ကမ္ဘာပေါ်မှာ သွားရောက်လည်ပတ်လို့ကောင်းတဲ့ လှပတဲ့နေရာလေးတွေ အများကြီးရှိပါတယ်။
 

နှစ်ကုန်ခွင့်ရက်မှာ ဘောနပ်စ် (bonus) လေးရလို့ အပန်းဖြေခရီးထွက်ချင်တာပဲဖြစ်ဖြစ်၊ လုပ်ငန်းခွင်စိတ်ဖိစီးမှုတွေများပြားလွန်းလို့ ခွင့်ခဏလောက်ယူပြီး ခရီးထွက်ချင်တာပဲဖြစ်ဖြစ် ကမ္ဘာပေါ်မှာ သွားရောက်လည်ပတ်လို့ကောင်းတဲ့ လှပတဲ့နေရာလေးတွေ အများကြီးရှိပါတယ်။ တချို့က သဘာဝအလှတရားကြောင့်နာမည်ကြီးတယ်။ တချို့က ရှေးဟောင်းဗိသုကာလက်ရာတွေကြောင့် နာမည်ကြီးတယ်။ ဘာပဲပြောပြော ကမ္ဘာပေါ်မှာသွားရောက်လည်ပတ်ဖို့ကောင်းတဲ့ အလှပဆုံးနေရာလေးတွေ ရှိနေပါသေးတယ်။

၁။ ဘယ်လိဇ် (Belize) နိုင်ငံက ရေပြာတွင်း

The-Great-Blue-Hole-1.jpg 

ယခင် ဗြိတိသျှဟွန်ဒူးရပ်စ်ဆိုတဲ့နာမည်နဲ့ ယခု ဘယ်လိဇ် (belize) နိုင်ငံဟာ မြောက်အမေရိကတိုက်ရဲ့ အရှေ့ဘက်ကျွန်းဆွယ်မှာ တည်ရှိတဲ့ နိုင်ငံလေးတစ်ခုဖြစ်ပါတယ်။ နိုင်ငံဟာ လှပတဲ့အဏ္ဏဝါသက်ရှိမျိုးစိတ်တွေ၊ ဂေဟစနစ်တွေကြောင့် နာမည်ကျော်ကြားပါတယ်။ အဲဒီထဲကတစ်ခုကတော့ ရေပြာတွင်းပါပဲ။

ရေပြာတွင်းဟာ Lighthouse reef ဆိုတဲ့သန္တာကျောက်တန်းနားမှာတည်ရှိပြီး ဘယ်လိဇ်မြို့နဲ့ကျွန်းမကြီးကနေ (၇၀) ကီလိုမီတာ အကွာမှာတည်ရှိပါတယ်။ ရေပြာတွင်းကြီးက လုံးဝိုင်းတဲ့ပုံသဏ္ဍာန်ရှိပြီး အကျယ်အဝန်း (၃၀၀) မီတာနဲ့ အနက် (၁၀၈) မီတာရှိပါတယ်။ တကယ်တော့ရေပြာတွင်းကြီးက ဘယ်လိဇ်ကမ်းရိုးတန်းမှာတည်ရှိတဲ့ ကြီးမားတဲ့ရေအောက်တွင်းကြီးတစ်တွင်းပဲ ဖြစ်ပါတယ်။

ရေပြာတွင်းဟာ အဖြူရော်ကာဘွန်နိတ်သဲနဲ့ ရေရဲ့ကြည်လင်မှုကြောင့်ဖြစ်ပေါ်လာတဲ့ သူ့ရဲ့အပြာရင့်ရောင်အဆင်းကြောင့် ထင်ရှားပါတယ်။ Scuba diving လို့ခေါ်တဲ့ ရေငုပ်ဝတ်စုံဝတ်ပြီး ရေငုပ်ခြင်းကို ရေပြာတွင်းထဲမှာ ပြုလုပ်နိုင်ပါတယ်။ ရေပြာတွင်းရဲ့ နံရံတွေဟာ နှစ်ပေါင်းသန်းနဲ့ချီပြီးကြာမြင့်နေပြီဖြစ်လို့ အံ့သြဖွယ်ကောင်းတဲ့ အဏ္ဏဝါသက်ရှိမျိုးစိတ်တွေကိုလည်း တွေ့ရှိရမှာပါ။

