စပျစ်ထောပတ်ဖျော်ရည် ချိုချိုချဉ်ချဉ်လေးသောက်ရင်း ကိုယ်အလေးချိန်ထိန်းသိမ်းကြရအောင်။


ထောပတ်သီးဖျော်ရည်ကြိုက်ကြတယ်ဟုတ်။ ချိုပြီးမွှေးနေတဲ့ထောပတ်သီးဖျော်ရည်ကို အသားအရေလှစေတယ်ဆိုပြီး လူတိုင်းနှစ်ခြိုက်စွာ သောက်သုံးကြပါတယ်။ ဒါပေမယ့် ထောပတ်သီးမှာ ကြွယ်ဝစွာပါဝင်တဲ့ အာဟာရဓာတ်တွေကြောင့် ဝိတ်တက်မှာလည်းကြောက်ရပါတယ်။ ဒါဆိုရင် ကိုယ်အလေးချိန်ကိုထိန်းသိမ်းပေးမယ့် စပျစ်သီး၊ ဒိန်ချဉ်၊ ပျားရည်၊ သံပုရာရည်တို့ပါ ပေါင်းစပ်ပါဝင်တဲ့ စပျစ်ထောပတ် smoothie ဖျော်ရည်လေး လုပ်သောက်ကြရအောင်လေ။




ပါဝင်ပစ္စည်းတွေကတော့ ထောပတ်သီးအနှစ် (၁) ခွက်၊ စပျစ်သီး (၁) ခွက်၊ သံပုရာရည် လက်ဖက်ရည်ဇွန်း (၁) ဇွန်း၊ ပျားရည် လက်ဖက်ရည်ဇွန်း (၂) ဇွန်း၊ ဒိန်ချဉ် ခွက်ဝက်တို့ပဲ ဖြစ်ပါတယ်။

ထောပတ်သီးနဲ့စပျစ်သီးပေါင်းစပ်လိုက်တာက အာဟာရဓာတ်ကြွယ်ဝပြီး အရသာလည်းရှိတဲ့ smoothie ဖျော်ရည်လေးကိုရရှိစေပါတယ်။ ဖိုက်ဘာဓာတ်၊ အဆီဓာတ်၊ antioxidant တို့ကြွယ်ဝစွာ ပါဝင်တာကြောင့် ကိုယ်အလေးချိန်လျော့ကျစေခြင်း၊ အရေပြားနဲ့ဆံသားကျန်းမာရေးကို တိုးတက်စေခြင်း၊ မျက်လုံးတဝိုက်က အရေးအကြောင်းတွေကိုလျော့ကျစေခြင်း စတဲ့အကျိုးကျေးဇူးတွေကို ရရှိစေနိုင်ပါတယ်။




ဒိန်ချဉ်ကလည်း ပရိုတိန်းကြွယ်ဝစွာပါဝင်မှုကြောင့် ကိုယ်အလေးချိန်ကျဆင်းမှုကို အထောက်အကူပြုပေးပြီး ကြွက်သားတည်ဆောက်မှုကိုလည်း တိုးတက်မြန်ဆန်စေပါတယ်။ သံပုရာသီးကတော့ ဗိုက်တာမင် စီကြွယ်ဝစွာပါဝင်တဲ့ သစ်သီးတစ်မျိုးဖြစ်ပြီး ကိုယ်ခံအားစနစ်ကိုမြှင့်တင်ပေးတာကြောင့် ရောဂါပိုးမွှားကူးစက်မှုတွေကိုလည်း ကာကွယ်နိုင်ပါတယ်။ သံပုရာသီးမှာပါဝင်တဲ့ ပိုတက်စီယမ်ဓာတ်ဟာ ကျောက်ကပ်ထဲက အဆိပ်အတောက်တွေကိုဖယ်ရှားပေးပြီး ဆီးကျောက်တည်ခြင်းနဲ့တခြားဆီးရောဂါတွေ ဖြစ်ပွားမှုကိုလည်းတားဆီးပေးပါတယ်။ ဒါကြောင့် ကျောက်ကပ်ရောဂါရှိသူတွေ သောက်သုံးဖို့သင့်တော်ပါတယ်။




ပြုလုပ်နည်းကတော့ လွယ်ကူပါတယ်။ အရင်ဆုံး ထောပတ်သီးအနှစ်နဲ့ စပျစ်သီးကို သစ်သီးဖျော်စက်ထဲ ထည့်မွှေလိုက်ပါ။ တအောင့်ကြာရင် ပျားရည်၊ ဒိန်ချဉ်နဲ့ သံပုရာရည်တို့ကိုပါ ရောပြီး သစ်သီးဖျော်စက်ခလုတ်ကိုနှိပ်လိုက်ပါ။ သမအောင်ရောမွှေပြီးရင် (သားစိုးမဟုတ် :P) ခွက်တစ်ခွက်ထဲ ထည့်ပြီး သုံးဆောင်ပေးရုံပါပဲ။ ဒါဆိုရင် သစ်သီးဝလံအားကိုးနဲ့ ကိုယ်အလေးချိန်ထိန်းသိမ်းလို့ရပြီပေါ့။ smoothie ရဲ့အာနိသင်ကို ပိုမိုထိရောက်စေဖို့ ကိုယ်ကာယ လေ့ကျင့်ခန်းလေးတွေ လုပ်ပေးဖို့လည်း မမေ့ကြနဲ့ဦးနော်။ ဒါဆိုရင်တော့ အသားအရေလှပပြီး ကိုယ်ရေလည်းစစ်တဲ့ ပျိုမေလေးတွေဖြစ်နိုင်ပါပြီ။


Source: DIYremedies


 



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က