တချို့ရောဂါတွေက သိသာထင်ရှားတဲ့ရောဂါလက္ခဏာမပြတော့ ဘာမှမဖြစ်လောက်ပါဘူးဆိုပြီး ခပ်ပေါ့ပေါ့နေမိရာကနေ အသက်ဆုံးရှုံးသည်အထိဖြစ်သွားနိုင်ပါတယ်။


တချို့ရောဂါတွေက ဘာအရိပ်အယောင်မှမပြဘဲ လူ့ခန္ဓာကိုယ်ထဲကိုဝင်လာတတ်လို့ အသံတိတ်လူသတ်သမားတွေလို့ သတ်မှတ်ခံရပါတယ်။ လက္ခဏာပြရင်လည်း သိသာထင်ရှားခြင်းမရှိတဲ့ လက္ခဏာလေးတွေကိုပဲပြတော့ လူတွေကကုသမှုခံယူဖို့ကို သတိမရကြပါဘူး။ ဒီလိုနဲ့အချိန်တွေကြာလာတော့ ရောဂါကအရမ်းဆိုးရွားလာပြီး အသက်သေဆုံးသည်အထိ ဖြစ်လာတော့တာပေါ့။ အဲဒီလိုမျိုး ကိုယ့်မှာရောဂါရှိလို့ရှိနေမှန်းတောင်မသိဘဲ နေနေတဲ့လူတွေလည်းအများကြီးရှိနိုင်ပါတယ်။ ဒါကြောင့်အဲဒီရောဂါတွေအကြောင်း အသိပညာပေးဖို့ကအရေးကြီးပါတယ်။ ကိုယ့်မှာရောဂါတစ်ခုခုရှိနေတယ်လို့ သံသယဖြစ်တာနဲ့ဆရာဝန်နဲ့တိုင်ပင်ပြီး စစ်ဆေးကုသမှုတွေခံယူသင့်ပါတယ်။
၁။ သွေးတိုးရောဂါ



လူတစ်ယောက်ရဲ့သွေးပေါင်ချိန်က ၁၄၀/၉၀ လောက်ဖြစ်ပြီဆိုရင် သွေးတိုးနေပြီလို့သိနိုင်ပါတယ်။ သွေးတိုးရောဂါက စိတ်ဖိစီးမှု၊ ဆေးလိပ်သောက်ခြင်း၊ ဆားဓာတ်များခြင်း၊ ပူပင်သောကများခြင်း၊ အရက်အလွန်အကျွံသောက်သုံးခြင်းနဲ့အထိုင်များခြင်းကြောင့် အဖြစ်များပါတယ်။ ရောဂါဖြစ်စေတဲ့တခြားအကြောင်းရင်းတွေကတော့ အဝလွန်ခြင်း၊ မျိုးရိုးဗီဇပါခြင်း၊ သဒ္ဒေတားဆေးအသုံးများခြင်း၊ အကိုက်အခဲပျောက်ဆေးအသောက်များခြင်း၊ ကျောက်ကပ်ရောဂါတို့ကြောင့်လည်းဖြစ်နိုင်ပါတယ်။ ယေဘုယျအားဖြင့်တော့ သွေးတိုးရောဂါမှာသိသာထင်ရှားတဲ့ရောဂါလက္ခဏာတွေ မရှိပါဘူး။ ဖြစ်နိုင်ခြေရှိတဲ့ လက္ခဏာတွေကတော့ ခေါင်းကိုက်ခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ နှာခေါင်းသွေးယိုခြင်းတို့ဖြစ်ပါတယ်။ ဒါပေမယ့် ဒီလက္ခဏာတွေကသွေးအရမ်းတိုးမှ ဖော်ပြတတ်ပါတယ်။ သတိမထားဘူးဆိုရင်သွေးတိုးရောဂါက နှလုံးရောဂါ (သို့မဟုတ်) လေဖြတ်ခြင်းဆီဦးတည်နိုင်ပါတယ်။ ဒါကြောင့်သွေးတိုးရောဂါကိုထိန်းသိမ်းဖို့ဆိုရင် သွေးပေါင်ချိန်ကိုပံုံမှန်တိုင်းတာပေးသင့်ပါတယ်။ သွေးပေါင်ချိန်အရမ်းတက်နေမယ်ဆိုရင် ဆရာဝန်နဲ့သွားပြသင့်ပါတယ်။