၂။ တရုပ်ပြည်က မဟာတံတိုင်း

Great-wall-of-china.jpg 

ကမ္ဘာ့အံ့ဖွယ်အသစ် (၇) ပါးထဲမှာတစ်ပါးအပါအဝင်ဖြစ်တဲ့ တရုပ်ပြည်ကမဟာတံတိုင်းကြီးဟာ ၇၀၀ ဘီစီခန့်ကတည်းက တိုင်းတပါးသားတွေရဲ့ကျူးကျော်မှုရန်ကနေ ကာကွယ်ဖို့ဆောက်လုပ်ခဲ့တာပဲဖြစ်ပါတယ်။ မဟာတံတိုင်းကြီးကို ကျောက်တုံး၊ အုတ်ခဲ၊ ရွံ့မြေ၊ သစ်သားနဲ့ အခြားပစ္စည်းတွေနဲ့ဆောက်လုပ်ထားပြီး တရုပ်ပြည်မြောက်ပိုင်းဒေသကိုကာကွယ်ဖို့ အရှေ့ကနေအနောက် သွယ်တန်းဖောက်လုပ်ထားတာဖြစ်ပါတယ်။

မဟာတံတိုင်းဟာ တရုပ်ပြည်ရဲ့အထင်ရှားဆုံးနေရာတစ်ခုဖြစ်သလို ရှေးဟောင်းကမ္ဘာရဲ့အံ့သြဖွယ်အကောင်းဆုံး ဗိသုကာလက်ရာ ကိုလည်းထင်ဟပ်နေစေပါတယ်။ နောက်တစ်ခုက မဟာတံတိုင်းကြီးကို ဘုရင်မင်းဆက် အဆက်ဆက်က တာဝန်ယူဆောက်လုပ် ခဲ့ကြတာ ဖြစ်ပါတယ်။ အထင်ရှားဆုံးကတော့ တရုုပ်ပြည်ရဲ့ပထမဆုံးအင်ပါယာရှင်ကြီး ချင်ချီဟွမ်ဆောက်လုပ်ခဲ့တဲ့အပိုင်းပါပဲ။

နောက်ပိုင်းမှာ တခြားဘုရင်တွေက မဟာတံတိုင်းကြီးကို ဆက်လက်ဆောက်လုပ်ခဲ့ကြပါတယ်။ အရှည်အလျားစုစုပေါင်း မိုင် (၅၅၀၀) ကျော်ရှိပြီး ကမ္ဘာမြေမျက်နှာပြင်ပေါ်မှာဆောက်လုပ်ဖူးသမျှထဲမှာတော့ အရှည်လျားဆုံးပါပဲ။ အမြင့်ပေကတော့ ၁၆ ပေကနေ ၃၃ ပေ ထိရှိပြီး အကျယ်ကတော့ ၁၃ ပေနဲ့ ၁၅ ပေကြားမှာရှိပါတယ်။ ကမ္ဘာလှည့်ခရီးသွားလိုသူများအတွက် မဖြစ်မနေသွားရောက်လည်ပတ် သင့်တဲ့နေရာထဲမှာ တစ်ခုအပါအဝင်ပါပဲ။

၃။ ပီရူးနိုင်ငံက မက်ချူပစ်ချူ (Machu Picchu) ခံတပ်

Machu-Picchu-Mountain.rend.hgtvcom.1280.720.jpg 

မက်ချူပစ်ချူခံတပ်ဟာ အင်ကန်အင်ပါယာခေတ်တုံးက ဆောက်လုပ်ခဲ့တဲ့ခံတပ်တစ်ခုဖြစ်ပြီး ပီရူးနိုင်ငံ၊ အန်းဒီးစ်တောင်ပေါ်မှာ အူရူဘန်ဘာမြစ်ဝှမ်းပေါ်ကမိုးပြီး မြင့်မားစွာဆောက်လုပ်ထားပါတယ်။ ၁၅ ရာစုတုံးက ဆောက်လုပ်ခဲ့တဲ့ ဗိသုကာလက်ရာတစ်ခုဖြစ်ပြီး နောက်ပိုင်းမှာစွန့်ပစ်ခြင်းခံလိုက်ရပါတယ်။

