သန်ကောင်၊ တုပ်ကောင် ပြဿနာတွေ ကြုံရလာနိုင်ပါတယ်။

ဆူရှီဟာ ကျန်းမာရေးအတွက် သင့်လျော်ကောင်းမွန်တဲ့ အစားအစာတစ်ခုပါ။ အဆီနည်းပြီး အသားဓာတ်များများပါဝင်တယ်လေ။ ဒါပေမဲ့ ဆူရှီကြိုက်ပါတယ်ဆိုသူတွေအတွက် သတိထားစရာ နောက်ဆက်တွဲ ဆိုးကျိုးတွေလည်း ရှိလာတာမို့ ဆရာဝန်တွေက သတိပေးနေကြပါပြီ။

 

ငါးအသားစိမ်းနဲ့ ပြုလုပ်တဲ့ ဆူရှီတွေမှာ လူကိုဘေးဒုက္ခဖြစ်စေမယ့် ကပ်ပါးပိုးတွေ ပါဝင်နေတတ်ပါတယ်။ အထူးသဖြင့် အနောက်နိုင်ငံတွေမှာ ဒီပြဿနာတွေ ပိုပြီးတွေ့မြင်လာရတယ်လို့ ဆိုကြပါတယ်။

ယခုသီတင်းပတ်အတွင်း ထွက်ရှိခဲ့တဲ့ BMJ Case Reports ဆေးပညာဂျာနယ်ထဲမှာ ဖော်ပြခဲ့တဲ့ ပေါ်တူဂီအမျိုးသားတစ်ဦးရဲ့ ဖြစ်ရပ်ကိုကြည့်ကာ သတိထား သင်ခန်းစာယူသင့်ပါတယ်။ ပေါ်တူဂီနိုင်ငံ၊ လစ္စဘွန်းမြို့က အသက် ၃၂ နှစ်အရွယ် အမျိုးသားတစ်ဦးဟာ ယခင်က ကျန်းမာသန်စွမ်းခဲ့ပေမဲ့ အစာအိမ်အောင့်ခြင်းကို တစ်ပတ်ကျော်ကြာခံစားလာခဲ့ရတာပါ။ ကိုယ်လည်းပူပြီး အော့အန်ခြင်းတွေလည်း ဖြစ်ခဲ့ရပါတယ်။

ဆရာဝန်တွေက ယင်းအမျိုးသားခံစားနေရတဲ့ လက္ခဏာတွေကို မေးမြန်းကာ နောက်ကြောင်းကိုလိုက်ကြည့်တဲ့အခါ မကြာခင်က ဆူရှီစားခဲ့တယ်လို့ ပြောပါတယ်။ ယင်းအမျိုးသားရဲ့အစာအိမ်ထဲကို သေးငယ်တဲ့ကင်မရာလေးထည့်သွင်းပြီး လေ့လာတဲ့အခါ အစာအိမ်အတွင်းပိုင်းမျက်နှာပြင်မှာ ကပ်ပါးသန်ကောင် ကပ်နေတာကို တွေ့ခဲ့ရလို့ Roth လို့ခေါ်တဲ့ ပိုက်ကွန်ငယ်လေးကိုအသုံးပြုကာ ဖယ်ရှားလိုက်ရပါတယ်။

 

အစာအိမ်ထဲမှာ ကပ်ပါးကောင်ကပ်နေမှုဟာ အရင်တုန်းကတော့ ဂျပန်နိုင်ငံမှာသာ အဖြစ်များခဲ့တာပါ။ ဂျပန်ဟာ ဆူရှီကို အဓိကစားသုံးကြတဲ့နိုင်ငံလည်း ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ ဆူရှီကို အနောက်နိုင်ငံတွေမှာပါ စားသုံးလာကြပြီး ကပ်ပါးကောင်ပြဿနာတွေ ပိုမိုကြုံတွေ့လာရပါတယ်။ ဆူရှီမှာပါတဲ့ အသားစိမ်း၊ ငါးစိမ်းကတစ်ဆင့် အစာအိမ်ထဲမှာ သန်ကောင်(ကပ်ပါးကောင်) ဝင်ရောက်သွားပြီး ဆိုးကျိုးပေးတော့တာပါပဲ။ အစာအိမ်ထဲမှာ ကပ်ပါးကောင်ရှိနေပြီဆိုရင် မအီမသာနဲ့ပျို့အန်ခြင်း၊ အူလမ်းကြောင်းပိတ်ခြင်း၊ ဗိုက်အောင့်ခြင်းနဲ့ ယားယံဓာတ်မတည့်မှုတွေကို ခံစားရပါတယ်။ ဒီ့ထက်မက ပိုများတဲ့ ဆိုးကျိုးတွေကိုလည်း ကြုံရနိုင်ပြီး အသက်အန္တရာယ်ကိုပါခြိမ်းခြောက်နိုင်တဲ့အထိ ဖြစ်သွားနိုင်တယ်လို့ အမေရိကန်ပြည်ထောင်စုရဲ့ ရောဂါကာကွယ်ရေးနဲ့ထိမ်းချုပ်ရေးစင်တာက သတိပေးထားပါတယ်။

Source : CBS

Share

Loading Next Article...
က္က