လူကြီးနဲ့လူငယ်ကြားမှာတော့ အကြိုက်ချင်း ကွဲပြားနေတုန်းပါပဲ။

လေ့လာတွေ့ရှိချက်အသစ်တွေက ခင်ဗျားတို့တွေ မတူကွဲပြားတဲ့ဂီတအမျိုးအစားတွေကို နားထောင်တဲ့အခါ ဘာတွေဖြစ်နိုင်လဲဆိုတာကို ဖော်ပြနေပါတယ်။

 

မကြာသေးမီကပြုလုပ်ခဲ့တဲ့ သိပ္ပံသုတေသနတစ်ခုမှာ သီချင်းနားထောင်ခြင်းက ဦးနှောက်ရဲ့ မှတ်သားနိုင်စွမ်းနဲ့ ဖန်တီးတီထွင်နိုင်စွမ်းကိုနှိုးဆွပေးရာမှာ အရေးပါတဲ့အခန်းကဏ္ဍတစ်ခုက ပါဝင်နေတယ်ဆိုတာကို ဖော်ပြထားပါတယ်။ အဲဒီတွေ့ရှိချက်က ရှာဖွေတွေ့ရှိချက်အသစ်တစ်ခုတော့လည်းမဟုတ်ပါဘူး။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက Baby Beethoven လို ပရိုဂရမ်တွေက classical ဂီတနားထောင်ခြင်းဖြင့် ရရှိနိုင်တဲ့အကျိုးကျေးဇူးတွေကို ဖော်ထုတ်ပြသခဲ့ပြီးဖြစ်ပါတယ်။ ဒါပေမယ့်လည်း ခုချိန်ထိတော့ လူကြီးနဲ့လူငယ်ကြားမှာ နှစ်သက်ရာဂီတအမျိုးအစားကွဲပြားမှုတွေကရှိနေတုန်းပါပဲ။

သီချင်းနားထောင်ခြင်းက ခင်ဗျားတို့ကို ပိုမိုကောင်းမွန်လာစေနိုင်ကြောင်း သက်သေပြနိုင်တဲ့ သိပ္ပံနည်းကျသက်သေပြချက်တွေ ရှိလား…

Nanoscience and Nanoengineering ကျောင်းက Human Neuroimaging Gateway MRI Center ရဲ့ ဒါရိုက်တာ Robin Wilkins ကတော့ အဲဒီသီအိုရီကိုလက်တွေ့စမ်းသပ်ကြည့်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ တကယ်လို့ အဲဒီသီအိုရီသာမှန်နေခဲ့မယ်ဆိုရင် မှန်ကန်တဲ့ ဂီတအမျိုးအစားတစ်ခုက ခင်ဗျားတို့ရဲ့စိတ်အခြေအနေကို သာမက ခင်ဗျားတို့ရဲ့ဖန်တီးနိုင်စွမ်း၊ ထုတ်လုပ်နိုင်စွမ်းနဲ့ စိတ်တည်ငြိမ်မှုတွေကိုပါ မြှင့်တင်ပြောင်းလဲ ပေးနိုင်မှာပါ။