သူဟာ ခေတ်မှီဆန်းပြားတဲ့ ကျောက်နံရံတွေ၊ အင်္ဂတေမကိုင်ဘဲ ကြီးမားတဲ့ကျောက်တုံးကြီးတွေကို ခိုင်ခန့်အောင်ဆက်ထားတဲ့ ဗိသုကာလက်ရာတွေ၊ နက္ခတ္တဗေဒအမြင်နဲ့ မြင်ကွင်းကျယ်ရှုခင်းတွေကိုပေးစွမ်းနိုင်တဲ့ စိတ်ဝင်စားဖွယ်အဆောက်အဦးတွေကြောင့် နာမည်ကျော်ကြားပါတယ်။

မက်ချူပစ်ချူခံတပ်မှာ ရဲတိုက်တွေ၊ ဘုရားကျောင်းတွေ၊ နန်းတော်တွေ၊ ကျောက်နံရံတွေပါရှိပါတယ်။ အနည်းဆုံး ဧရိယာ စတုရန်းမိုင်ပေါင်း (၅.၀၉) မိုင်လောက်ကျယ်ဝန်းပါတယ်။ မက်ချူပစ်ချူခံတပ်ကို ဆောက်လုပ်ခဲ့သူကတော့ အင်ကာအင်ပါယာရှင်ကြီး ပက်ချာကူတီ (Pachacuti) ပဲဖြစ်ပါတယ်။ သူဟာခံတပ်ကို ၁၅ ရာစုခေတ်တုံးကဆောက်လုပ်ခဲ့ပြီး ၁၆ ရာစုမှာ စပိန်တွေဝင်ရောက်ကျူးကျော်တော့ ခံတပ်ကိုစွန့်ပစ်ခဲ့ပါတယ်။

ရှေးခေတ်လူသားတွေရဲ့အံ့သြဖွယ်ဗိသုကာလက်ရာကို ကြည့်မြင်ချင်ရင်တော့ မက်ချူပစ်ချူခံတပ်ဟာ မဖြစ်မနေသွားရောက်သင့်တဲ့ နေရာတစ်ခုဖြစ်ပါတယ်။

၄။ အိန္ဒိယနိုင်ငံက တာ့ချ်မဟာ ဂူဗိမာန်

timthumb.jpg 

ကမ္ဘာ့အံ့ဖွယ်အသစ် (၇) ပါးထဲမှာ တစ်ပါးအပါအဝင်ဖြစ်တဲ့ (Taj Mahal) တာ့ချ်မဟာ ဂူဗိမာန်ဟာ ဆင်စွယ်ရောင်စကျင်ကျောက်နဲ့ တည်ဆောက်ထားတဲ့ ဂူဗိမာန်တစ်ခုဖြစ်ပြီး အိန္ဒိယနိုင်ငံ၊ ယူပီပြည်နယ်ထဲက Agra အာဂရာမြို့မှာ (ယမုံနာမြစ်ကမ်းဘေးမှာ) တည်ရှိပါတယ်။ တာ့ချ်မဟာဂူဗိမာန်ကို Mughal မူဂေါလ် အင်ပါယာရှင်ဘုရင်ကြီး (Shah Jahan) ရှားဂျဟန်ကနေ သူ့ရဲ့ကွယ်လွန်သူ မိဖုရား (Mumtaz Mahal) မွန်မ်တာ့ဇ် မဟာအတွက် အထိမ်းအမှတ်အနေနဲ့ တည်ဆောက်ပေးခဲ့တာဖြစ်ပါတယ်။

