တစ်ခါတလေမှာ အလုပ်တွေများပြီး ထမင်းဟင်းတောင်ချက်မစားနိုင်တဲ့ အိမ်ရှင်မတွေရှိပါတယ်။ ထမင်းဟင်းချက်ရတယ် ဆိုတာလည်း တကယ်တော့ မလွယ်ပါဘူး။ အချိန်အတိုင်းအတာတစ်ခုပေးပြီး မီးဖိုထဲ ဝင်နိုင်မှ တော်ကာကျတာပါ။ အလုပ်များတဲ့ အိမ်ရှင်မတွေအတွက် လွယ်ကူလျင်မြန်စွာချက်ပြုတ်နိုင်တဲ့ မနက်စာ (သို့) ညစာလေးတစ်မျိုးနဲ့ မိတ်ဆက်ပေးလိုက်ပါရစေ။

အဲဒါကတော့ ဗီယက်နမ်ဝက်သားခေါက်ဆွဲပဲဖြစ်ပါတယ်။ ကြာမြင့်ချိန်မိနစ် (၃၀) ခန့်ပဲပေးရပြီး ချက်ပြုတ်ရတာလည်း အလွန်လွယ်ကူသလို အရသာလည်းရှိပါတယ်။ တစ်ခါလုပ်ရင် လေးပွဲစာလောက်ရပါတယ်။ ကယ်လိုရီအားဖြင့်တော့ (၄၀၅) ကယ်လိုရီခန့်ရှိပြီး ပရိုတိန်း (၂၈) ဂရမ်၊ ကာဘိုဟိုက်ဒရိတ် (၅၄) ဂရမ်၊ အဆီဓာတ် (၈) ဂရမ်၊ အမျှင်ဓာတ် (၂) ဂရမ်၊ ဆိုဒီယမ် (၁၀၃၅) မီလီဂရမ်ပါဝင်တဲ့ ဟင်းပွဲလေး ဖြစ်ပါတယ်။ အောက်မှာခေါက်ဆွဲပြုလုပ်နည်းကို ဖော်ပြပေးထားပါတယ်။

ပါဝင်ပစ္စည်းတွေကတော့ ဝက်ဝမ်းပျဉ်သား (၁) ပေါင် (သို့) ကီလိုဝက်ခန့်၊ ငံပြာရည် လက်ဖက်ရည်ဇွန်း (၃) ဇွန်းခန့်၊ ရှာလကာရည် လက်ဖက်ရည်ဇွန်း (၃) ဇွန်း၊ ကြက်သွန်ဖြူ (၂) ဥ၊ ဆန်ခေါက်ဆွဲအလုံးသေး (၈) အောင်စ (သို့) ၂၂၆ ဂရမ်ခန့်၊ မုန်လာဥနီ (၃၅၀) ဂရမ်ခန့်၊ ပင်စိမ်းရွက် (၂၀၀) ဂရမ်ခန့်၊ ပူစီနံရွက် (၂၀၀) ဂရမ်ခန့်၊ မြေပဲ (၁၀၀) ဂရမ်ခန့်တို့ပဲ ဖြစ်ပါတယ်။

ပြုလုပ်နည်း

 

ဝက်သားကို တစ်လက်မအရွယ်အတုံးလေးတွေဖြစ်အောင် အရင်ဆုံးလှီးလိုက်ပါ။ ပြီးရင် ဆား စားပွဲတင်ဇွန်းနဲ့ (၁/၈) ခန့်ထည့်ပြီး ရောနယ်လိုက်ပါ။ ပြီးရင် အကင်ဖိုပေါ်မှာ မီးပျော့ပျော့နဲ့ (၄) မိနစ်ကနေ (၆) မိနစ် ကြား ကင်ထားလိုက်ပါ။ ဒါမှမဟုတ် အသားတွေကျက်သွားသည်အထိ ၆၂ ဒီဂရီစင်တီဂရိတ်အပူချိန်နဲ့ ကင်ထားလိုက်ပါ။ ထက်အောက်လှန်ပေးဖို့လည်း မမေ့ပါနဲ့ဦး။

ငံပြာရည်ရယ်၊ ရှာလကာရည်ရယ်၊ ကြက်သွန်ဖြူရယ် (ဓားနဲ့ပြားအောင်ရိုက်ထားပြီး) ကို ရောသမမွှေလိုက်ပါ။ ပြီးရင် ဆန်ခေါက်ဆွဲတွေကို ရေနွေးအိုးထဲထည့်ပြုတ်ထားလိုက်ပါ။ ငံပြာရည်၊ ရှာလကာရည်နဲ့ ကြက်သွန်ဖြူရောလိုက်လို့ရလာတဲ့ အနှစ်တစ်ဝက်ကို သပ်သပ်ဖယ်ထားလိုက်ပါ။ ပြီးရင် ကျက်လောက်ပြီထင်တဲ့ ဆန်ခေါက်ဆွဲတွေကို ပန်းကန်လုံးတစ်လုံးထဲ ထည့်လိုက်ပါ။ ပြီးရင် မုန်လာဥနီကို အစိတ်သေးသေးလေးတွေဖြစ်အောင် လှီးထားတာရယ်၊ ပူစီနံရွက်ရယ်၊ ပင်စိမ်းရွက်ရယ်ကိုလည်း ဆန်ခေါက်ဆွဲနဲ့ရောလိုက်ပါ။ ဖယ်ထားတဲ့အနှစ်ကိုလည်း ဆန်ခေါက်ဆွဲထဲထည့်လိုက်ပါ။ ပြီးရင်တော့ နယ်ဖတ်ပြီး သုပ်နိုင်ပါပြီ။

 

ဝက်သားကင်ကိုတော့ ဆန်ခေါက်ဆွဲသုပ်ရဲ့အပေါ်မှာအုပ်လိုက်ပါ။ ပြီးရင်ဝက်သားကင်ရဲ့အပေါ်မှာစောစောကကျန်နေသေးတဲ့ အနှစ်တစ်ဝက်ကို လောင်းလိုက်ပါ။ ပြီးရင်တော့ မြေပဲဆန်လှော်ပြီးသားကို ထောင်းပြီး ဖြူးပေးလိုက်ပါ။ ဒါဆိုရင် အရသာကောင်းမွန်တဲ့ ဝက်သားခေါက်ဆွဲလေးကို ရရှိပါပြီ။

Source: Goodhousekeeping


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က