွပ်မယ်လေ။ အရသာက အီဆိမ့်ဆိမ့်၊ မွှေးမွှေးလေး။

 

လိုအပ်တာတွေကတော့ အာလူးအလုံးကြီးကြီး ၃ လုံး၊ သံလွင်ဆီ၊ ဆား၊ ချိစ်အမာ (ခြစ်ထားပါ) ၊ ကြက်သွန်မြိတ်၊ ဝက်ပေါင်ခြောက်၊ ခရင်မ်အချဉ်၊ ထောပတ်နဲ့ နွားနို့တို့ပဲ ဖြစ်ပါတယ်။ အချိုမှုန့်/ဟင်းခတ်မှုန့် မသုံးဘဲ ငြုပ်ကောင်းနဲ့ ဆားရှိရင် ရပါပြီ။ ကြက်သွန်မြိတ်နဲ့ ဝက်ပေါင်ခြောက်ကို ပါးပါးလှီးထားဖို့ လိုပါမယ်။

 

စပြီးလုပ်ပါတော့မယ်။ အာလူးတွေကို အလုံးလိုက် ရေစင်အောင်ဆေးကြောပါ။ ရေတွေခြောက်အောင်သုတ်ပြီးရင် ခက်ရင်းလေးနဲ့ ထိုးပြီး အပေါက်ဖောက်ပေးရပါမယ်။ သံလွင်ဆီလေးနဲ့ သုတ်လိုက်တဲ့အခါ အပေါက်လေးတွေထဲကို သံလွင်ဆီဝင်သွားမယ်၊ ကင်တဲ့အခါလည်း အကျက်မြန်တယ်။ ဆားလေးဖြူးပြီးပြီး အပူချိန် ၁၈၀ ဒီဂရီစင်တီဂရိတ်နဲ့ ၁ နာရီကြာ ဖုတ်ထားပေးရမယ်။

 

ကင်ပြီးသားအာလူးတွေကို ဓားနဲ့ဒေါင်လိုက်လှီးခွဲလိုက်ပါ။ အာလူးကိုပုံစံမပျက်စေဘဲ အထဲကအသားတွေကို ဇွန်းလေးနဲ့ကလော်ထုတ်လိုက်ရပါမယ်။ အာလူးအနှစ်တွေကို ဝက်ပေါင်ခြောက်၊ ကြက်သွန်မြိတ်၊ ချိစ်၊ ခရင်မ်၊ နွားနို့၊ ထောပတ်တို့နဲ့ ဇလုံထဲမှာ ရောမွှေလိုက်ပါ။ အရသာအတွက် ဆားနဲ့ ငြုပ်ကောင်းမှုန့် နည်းနည်းလောက်ကိုလည်း ထည့်မွှေပါ။ မွှေပြီးသားအနှစ်ကိုမှ အာလူးထဲကိုပြန်ထည့်၊ အပေါ်ကနေ ချိစ်နဲ့ဝက်ပေါင်ခြောက်ဖြူးပြီး မီးဖိုထဲမှာ အပူချိန် ၁၈၀ ဒီဂရီနဲ့ ၂၅ မိနစ်လောက် ထပ်ဖုတ်ပေးလိုက်ရင် စားလို့ရပါပြီ။ တစ်ကိုက်မြည်းရုံနဲ့ လျှာထဲမှာစွဲသွားတဲ့အရသာမျိုး။

Source : Tasty

Share

Loading Next Article...
က္က