တာ့ချ်မဟာ ဟာ ပါရှားနဲ့ အာရတ်မင်းဆက်ရဲ့ အထင်ရှားဆုံး ရှေးဟောင်းဗိသုကာလက်ရာတစ်ခုဖြစ်ပြီး မွတ်ဆလင်အနုပညာရဲ့ ရတနာတစ်မျိုးလို့ တင်စားကြပါတယ်။ ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်စာရင်းဝင် တစ်ခုလည်းဖြစ်ပါတယ်။ အစ္စလမ်၊ ပါရှန်၊ တူရကီ အော်တိုမန် နဲ့ အိန္ဒိယဗိသုကာလက်ရာတွေ ပေါင်းစပ်ထားတာဖြစ်တယ်။ တာ့ချ်မဟာ ဂူဗိမာန်ကို ၁၆၃၂ ခုနှစ်မှာစတည်ပြီး ၁၆၅၃ မှာ ပြီးစီးခဲ့တယ်။ အချစ်စစ်ကိုဖော်ပြတဲ့သင်္ကေတတစ်ခုဖြစ်တဲ့ တာ့ချ်မဟာ ဟာလည်း မဖြစ်မနေသွားရောက်လည်ပတ်သင့်တဲ့ နေရာတစ်ခုလည်းဖြစ်ပါတယ်။

၅။ ပြင်သစ် ပိုလီနီးရှားကျွန်းစုက ဘိုရာဘိုရာ (Bora Bora) ကျွန်း

CN_extviewbkgrnd01.jpg 

ဘိုရာဘိုရာကျွန်း (Bora Bora) ဟာ ပြင်သစ်လက်အောက်ခံ ပိုလီနီးရှားကျွန်းစုမှာတည်ရှိပြီး ကမ္ဘာပေါ်မှာအလှပဆုံးနေရာတစ်ခုထဲမှာ ပါဝင်ပါတယ်။ သူဟာ တောက်ပစိဖိတ်သမုဒ္ဒရာထဲက ကျွန်းငယ်လေးဖြစ်ပြီး ပြင်သစ်ပိုလီနီးရှားရဲ့ အနောက်မြောက်အရပ်မှာ တည်ရှိပါတယ်။ ဘိုရာဘိုရာကျွန်းကို သဲကျောက်ဆောင်လေးတွေ၊ စိမ်းပြာရောင်ရေလည်ကျောက်တန်းတွေ၊ သန္တာကျောက်တန်းတွေနဲ့ ဝန်းရံထားပါတယ်။

ဘိုရာဘိုရာကျွန်းကတော့ scuba diving (ရေငုပ်ဝတ်စုံနဲ့ရေကူးခြင်း) ပြုလုပ်လိုသူများအတွက် အကောင်းဆုံးနေရာတစ်ခုပါပဲ။ ကမ္ဘာ့လှည့်ခရီးသွားတွေ မကြာခဏသွားရောက်လည်ပတ်ကြပြီး ထင်ရှားတဲ့ဇိမ်ခံ ကျွန်းတစ်ကျွန်းလည်း ဖြစ်ပါတယ်။ ကျွန်းရဲ့ အလည်ဗဟိုမှာတော့ အိုတီမားနူး (Otemanu) တောင် (၇၂၇ မီတာမြင့်တဲ့ မီးတောင်သေ) တည်ရှိပါတယ်။

ဘိုရာဘိုရာကျွန်းကိုတော့ ကမ္ဘာပေါ်မှာအလှပဆုံး သန္တာကျောက်တန်းတို့တည်ရှိရာလို့ ခေါ်ဝေါ်ကြပါတယ်။ ဘိုရာဘိုရာကျွန်းရဲ့ အဓိကဆွဲဆောင်မှုကတော့ ကြည်လင်ပြာလဲ့နေတဲ့ရေပြင်နဲ့ အံ့သြဖွယ်ညဘက် ရှုခင်းတွေပဲဖြစ်ပါသတဲ့။ အပန်းဖြေခရီး သွားရောက်ဖို့အတွက်တော့ အကောင်းဆုံးနေရာတစ်ခုပါပဲ။

ဆက်လက်ဖော်ပြပါမည်။

Source: Bradofo

Share

Loading Next Article...
က္က