မိခင်နို့တိုက်ကျွေးခြင်းဟာ ကလေးရဲ့ကိုယ်ခံစွမ်းအားကို မြင့်တက်လာစေပြီး မိခင်အနေနဲ့လည်း ရင်သားကင်ဆာဖြစ်နိုင်ခြေ လျော့ပါးစေပါတယ်။
 

လေ့လာမှုအသစ်တစ်ရပ်ရဲ့ ထုတ်ပြန်ကြေညာချက်အရ မိခင်နို့သောက်သုံးရတဲ့ ကလေးတွေဟာ ပိုပြီးဉာဏ်ကောင်းစေတာမဟုတ်ဘူးလို့ ဆိုပါတယ်။ မိခင်နို့တိုက်ကျွေးခြင်းဟာ ကလေးအတွက် ကောင်းကျိုးရှိစေပြီး အာဟာရပိုဖြစ်စေပါတယ်။ ဒါပေမဲ့ မိခင်နို့မသောက်ဘဲ ဖော်မြူလာနဲ့ဖန်တီးထားတဲ့နို့ကို သောက်ရတဲ့ ကလေးတွေနဲ့ယှဉ်ရင်တော့ ထူးထူးခြားခြား ဉာဏ်ပိုကောင်းလာတာတော့ မဟုတ်ဘူးလို့ လေ့လာတွေ့ရှိခဲ့ကြောင်း Pediatrics ဂျာနယ်မှာ ဖော်ပြခဲ့ပါတယ်။

 

အသက် ၃ နှစ်မှ ၅ နှစ်ကြား ကလေးတွေမှာ မိခင်နို့သောက်သုံးတဲ့ကလေးတွေနဲ့ အခြားရွယ်တူတန်းတူ ကလေးတွေကြားမှာ ဉာဏ်ကောင်းခြင်းနဲ့ပတ်သက်ပြီး ထူးထူးခြားခြား ကွဲပြားမှုကို မတွေ့ခဲ့ရဘူးလို့ ဆိုတယ်။ " မိခင်နို့တိုက်ကျွေးတဲ့ကလေးတွေနဲ့ အခြားတန်းတူကလေးတွေကြားမှာ ဉာဏ်ကောင်းတာနဲ့ပတ်သက်ပြီး တိုက်ရိုက်ဆက်နွှယ်နေတာမျိုး မတွေ့ရပါဘူး" လို့ အိုင်းရစ်သုတေသီ လီဆာ ခရစ္စတင်း ဂျင်းရတ်ဒ်က ပြောပါတယ်။

 

ဒါပေမဲ့ မိခင်နို့သောက်ရတဲ့ ကလေးတွေကတော့ အခြားကလေးတွေနဲ့ယှဉ်ရင် အလွန်အကျွံ အဆော့သန်လွန်းတာမျိုး နည်းတယ်လို့တော့ ဆိုပါတယ်။ အထူးသဖြင့် မွေးကင်းစကနေ ၆ လအထိ မိခင်နို့သောက်ရတဲ့ ကလေးတွေဟာ အသက် ၃ နှစ် အရွယ်မှာ လိုတာထက်ပိုပြီး လှုပ်ရှားလွန်းနေတဲ့ အဆော့သန်အပြုအမူတွေ လျော့သွားတာကို တွေ့ရပါတယ်။ အသက် ၅ နှစ်မှာတော့ အဆော့သန်ခြင်းဟာ တဖြည်းဖြည်းမှေးမှိန်ပျောက်ကွယ်သွားတာကို တွေ့ခဲ့ရတယ်လို့ သိရပါတယ်။ မည်သို့ပင် ဆိုစေကာမူ မိခင်နို့တိုက်ကျွေးခြင်းဟာ ကလေးရဲ့ကိုယ်ခံစွမ်းအားကို မြင့်တက်လာစေပြီး မိခင်အနေနဲ့လည်း ရင်သားကင်ဆာဖြစ်နိုင်ခြေ လျော့ပါးတာကိုတော့ လေ့လာမှုက ထပ်မံအတည်ပြုခဲ့ပါတယ်။

Source : Time, NPR

Share

Loading Next Article...
က္က