Wake Forest ဆေးကျောင်းရဲ့ ရှုပ်ထွေးတဲ့ဦးနှောက်ကွန်ရက်များဆိုင်ရာဓာတ်ခွဲခန်း နဲ့ North Carolina Greensboro တက္ကသိုလ်ရဲ့ ဂီတသုတေသနဆိုင်ရာသိပ္ပံက ကျောင်းသားတွေပူးပေါင်းပါဝင်တဲ့ လေ့လာရေးအဖွဲ့နဲ့အတူ Robin Wilkins ဟာ လူတွေ မတူကွဲပြားတဲ့ဂီတအမျိုးအစားတွေကို နားထောင်နေချိန်မှာ ဦးနှောက်ရဲ့တုံ့ပြန်မှုတွေကို MRI scan ရိုက်ယူခဲ့ပါတယ်။ သူမတို့အဖွဲ့ဟာ Classical, country, rap, rock နဲ့ Chinese opera ဂီတအမျိုးအစားတွေကို ပါဝင်စမ်းသပ်ခံသူတွေကို ဖွင့်ပြခဲ့ပါတယ်။ ပါဝင်စမ်းသပ်ခံသူတွေရဲ့အနှစ်သက်ဆုံးသီချင်းတွေကိုဖွင့်ပြတဲ့အခါ သူတို့ဦးနှောက်တွေရဲ့ တုံ့ပြန်ပုံတွေကိုလည်း Robbin တို့အဖွဲ့က MRI scan ရိုက်ယူခဲ့ပါတယ်။ စမ်းသပ်မှုမစတင်ခင်မှာ ဘယ်ဂီတအမျိုးအစားတွေကို သူတို့နှစ်သက်ပြီး ဘယ်ဂီတအမျိုးအစားတွေကို သူတို့မနှစ်သက်လဲ ဆိုတာကိုလည်း သုတေသနအဖွဲ့ကစစ်တမ်းကောက်ယူခဲ့ပါသေးတယ်။

စစချင်းကတော့ မတူညီတဲ့ ဂီတအမျိုးအစားအလိုက် သီချင်းတွေဖွင့်ပြတဲ့အခါ ဘာတုံ့ပြန်မှုကိုမှ သူမတို့ မတွေ့ရှိခဲ့ကြပါဘူး။ ဒါပေမယ့် ပါဝင်စမ်းသပ်ခံသူတွေမကြိုက်ဘူးလို့ စာရင်းသွင်းထားတဲ့ ဂီတအမျိုးအစားတွေ အလှည့်ရောက်ရင် သူတို့ရဲ့ဦးနှောက်ပုံရိပ်တွေဟာ မဲမှောင်နေတာကို တွေ့ရှိရပါတယ်။ Chinese Opera ကြိုက်တဲ့သူကို Rock ဂီတဖွင့်ပြလို့ရလာတဲ့ MRI Scan ရလဒ်နဲ့ Rock ကြိုက်တဲ့သူကို Chinese Opera ဖွင့်ပြလို့ရလာတဲ့ MRI Scan ရလဒ်တွေဟာ သိပ်ပြီးကွဲပြားခြားနားမှုမရှိပါဘူး။

 

အနှစ်သက်ဆုံးဂီတသံတွေ

သူတို့နှစ်သက်တဲ့သီချင်းတွေနားထောင်နေရချိန်မှာ သုတေသနပြုလုပ်ခံရသူတွေရဲ့ဦးနှောက်ဟာ လုံးဝပြောင်းလဲသွားပါတယ်။ ဒီလိုနဲ့လူတွေဟာ သူတို့အနှစ်သက်ဆုံးသီချင်းတွေကိုနားထောင်ရခြင်းက ဦးနှောက်ရဲ့တုံ့ပြန်မှုကိုကြီးမားတဲ့ အကျိုးသက်ရောက်မှုရှိစေနိုင်ကြောင်း သိပ္ပံပညာရှင်တွေက ဖော်ထုတ်တွေ့ရှိခဲ့ပါတယ်။ ခင်ဗျားဟာ Imagine Dragons ဂီတဝိုင်းရဲ့ပရိသတ်ပဲဖြစ်ဖြစ်၊ Elvis Presley ရဲ့ပရိသတ်ပဲဖြစ်ဖြစ် ခင်ဗျားကသူတို့ရဲ့ဂီတကိုချစ်မြတ်နိုးတယ်ဆိုရင် သူတို့ရဲ့ဂီတကလည်း ခင်ဗျားကို ချစ်မြတ်နိုးပါလိမ့်တယ်။ ဂီတနဲ့နှိုးဆွထားတဲ့ဦးနှောက်ဟာ ပိုမိုတက်ကြွလာပြီး မှတ်ဉာဏ်နဲ့စိတ်ခံစားမှုဗဟိုချက် ရဲ့ဆက်နွယ်မှုတွေကိုလည်း ပိုမိုတိုးတက်စေပါတယ်။

