ပြည်နယ်နဲ့တိုင်းတချို့မှာ နေ့အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်ထက် ကျော်လွန်လာနိုင်ပါတယ်။
 

၂၀၁၇ ခုနှစ် နွေရာသီက အပူချိန်စံချိန်တင်မယ့်နှစ်မဟုတ်ပေမယ့် ပုံမှန်ထက်ပိုမိုပူပြင်းပြီး  ပြည်နယ်နဲ့တိုင်းတချို့မှာ နေ့အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်ထက် ကျော်လွန်လာဖွယ်ရှိတယ်လို့ မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ပြောထားပါတယ်။

ဒီနှစ်နွေရာသီက ပုံမှန်ထက်အပူလွန်ကဲမယ့် ရာသီဥတုလို့ ဒေါက်တာထွန်းလွင်က ခန့်မှန်းထားပြီး အပူနဲ့ပတ်သက်တဲ့ ရောဂါဝေဒနာတွေ ခံစားရနိုင်တယ်လို့ ဆေးပညာရှင်တွေက ခန့်မှန်းထားပါတယ်။

ဒီအထဲမှာမှာ အပူဒဏ် ခံစားရပြီး အပူရှပ်တဲ့ လူတွေလည်းများလာပြီး နွေရာသီမှာ အများဆုံးဖြစ်နေတဲ့ အပူရှပ်တာက အခန့်မသင့်ရင် ခန္ဓာကိုယ်တွင်း အင်္ဂါတွေနဲ့  ဦးနှောက်ကို ထိခိုက်စေနိုင်ပြီး သေဆုံးတဲ့အထိ ဖြစ်နိုင်ပါတယ်။ ပူပြင်းနေတဲ့ နွေရာသီကို အန္တရာယ်ကင်းကင်းနဲ့ ဖြတ်သန်းနိုင်ဖို့ ဆောင်ရန်၊ ရှောင်ရန်အချက်တွေကို ဓူဝံပရိသတ်တွေအတွက် တင်ပြလိုက်ပါတယ်။

 

၁။ ချောင်ချောင်ချိချိနဲ့ သက်တောင့်သက်သာရှိတဲ့ အကျႌတွေကိုပဲ ဝတ်ဆင်ပါ။ အကျႌအပို၊ အကျႌအကျပ်တွေ ဝတ်ဆင်တာက ခန္ဓာကိုယ်ကို မအေးစေနိုင်ပါဘူး။

၂။ နေလောင်တာကနေ ကာကွယ်ပါ။ နေလောင်တာက ခန္ဓာကိုယ်ရဲ့ အအေးဓာတ် ထိန်းညှိမှုကို ဆိုးကျိုး သက်ရောက်မှု ရှိစေပါတယ်။ ဒါကြောင့် အပြင်ထွက်တဲ့အခါ ထီးဆောင်းပါ၊ နေကာမျက်မှန် တပ်ပါ၊ SPF အနည်းဆုံး (၁၅) ရှိတဲ့ နေလောင်ကာ ခရင်မ်ကို လိမ်းပါ။ ၃။ အရည်များများ သောက်ပါ။ ခန္ဓာကိုယ်မှာ ရေဓာတ်ရှိနေတာက ချွေးထွက်စေပြီး ခန္ဓာကိုယ် အပူချိန်ကို ထိန်းညှိပေးနိုင်ပါတယ်။

၄။ ရပ်ထားတဲ့ ကားထဲမှာ မနေသင့်ပါဘူး။ ဒီကိစ္စက ကလေးတွေမှာ ဖြစ်တတ်တဲ့ အပူနဲ့ ပတ်သက်တဲ့ အန္တရာယ်တွေထဲက တစ်ခုပါ။ သေတဲ့အထိ အန္တရာယ်ရှိ တတ်ပါတယ်။ ကားကို နေပူထဲမှာ ရပ်ထားတဲ့အခါ ကားထဲက အပူချိန်ဟာ ၁၀ မိနစ် အတွင်းမှာ အပြင်အပူချိန်ထက် ခြောက်ဒီဂရီ စင်တီဂရိတ် ထက်မနည်း ပိုမြင့်တက်လာတတ်လို့ပါ။

 

၅။ ပူပြင်းတဲ့နေ့တွေမှာ သက်သောင့်သက်သာ နေပါ။ ကိုယ်လက် လေ့ကျင့်ခန်း လုပ်ငန်းစဉ်တွေ ကိုလည်း နေ့တစ်နေ့ရဲ့ အေးတဲ့အချိန်တွေ ဖြစ်တဲ့ မနက်စောစောနဲ့ ညနေစောင်း အချိန်တွေမှာသာ လုပ်ဆောင်သင့်ပါတယ်။

၆။ အပူရှပ်ခြင်းက အသက်အရွယ်မရွေး ဖြစ်ပွားနိုင်တယ် ဆိုပေမယ့် တချို့သူတွေ ဖြစ်ပွားမှုက ပိုပြင်းထန်နိုင်ပါတယ်။ သူတို့တွေ ကတော့ မွေးကင်းစ ကလေးငယ်နဲ့ ကလေးတွေ၊ အသက် (၆၅) နှစ်နဲ့ အထက်လူကြီးတွေ၊ စိတ်ရောဂါရှိသူတွေနဲ့ နှလုံးရောဂါ၊ သွေးတိုး ရောဂါရှိသူတွေ ဖြစ်ပါတယ်။

Photos : Health Net

Share

Loading Next Article...
က္က