ပြင်သစ်နိုင်ငံက နိုင်ငံလှပရုံသာမက အရသာကောင်းမွန်တဲ့အစားအသောက်တွေလည်း ရှိပါတယ်။
 

ပြင်သစ်နိုင်ငံမှာ ဥရောပတိုက်မှာတော့ အလှပဆုံးနိုင်ငံတွေထဲမှာ တစ်ခုအပါအဝင်ပါပဲ။ ပြင်သစ်နိုင်ငံက နာမည်ကြီး အီဖယ်လ်မျှော်စင်ကိုလည်း မရောက်ဖူးရင်တောင် ကြားဖူး၊ မြင်ဖူးကြမှာပါ။ ပြင်သစ်နိုင်ငံက နိုင်ငံလှပရုံသာမက အရသာကောင်းမွန်တဲ့အစားအသောက်တွေလည်း ရှိပါတယ်။ အထူးသဖြင့် နာမည်ကြီးတာကတော့ အလွန်နူးညံ့တဲ့ ပြင်သစ်ပေါင်မုန့်နဲ့ ပြင်သစ်ကြက်သွန်နီဟင်းချိုပါပဲ။

ဒီနေ့မှာတော့ သက်သတ်လွတ်သမားတွေလည်း အဆင်ပြေအောင်၊ ဥရောပအစားအစာနှစ်သက်သူတွေလည်း ခံတွင်းတွေ့အောင် ပြင်သစ် ပဲရစ် (Paris) အာလူးသုပ်လေးကို ဖော်ပြပေးလိုက်ပါတယ်နော်။

ပါဝင်ပစ္စည်းတွေကတော့ အာလူး (၁) ကီလိုဂရမ်ခန့်၊ သကာရည်ထုတ်ထားပြီးသား ဂရိဒိန်ချဉ်တစ်ဘူး၊ သံလွင်ဆီ (Extra virgin olive oil) လက်ဖက်ရည်ဇွန်း (၃) ဇွန်းခန့်၊ မုန်ညင်းစေ့တွေပါဝင်တဲ့ မုန်ညင်းစေ့အနှစ် လက်ဖက်ရည်ဇွန်း (၂)ဇွန်းခန့်၊ တရုတ်နံနံ (၄) ပင်ခန့်၊ သခွားသီးသေးသေးလေးတွေကိုအချဉ်ဖောက်ထားတဲ့ ဂျာမန်သခွားသီးသနပ် အနည်းငယ်၊ ကြက်သွန်နီအရွယ်တော် (၁) လုံး၊ ကျက်အောင်ပြုတ်ထားတဲ့ ကြက်ဥပြုတ် (၅) လုံး၊ နံနံပင်အနည်းငယ်တို့ပဲ ဖြစ်ပါတယ်။

ပြုလုပ်နည်း

potatoes_boiled.jpg 

အရင်ဆုံး ဒယ်အိုးတစ်လုံးထဲကို ရေနည်းနည်းထည့်လိုက်ပါ။ ရေနွေးတည်ထားတုံး အာလူးတွေကိုအခွံခွာပြီး တစ်လက်မအရွယ် အစိတ်အပိုင်းလေးတွေဖြစ်အောင် လှီးလိုက်ပါ။ ရေပွက်ပွက်ဆူလာပြီဆိုတော့မှ ဆားနည်းနည်းနဲ့ အာလူးတွေကိုထည့်ပြုတ်လိုက်ပါ။ (၁၀) မိနစ်လောက်ပြုတ်ပြီး အာလူးတွေကျက်လောက်ပြီ ဆိုတော့မှ မီးပိတ်ပြီး အိုးကိုမီးဖိုပေါ်ကချလိုက်ပါ။ ရေနွေးတွေကိုလည်း သွန်ချလိုက်ပြီး အာလူးတွေကို (၁၀) မိနစ်လောက်အအေးခံထားလိုက်ပါ။

ပြီးရင် ပန်းကန်လုံးတစ်လုံးထဲမှာ ဒိန်ချဉ်ရယ်၊ ဆီရယ်၊ မုန်ညင်းစေ့အနှစ်ရယ်၊ ဆားနဲ့ငရုပ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း (၁) ဇွန်းစီရယ်ထည့်ပြီး ရောသမမွှေလိုက်ပါ။ သမသွားပြီဆိုတော့မှ အာလူးတွေကို ပန်းကန်လုံးထဲပစ်ထည့်လိုက်ပါ။ အာလူးတွေကိုလည်း အနှစ်ထဲမှာသမသွားအောင် နယ်လိုက်ပါ။

 

ပြီးရင်တော့ အာလူးတွေကို ပန်းကန်ပြားတစ်ချပ်ထဲထည့်ပြီး အပေါ်က တရုပ်နံနံကိုပါးပါးလှီးထားတာရယ်၊ ကြက်သွန်နီနဲ့ သခွားသီးသနပ်ကို အစိတ်သေးသေးလေးတွေဖြစ်အောင် လှီးထားတာရယ်ကို အပေါ်ကဖြူးလိုက်ပါ။ ကြက်ဥပြုတ်တွေကိုလည်း အခွံခွာပါးပါးလှီးပြီး ဘေးနားကရံထားလိုက်ပါ။ နောက်ဆုံးအနေနဲ့ အနံ့မွှေးအောင် နံနံပင်လေးနည်းနည်းကို အပေါ်ကထည့်အုပ်လိုက်ပါ။ ဒါဆိုရင်တော့ အရသာရှိတဲ့ ပြင်သစ်အာလူးသုပ်လေးကို ရရှိပါပြီ။ သက်သတ်လွတ်စားချင်သူများကတော့ ကြက်ဥမထည့်ဘဲ ဒီတိုင်းစားနိုင်ပါတယ်။

Source: Goodhousekeeping


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က