"ဂီတနားဆင်ခြင်းက ဦးနှောက်ကွန်ရက်အဖွဲ့အစည်းရဲ့လုပ်ဆောင်မှုတွေကိုပြောင်းလဲပစ်နိုင်စွမ်းရှိတယ်လို့ ကျွန်တော်တို့တွက်ဆထားပြီး လူတွေရဲ့နှစ်သက်တဲ့ဂီတအမျိုးအစားတွေကိုကြည့်ပြီး ဦးနှောက်ကွန်ရက်တွေရဲ့ ဆက်သွယ်မှုတွေကိုလည်း ခန့်မှန်းနိုင်ပါတယ်" လို့ သုတေသီစာရေးဆရာတွေက ဆိုပါတယ်။ ခင်ဗျားမနှစ်သက်တဲ့ဂီတကိုနားထောင်ရမယ်ဆိုရင် မှတ်ဉာဏ်နဲ့စိတ်ခံစားမှုဗဟိုဌာနတွေကြားက ဆက်သွယ်မှုက အချက်ပြမီးလင်းမလာပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့မကြိုက်တဲ့သီချင်းတွေကို နားထောင်နေရချိန်မှာ ကျွန်တော်တို့ရဲ့ဦးနှောက်ကွန်ရက်တွေကဆက်သွယ်မှုမရှိဘူးလို့ MRI ပုံရိပ်တွေက ဖော်ပြနေလို့ပါပဲ။ "လေ့လာတွေ့ရှိချက်တွေအရ မိမိတို့နှစ်သက်ရာ ဂီတအမျိုးအစားတွေကိုနားထောင်ရခြင်းက ဦးနှောက်လုပ်ဆောင်ပုံတွေကို မြှင့်တင်ပေးနိုင်စွမ်းရှိပါတယ်" လို့လည်း သူတို့က ရေးထားပါတယ်။

 

သီချင်းနားထောင်ခြင်းက ဦးနှောက်ကိုနှိုးဆွခြင်းတစ်မျိုးပါပဲ…

ဒီသုတေသနက ဂီတနဲ့ဦးနှောက်နှိုးဆွနည်းအပြင် ဂီတနဲ့ဦးနှောက်ကုသနည်းတွေပါ ဖြစ်လာနိုင်တယ်ဆိုတာကို ဖော်ပြနေပါတယ်။ "ကျွန်တော်တို့ရဲ့သုတေသနရလဒ်တွေကအကြံပြုထားတာကတော့ ဦးနှောက်ထိခိုက် ဒဏ်ရာရနေတဲ့လူတစ်ယောက်ကို နှစ်သက်ရာသီချင်းတွေနားထောင်ခိုင်းခြင်းက သူတို့မကြိုက်တဲ့သီချင်းတွေ နားထောင်ခိုင်းတာထက် အကျိုးသက်ရောက်မှုပိုရှိတယ်ဆိုတာပါပဲ" လို့ စာရေးဆရာတွေကရေးထားပါတယ်။

ကဲ ဘယ်လိုလဲ။ အလုပ်ထဲမှာ နားကြပ်ကောက်တပ်ချင်စိတ်ပေါက်လာပြီလား။ ခင်ဗျားအကြိုက်ဆုံးသီချင်းတွေကို ဖွင့်လိုက်တာနဲ့ ခင်ဗျားရဲ့စိတ်ဟာ တီထွင်နိုင်စွမ်းမြင့်တက်စေဖို့၊ မှတ်ဉာဏ်ပိုမိုကောင်းမွန်စေဖို့၊ ဦးနှောက်အာရုံကြောဆက်နွယ်မှုအသစ်တွေ တည်ဆောက်နိုင်ဖို့ အခွင့်အလမ်းသစ်တွေ တိုးတက်လာစေနိုင်ပါတယ်။ ဘာကိုစောင့်နေဦးမှာပဲ။ အခုပဲ နားကြပ်ကောက်တပ်ပြီး နားထောင်နေကျ playlist ကိုဖွင့်လိုက်တော့လေ။

Share

Loading Next Article...
က္က