၂။ ဆီးချိုသွေးချိုရောဂါ

ဆီးချိုသွေးချိုရောဂါက ပုံမှန်စစ်ဆေးပေးသင့်တဲ့ရောဂါတစ်မျိုးဖြစ်ပါတယ်။ ကမ္ဘာ့ဆီးချိုသွေးချိုရောဂါ တိုက်ဖျက်ရေးအဖွဲ့ကြီးရဲ့အဆိုအရဆိုရင် ကမ္ဘာပေါ်မှာရှိတဲ့လူဦးရေ (၃၈၇) သန်းလောက်မှာ ဆီးချိုသွေးချိုရောဂါရှိနေပြီး ရောဂါရှိနေတဲ့လူဦးရေ တစ်ဝက်လောက်က ရှိလို့ရှိနေမှန်းတောင်မသိဘူးလို့ဆိုပါတယ်။ ဒါကြောင့်လည်းဆီးချိုသွေးချိုရောဂါကို အသံတိတ်လူသတ်သမားလို့ သတ်မှတ်ကြတာ ဖြစ်ပါတယ်။ သိသာထင်ရှားတဲ့ရောဂါလက္ခဏာတွေကတော့ ရေအလွန်အမင်းငတ်ခြင်း၊ အဆာလွန်ခြင်း၊ ရုတ်တရက်ကိုယ်အလေးချိန်ကျဆင်းခြင်း၊ ဆီးခဏခဏသွားခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ အနာကျက်နှေးခြင်းနဲ့ အမြင်အာရုံဝေဝါးခြင်းတို့ပဲဖြစ်ပါတယ်။ ဆီးချိုသွေးချိုရောဂါက မျိုးရိုးလိုက်ခြင်း၊ အဝလွန်ခြင်း၊ အစာပုံမှန်မစားခြင်း၊ လေ့ကျင့်ခန်းမလုပ်ခြင်းတို့ကြောင့် ဖြစ်ပွားနိုင်ခြေရှိပါတယ်။ ဆီးချိုသွေးချို ရောဂါကိုမထိန်းချုပ်ဘူးဆိုရင် နှလုံးရောဂါ၊ ကျောက်ကပ်ရောဂါ၊ လေဖြတ်လေငန်းရောဂါနဲ့ မျက်စိကွယ်ခြင်းတို့ထိ ဖြစ်သွားစေနိုင်ပါတယ်။ ကိုယ့်ကိုယ်ကိုဆီးချိုသွေးချိုရောဂါရှိနေတယ်လို့ ခံစားရတယ်ဆိုရင် သွေးတွင်းဂလူးကို့စ်ပမာဏကိုပုံမှန်စစ်ဆေးပါ။ ဆီးချိုသွေးချိုရောဂါရှိနေပြီဆိုရင် ဆရာဝန်နဲ့ဆေးဝါးကုသမှုကိုသေချာခံယူပါ။

