"Fried Ice Cream is wonderful!" လို့အော်လိုက်ကြရအောင်။

"Ice cream is wonderful!" ဆိုတဲ့ Wonder Woman ရဲ့အသံလေးကိုကြားကြားချင်း ရေခဲမုန့်စားချင်စိတ်တဖွားဖွားပေါ်မိကြမှာပါ။ ရေခဲမုန့်ဆိုတဲ့အစားအစာပေါ်ပေါက်ခဲ့တာလည်းကြာပါပြီ။ လူတွေကလည်း ရေခဲမုန့်ကို ပုံစံအမျိုးမျိုး၊ အရသာအမျိုးမျိုးနဲ့ ပြုလုပ်တီထွင်ခဲ့ကြပါတယ်။ အဲဒီထဲက တစ်မျိုးကတော့ ရေခဲမုန့်ကြော်ပါပဲ။ ရေခဲမုုန့်ကြော်ကိုတော့ (၁၈၀၀) ပြည့်နှစ် နောက်ပိုင်းတွေမှာ လူတွေစတင် ပြုလုပ်စားသုံးလာကြတယ်လို့ သိရပါတယ်။ ရေခဲမုုန့်လိုအေးတဲ့အစားအစာကို ဆီနဲ့ကြော်ထားတာ မဖြစ်နိုင်ဘူးလို့ထင်စရာပါပဲ။ ဒါပေမယ့် အောင်မြင်ပြီးမြောက်အောင်လုပ်နိုင်တဲ့အချိန်မှာတော့ ရေခဲမုန့်ကြော်ဟာ သူမတူတဲ့အရသာကိုပေးစွမ်းနိုင်ပါတယ်။ တကယ်လို့ Wonder Woman သာ ရေခဲမုန့်ကြော်စားမိရင် "Wonderful!" လို့ပြောဦးမှာအသေအချာပါပဲ။

 

ပြုလုပ်နည်း

ပါဝင်ပစ္စည်းတွေကတော့ မိမိနှစ်သက်ရာအရသာနဲ့ ရေခဲမုန့် (၃၃) အောင်စ (သို့) တစ်လီတာ၊ Corn Flakes (နွားနို့နဲ့ရောစားရတဲ့ မနက်စာပြောင်းဖူးမုန့်) အနည်းငယ်၊ (ဒီနေရာမှာ corn flakes အစား ကွတ်ကီးအမာစားကိုသုံးလည်းရပါတယ်)၊ ဂျုံမှုန့် (၁) ပန်းကန်၊ ဆီ၊ ကြက်ဥ (၂) လုံး၊ သစ်ကြမ်းပိုးခေါက်မှုန့်နဲ့ သကြားတို့ပဲဖြစ်ပါတယ်။

စတင်ပြုလုပ်တော့မယ်ဆိုရင် မုန့်ဖုတ်ရာမှာသုံးတဲ့စက္ကူ (၂) ရွက်ကို ရေခဲမုန့်ကြော်မလုပ်ခင် နာရီဝက်လောက်အလိုကတည်းက ရေခဲသေတ္တာ အအေးခန်းထဲမှာထည့်ထားပါ။ ပြီးရင် ရေခဲမုန့်ကို လက်သီးဆုပ်အရွယ်လောက် အလုံးလေးတွေဖြစ်အောင်လုံးပြီး မုန့်ဖုတ်စက္ကူပေါ်တင်လိုက်ပါ။ ပြီးရင် ရေခဲမုန့်လုံးလေးတွေတင်ထားတဲ့ မုန့်ဖုတ်စက္ကူကို ရေခဲသေတ္တာအအေးခန်းထဲထည့််ပြီး (၂) နာရီလောက် အအေးခံထားလိုက်ပါဦး။ ရေခဲမုန့်လုံးလေးတွေကိုအအေးခံနေချိန်မှာ တခြားပါဝင်ပစ္စည်းတွေဖြစ်တဲ့ ဂျုံမုန့်ရယ်၊ ကြက်ဥခလောက်ထားတာရယ်၊ ပြောင်းဖူးမုန့်ခြေထားတာရယ်ကို ပန်းကန်လုံး တစ်လုံးစီထဲမှာထည့်ပြီး အစီအရီထားလိုက်ပါ။ ပြီးရင်တော့ ရေခဲသေတ္တာအအေးခန်းထဲက ရေခဲမုန့်လုံးလေးတွေကိုယူထုတ်လိုက်ပါ။ အရင်ဆုံးရေခဲမုန့်လုံးတစ်လုံးကိုယူပြီး ဂျုံမှုန့်ပန်းကန်ထဲထည့်ပြီး လူးလိုက်ပါ။ ပြီးရင် ကြက်ဥပန်းကန်ထဲခဏထည့်နှစ်လိုက်ပါ။ ခဏနေမှပြန်ဆယ်ပြီး ပြောင်းဖူးမုန့်ပန်းကန်ထဲထည့်ပြီး ပြောင်းဖူးမုန့်အကြေစလေးတွေကပ်ပါလာအောင် လှိမ့်လိုက်ပါ။ ပိုပြီးအရသာကောင်းမွန်ချင်ရင် သကြားနဲ့ သစ်ကြမ်းပိုးခေါက်မှုန့်ရောထားတာကိုပါ အပေါ်ကဖြူးလိုက်လို့ရပါသေးတယ်။ ရေခဲမုန့်လုံးလေးတွေအကုန်လုံးကို အထက်ပါအဆင့်တွေအတိုင်း လုပ်လို့ပြီးပြီဆိုရင်တော့ မုန့်ဖုတ်စက္ကူပေါ်ပြန်တင်ပြီး အအေးခန်းထဲ ခဏပြန်ထည့်ထားလိုက်ပါ။ မကြော်ခင် အနည်းဆုံး (၂) နာရီလောက် ပြန်အအေးခံလိုက်ပါ။ ပြီးရင်တော့ ဆီကိုအပူပေးပြီး ရေခဲမုန့်လုံးလေးတွေကို ထည့်ကြော်လို့ရပါပြီ။ အညိုရောင်သမ်းလာတဲ့အထိ ကြော်ပြီးရင်တော့ ဆယ်ထုတ်လိုုက်လို့ရပါပြီ။ ပြီးရင်အရသာပိုမိုကောင်းမွန်စေဖို့အတွက် အပေါ်က ချောကလက်အနှစ်လေးဆမ်းပေးလိုက်ရင် အရသာရှိတဲ့ရေခဲမုန့်ကြော်ကို ရရှိပါပြီ။



Source: Wikihow

Share

Loading Next Article...
က္က