ကောင်မလေးနဲ့ချိန်းတွေ့နေရင်း မိမိရဲ့ဆိုးဝါးတဲ့ခံတွင်းနံ့ကြောင့် နမ်းခွင့်မကြုံလိုက်တာမျိုးဖြစ်ဖူးလား။


ကောင်မလေးနဲ့ချိန်းတွေ့နေရင်း မိမိရဲ့ဆိုးဝါးတဲ့ခံတွင်းနံ့ကြောင့် နမ်းခွင့်မကြုံလိုက်တာမျိုးဖြစ်ဖူးလား။ ဒါမှမဟုတ် အရေးကြီးတဲ့ အလုပ် Presentation တစ်ခုမှာ သွားတိုက်ဖို့မေ့လာလို့ တိုင်ပတ်ဖူးပါသလား။ အမှန်တကယ်တော့ ခင်ဗျားရဲ့ခံတွင်းသန့်ရှင်းရေးကိုကော၊ သွားနဲ့သွားဖုံးကျန်းမာရေးကိုပါ ဂရုစိုက်တတ်ဖို့ကအရေးကြီးပါတယ်။ ခင်ဗျားရဲ့ခံတွင်းကိုသန့်ရှင်းနေစေဖို့ အောက်မှာဖော်ပြထားတဲ့အချက်လေးတွေကိုတော့ ပုံမှန်လုပ်ပေးသင့်ပါတယ်။

၁။ ပုံမှန်သွားတိုက်ပေးပါ

ခင်ဗျားရဲ့သွားအပေါ်ယံအလွှာမှာ ခံတွင်းနံ့ဆိုးကိုဖြစ်စေတဲ့ဘက်တီးရီးယားပိုးမွှားငယ်လေးတွေခိုအောင်းနေနိုင်ပါတယ်။ ဒါ့အပြင်အစာကြွင်း၊ အစာကျန်တွေကလည်း ပြဿနာကိုပိုမိုဆိုးဝါးစေပါတယ်။ ဒါကြောင့် တစ်နေ့ကိုအနည်းဆုံး (၂)ကြိမ် သွားတိုက်ပေးပါ။ ခံတွင်းနံ့ကသာမန်ထက်ပိုပြီးဆိုးဝါးနေတယ်လို့ခံစားမိရင် ဒီထက်ပိုလုပ်ပေးလို့လည်းရပါတယ်။ ခံတွင်းနံ့ပျောက်လိုဇောနဲ့အတင်းကြီးတိုက်တာမျိုးတော့ မလုပ်ပါနဲ့။ သွားဖုံးလေးတွေကလည်း နူးညံ့တော့ အကြမ်းပတမ်းသွားတိုက်လိုက်မယ်ဆိုရင် သွားဖုံးအပေါ်ယံကြွေလွှာတွေကို ပဲ့ကျစေနိုင်ပါတယ်။

၂။ ပလုတ်ကျင်းပေးပါ



ခံတွင်းသန့်ရှင်းရေးလုပ်ရာမှာ ဘက်တီးရီးယားပိုးတွေသေစေဖို့ ပုံမှန်ပလုတ်ကျင်းပေးဖို့လည်းလိုပါတယ်။ ဒါပေမယ့်ခင်ဗျားအသုံးပြုမယ့် ပလုတ်ကျင်းဆေးရည်ကို သေသေချာချာရွေးချယ်ဖို့လည်းလိုပါတယ်။ အနံ့ဆိုးတွေကိုဖုံးကွယ်ပေးနိုင်ရုံလောက်ပဲလုပ်ပေးနိုင်တဲ့ ပလုတ်ကျင်းဆေးရည်ကိုမသုံးပါနဲ့။ ဘက်တီးရီးယားတွေကိုပါသေစေနိုင်တဲ့ ပလုတ်ကျင်းဆေးရည်ကိုသေချာရွေးချယ်သုံးစွဲပါ။

၃။ လျှာကိုလည်းသွားတိုက်တံနဲ့ပွတ်ပေးပါ

လျှာပေါ်မှာလည်း ဘက်တီးရီးယားပိုးမွှားငယ်တွေခိုအောင်းနေထိုင်နိုင်ပါတယ်။ သူတို့ကိုဖယ်ရှားဖို့အတွက် လျှာကိုသွားတိုက်တံတစ်ချောင်းနဲ့ညင်သာစွာပွတ်တိုက်ပေးပါ။ သွားတိုက်တံကသိပ်ကြီးနေရင် scraper လို့ခေါ်တဲ့ လျှာပွတ်တံကိုအသုံးပြုနိုင်ပါတယ်။ လျှာပွတ်တံက ဘက်တီးရီးယားတွေ၊ အစာအကြွင်းအကျန်တွေ၊ ဆဲလ်သေတွေကိုပါဖယ်ရှားပေးနိုင်ပါတယ်။

၄။ အနံ့ဆိုးတွေဖြစ်စေတဲ့အစားအစာတွေကိုရှောင်ပါ

ကြက်သွန်နီတွေ၊ ကြက်သွန်ဖြူတွေက အဆိုးဆုံးပါပဲ။ နောက်ပြီးသူတို့က စားပြီးရင်သွားတိုက်ပေးရုံနဲ့လည်း မပျောက်ပါဘူး။ အနံ့ဆိုးတွေကိုဖြစ်ပေါ်စေတဲ့အရာဝတ္ထုတွေက သွေးစီးကြောင်းထဲကိုဝင်ပြီး အဆုတ်ထဲထိ ရောက်သွားနိုင်ပါတယ်။ ဒါကြောင့်ခံတွင်းနံ့ဆိုးတွေကိုမလိုချင်ရင်တောင် အဲဒီအစားအစာတွေကိုအတတ်နိုင်ဆုံးမစားတာ အကောင်းဆုံးပါပဲ။

၅။ ဆေးလိပ်လျှော့ပါ



ဆေးလိပ်သောက်ခြင်းက ကင်ဆာရောဂါကိုဖြစ်ပွားစေတာတစ်ခုတည်းမဟုတ်ပါဘူး။ ဆေးလိပ်ငွေ့တွေက ခင်ဗျားရဲ့သွားဖုံးကိုဒဏ်ဖြစ်စေပြီး သွားတန်းတွေပေါ်မှာလည်း အနံ့စွဲနေစေပါတယ်။ အကျိုးဆက်အနေနဲ့ ခင်ဗျားရဲ့ခံတွင်းနံ့ကိုဆိုးရွားစေပါတယ်။ ဒါကြောင့် ဆေးလိပ်ကိုလျှော့သောက်သင့်ပါတယ်။ ဆေးလိပ်အရမ်းသောက်ချင်လာရင် ပီကေဝါးတာတို့၊ ဆေးလိပ်အစားထိုးပစ္စည်းတွေကို အသုံးပြုတာတို့နဲ့အာရုံလွှဲနိုင်ပါတယ်။

၆။ ရေဓာတ်ပြည့်ဝနေပါစေ

ခံတွင်းထဲမှာတံထွေးနည်းနေရင် ခံတွင်းခြောက်ကပ်ပြီး အနံ့ဆိုးတွေကိုဖြစ်ပေါ်စေပါတယ်။ ဒါကြောင့်ခံတွင်းခြောက်လာတယ်ခံစားမိတိုင်း ရေထသောက်ပေးပါ။ ခင်ဗျားအခန်းရဲ့ရေဓာတ်ပမာဏကိုလည်း အမြဲထိန်းညှိပေးပါ။



Source: Webmd

Share

Loading Next Article...
က္က