၃။ နှလုံးသွေးကြောကျဉ်းရောဂါ

နှလုံးသွေးကြောကျဉ်းရောဂါ (Coronary Artery Disease) ဟာ နှလုံးသွေးကြောနံရံထူလာတာကြောင့် သွေးကြောလေးတွေကျဉ်းလာပြီး သွေးစီးဆင်းမှုရပ်တန့်သွားတဲ့အထိ ဖြစ်သွားစေနိုင်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ နှလုံးကြွက်သားတွေကိုပါအားနည်းလာစေပြီး နောက်ဆုံးနှလုံးရပ်တဲ့ထိဖြစ်သွားနိုင်ပါတယ်။ နှလုံးသွေးကြောကျဉ်းရောဂါဖြစ်ပွားစေတဲ့ အဓိကအကြောင်းအရင်းတွေကတော့ အဝလွန်ခြင်း၊ မိသားစုတွင်းနှလုံးရောဂါရှိဖူးသူများခြင်း၊ အစာစားချိန်မမှန်ခြင်း၊ ဆေးလိပ်သောက်ခြင်းနဲ့ ကိုယ်လက်လှုပ်ရှားမှုနည်းခြင်းတို့ပဲ ဖြစ်ပါတယ်။ နှလုံးသွေးကြောကျဉ်းရောဂါမှာတော့ ဘာလက္ခဏာမှကြိုမပြပါဘူး။ နှလုံးထဖောက်မှသာ နှလုံးသွေးကြောကျဉ်းရောဂါရှိနေမှန်းသိနိုင်ပါတယ်။ ဒါမှမဟုတ် ပုံမှန်လေးဆေးစစ်ပေးမယ်ဆိုရင်လည်း သိနိုင်ပါတယ်။ ရောဂါမဖြစ်အောင်ရှောင်ရှားဖို့ ဆိုဒီယမ်ပမာဏနဲ့ အဆီပါဝင်မှုနည်းတဲ့အစားအစာတွေကိုစားပါ။ ဆေးလိပ်မသောက်ပါနဲ့။ ပုံမှန်ကိုယ်လက်လှုပ်ရှားမှုလုပ်ပေးပါ။

၄။ အသည်းအဆီဖုံးရောဂါ



အသည်းအဆီဖုံးရောဂါကတော့ အသည်းမှာအဆီတွေအရမ်းများနေပြီး အသည်းတစ်ရှူးတွေမှာ အဆီတွေသွားပိတ်နေတဲ့ရောဂါဖြစ်ပါတယ်။ အသည်းအဆီဖုံးရောဂါ (၂)မျိုးရှိပါတယ်။ အရက်ကြောင့်ဖြစ်တဲ့ အသည်းအဆီဖုံးရောဂါနဲ့ အရက်ကြောင့်မဟုတ်တဲ့အသည်းအဆီဖုံးရောဂါတို့ဖြစ်ပါတယ်။ အရက်ကြောင့်ဖြစ်တဲ့အသည်းအဆီဖုံးရောဂါကတော့ အရက်အလွန်အကျွံသောက်သုံးခြင်းကြောင့် ဖြစ်ပွားပါတယ်။ အရက်မသောက်ဘဲအသည်းအဆီဖုံးရခြင်းအကြောင်းရင်းကတော့ ဘာကြောင့်မှန်းမသိရသေးပါဘူး။ မျိုးရိုးလိုက်တာလည်းဖြစ်နိုင်ပါတယ်။ အသည်းအဆီဖုံးရောဂါဟာ ဖြစ်ခါစမှာဘာလက္ခဏာမှသိသိသာသာ မပြပါဘူး။ ဒါပေမယ့်အချိန်ကြာလာတာနဲ့အမျှ အသည်းအဆီဖုံးခြင်းကြောင့် ဗိုက်အောင့်ဗိုက်နာဖြစ်ခြင်းကိုခံစားရပါလိမ့်မယ်။ အသည်းအဆီဖုံးရောဂါရှိသူတွေဟာ အစာအိမ်အပေါ်နားလေးမှာ နာကျင်ခြင်း၊ မောပန်းခြင်း၊ စားချင်သောက်ချင်စိတ်မရှိခြင်း၊ နေမကောင်းဖြစ်ခြင်းတွေကိုခံစားရပါလိမ့်မယ်။ အသည်းအဆီဖုံးရောဂါကိုဖြစ်စေနိုင်တဲ့အကြောင်းရင်းတွေကတော့ ကိုလက်စထရောများပြားခြင်း၊ အဝလွန်ခြင်း၊ အိပ်ရေးပျက်ခြင်း၊ ဆီးချိုသွေးချိုရောဂါ၊ သိုင်းရွိုက်နဲ့ ပစ်ကျူလာရီဂလင်းအလုပ်မလုပ်ခြင်းရောဂါတို့ကြောင့်ဖြစ်နိုင်ပါတယ်။ ဒါကြောင့်သင့်မှာအသည်းအဆီဖုံးရောဂါခံစားနေရတယ်လို့ သံသယရှိရင် ဆရာဝန်နဲ့ သွားရောက်တိုင်ပင်ဆွေးနွေးပါ။



Source: top10remedies

Share

Loading Next Article...
က္က