ဒူးရင်းသီးမတုံးခင်လေး ဒူးရင်းသီးပန်ကိတ်လုပ်စားကြမယ်လေ။


ဒူးရင်းသီးဆိုအသေကြိုက်တဲ့ ဒူးရင်းသီးသရဲတွေအတွက် ဒူးရင်းရာသီမကုန်ခင်လေး ဒူးရင်းသီးပန်ကိတ်လုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်နော်။ အမှန်တော့ ဒူးရင်းသီးပန်ကိတ်လုပ်နည်းက ဂရိလူမျိုးတွေ တီထွင်ခဲ့တာပါ။ အဲဒီတုံးကတော့ ပန်ကိတ်ရယ်လို့မဟုတ်ဘဲ ဂျုံရယ်၊ ပျားရည်ရယ်၊ သံလွင်ဆီရယ်၊ နို့တို့နဲ့ပြုလုပ်ခဲ့ပြီး မနက်စာအဖြစ်စားသုံးခဲ့ကြပါတယ်။ ပန်ကိတ်ကတော့ ၁၄၀၀ ပြည့်နှစ်ဝန်းကျင်လောက်တုံးက အင်္ဂလန်ပြည်မှာ စတင်ပေါ်ပေါက်ခဲ့ပါတယ်။ နိုင်ငံတစ်နိုင်ငံချင်းစီအလိုက် ပန်ကိတ်ရဲ့ပုံသဏ္ဍာန်နဲ့အရသာ ကွဲပြားကြပါတယ်။ ဘာပဲပြောပြော ဒူးရင်းသီးနံ့မွှေးမွှေးလေးနဲ့ ပန်ကိတ်လုပ်စားကြတာပေါ့။

ပါဝင်ပစ္စည်းတွေကတော့ ဂျုံမှုန့် (၂၅၀) ဂရမ်၊ အုန်းနို့ (၅၅၀) မီလီ လီတာ၊ ခရင်မ် (၂၅၀) မီလီ လီတာ၊ ကြက်ဥ (၂) လုံး၊ ကြိတ်ချေထားပြီး ဒူးရင်းအသား (၆၀၀) ဂရမ်၊ ဆွမ်းမွှေးရွက်အနှစ် (pandan paste) လက်ဖက်ရည်ဇွန်း လေးပုံ တစ်ပုံစာ၊ ဆား လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာနဲ့ မာဂျရင်းထောပတ်တို့ပဲ ဖြစ်ပါတယ်။

ဒူးရင်းသီးပန်ကိတ်စလုပ်ကြမယ်

အရင်ဆုံး ဂျုံမှုန့်နဲ့ဆားကို ခွက်တစ်ခွက်ထဲမှာထည့်ပြီး သမသွားသည်အထိရောမွှေပေးပါ။ ပြီးရင်ကြက်ဥတွေကိုဖောက်ထည့်ပြီး အနှစ်ဖြစ်သွားသည်အထိ သေချာရောမွှေပေးပါ။ ရလာတဲ့အနှစ်ပေါ်ကို နွားနို့လောင်းထည့်ပြီး မွှေပေးလိုက်ပါဦး။ ခဏလောက်ကြာမှ ဆွမ်းမွှေးရွက်အနှစ် (pandan paste) ကိုရောထည့်လိုက်ပါ။ ပြီးရင်ပါဝင်ပစ္စည်းအားလုံး သမသွားသည်အထိရောမွှေပေးပါ။ တစ်ဖက်မှာတော့ မီးဖိုပေါ်မှာဒယ်အိုးပြားတစ်ခုုကို တင်လိုက်ပြီး အထဲမှာမာဂျရင်းထောပတ်ကို အရည်ပျော်အောင်အပူပေးလိုက်ပါ။ ပြီးသွားရင်စောစောက သမအောင်မွှေထားတဲ့အနှစ်ကို ကြက်ဥမွှေကြော် ကြော်သလိုထည့်ကြော်လိုက်ပါ။ နှစ်မိနစ်လောက်ဆိုကျက်ပါပြီ။ ရလာတဲ့ပန်ကိတ်ပေါ်မှာ ခရင်မ်နည်းနည်းအရင်တင်ပြီးမှ ကြေမွအောင်ချေထားတဲ့ ဒူးရင်းသီးအသားနည်းနည်း ခပ်တင်လိုက်ပါ။ ပြီးရင် ပန်ကိတ်ကို (အညာဘုရားပွဲမှာရောင်းတဲ့ မုန့်သိုင်းချုံလိုဖြစ်အောင်) အသာလေးလိပ်ပေးလိုက်ပါ။ ရေခဲသေတ္တာထဲခဏထည့်ပြီးရင်တော့ မွှေးကြိုင်တဲ့ဒူးရင်းသီး ပန်ကိတ်လေးကို သုံးဆောင်နိုင်ပါပြီ။



Source: Wikihow

Share

Loading Next Article...
က္က