မိုးရာသီမှာ အထာကျကျ ဂျင်းထည့်ကြမယ်လေ။


ဂျင်းထည့်မယ်ဆိုလို့ အရပ်သုံးဘန်းစကားကိုဆိုလိုတယ်ထင်ပြီး ကျော်တော့မယ်၊ ခွတော့မယ်၊ ပါးပါးလှီးတော့မယ်လို့တော့ မထင်လိုက်ပါနဲ့။ အခုပြောမယ့်အကြောင်းအရာက စားလို့ရတဲ့ "ဂျင်း" အကြောင်းပါ။ ဂျင်းဟာ ပူသလိုလို၊ စပ်သလိုလို အရသာနဲ့ အစာအိမ်အူလမ်းကြောင်းဝေဒနာ အသေးအဖွဲလောက်ကို သက်သာပျောက်ကင်းစေတဲ့ ဂုဏ်သတ္တိ တို့ကြောင့် လူသိများပါတယ်။

ကျွန်တော်မြန်မာလူမျိုးတွေ နှစ်နှစ်ခြိုက်ခြိုက် စားသုံးကြတဲ့ လက်ဖက်သုပ်ထဲမှာဆိုရင် ဂျင်းကို အမျှင်လေးတွေဖြစ်အောင်လုပ်ပြီး ထည့်စားတတ်ကြပါသေးတယ်။ ဂျင်းမှာပါဝင်တဲ့ကျန်းမာရေးအကျိုးကျေးဇူးတွေကတော့ အများကြီးပါပဲ။

မိုးရာသီမှာ မိုးမိပြီးအအေးမိချင်သလိုလို ဖြစ်နေမယ်ဆိုရင် ဂျင်းကိုထန်းညက်လေးနဲ့ ပြုတ်ပြီး ဂျင်းပြုတ်ရည် လုပ်သောက်လိုက်ရင် အအေးမိဝေဒနာကို သက်သာပျောက်ကင်းစေပါတယ်။ ကျန်းမာရေးပိုမိုကောင်းမွန်အောင် ခင်ဗျားရဲ့ နေ့စဉ်အစားအသောက်တွေထဲမှာ အထာကျကျဂျင်းထည့်နိုင်ဖို့ နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ ဂျင်းလက်ဖက်ရည်သောက်ပါ

 

ခင်ဗျားရဲ့နေ့စဉ်အစားအသောက်တွေထဲမှာ ဂျင်းပါဝင်မှု ပိုမိုများပြားလာစေဖို့အတွက် အလွယ်ကူဆုံးနည်းလမ်းတစ်ခုကတော့ ဂျင်းလက်ဖက်ရည် (Ginger Tea) သောက်သုံးတဲ့အကျင့်လုပ်တာပါပဲ။

ဈေးဝယ်စင်တာကြီးတွေမှာ ရောင်းချနေတဲ့ အသင့်သောက်ဂျင်းလက်ဖက်ရည်တွေကိုဝယ်ပြီး ပြုတ်သောက်လို့ရသလို ဂျင်းတောင့်တစ်တောင့်ကိုပြားအောင်ထောင်းပြီး ရေနွေးပူပူနဲ့ရောသောက်လို့လည်း ရပါတယ်။

တစ်နေ့ကို (၃) ခွက်ကနေ (၄) ခွက်ကြားသောက်ပေးမယ်ဆိုရင် ကိုယ်ခံအားစနစ်သိသိသာသာ ကောင်းမွန်လာပြီး အစာအိမ်လေထိုးလေအောင့် ဖြစ်တတ်တဲ့သူတွေလည်း သိသာပြောင်းလဲမှုကို တွေ့မြင်ရမှာပါ။

၂။ နေ့စဉ်အစားအစာတွေထဲမှာ ဂျင်းထည့်စားကြည့်ပါ

 

ကိုယ်နေ့စဉ်စားသံုံးနေတဲ့ နေ့စဉ်အစားအသောက်တွေထဲမှာ ဂျင်းထည့်စားတာလည်း ဂျင်းကပေးတဲ့ ကျန်းမာရေးကောင်းကျိုးတွေကို အလွယ်တကူရရှိစေနိုင်တဲ့ နည်းလမ်းတစ်မျိုးပါပဲ။ ဟင်းချက်တော့မယ်ဆိုရင် ညက်ညက်ခြေအောင်ထောင်းထားတဲ့ ဂျင်းတက် လက်ဖက်ရည်ဇွန်း (၂) ဇွန်းစာခန့်ကို ရောထည့်ပြီးချက်ပေးပါ။

ဒါမှမဟုတ်လည်း အိမ်မှာကိုယ့်ဖာသာမုန့်ဖုတ်စားတတ်ရင် ကွတ်ကီးထဲမှာ ဂျင်းနည်းနည်းရောထည့်ပေးတာက အရသာ မပျက်တဲ့အပြင် ဂျင်းအရသာရှတတလေးက ကွတ်ကီးရဲ့အရသာကို တမူထူးခြားစေပါသေးတယ်။ ဒါတွေတင်မကသေးပါဘူး။ ဂျင်းတက်တစ်တက်ကို ဒီတိုင်းပဲပါးပါးလှီးပြီး စွတ်ပြုတ်ထဲထည့်သောက်လို့လည်း ရပါတယ်။

၃။ ဂျင်းတော်ဖီလုပ်စားကြမယ်



အချိန်နည်းနည်းပေးနိုင်မယ်ဆိုရင် ဂျင်းတော်ဖီလုပ်စားလို့လည်းရပါတယ်။ လုပ်နည်းကလည်း ဘာမှမခက်ခဲပါဘူး။ အရင်ဆုံး ဂျင်းတက် (၃) တက်လောက်ကို အခွံချွတ်ပြီး ခွက်တစ်ခွက်စာလောက်ပြည့်အောင် ပါးပါးလှီးထည့်ပါ။ အချပ်လေးတွေကို တတ်နိုင်သမျှပါးအောင်လုပ်ပါ။ အရမ်းထူသွားရင် ခြောက်သွေ့နိုင်ဖို့ ခဲယဉ်းပါတယ်။

ရေ တစ်ခွက်ခွဲလောက်နဲ့ သကြား တစ်ခွက်ခွဲလောက်ကို ဒယ်အိုးတစ်လုံးထဲမှာရောပြီး ပွက်ပွက်ဆူအောင်ကြိုချက်လိုက်ပါ။ ပြီးရင် ပါးပါးလှီးထားတဲ့ဂျင်းကို အိုးထဲထည့်ပြီး အပူချိန်ကိုလျှော့ချလိုက်ပါ။ ပြီးရင် မိနစ် (၂၀)လောက်ကြာအောင် ထားလိုက်ပါ။ မိနစ် (၂၀) ကျော်ရင် ဇကာပေါက်ပါတဲ့ဇွန်းကြီးတစ်ချောင်းကိုယူပြီး ဂျင်းဖတ်လေးတွေကို ဆယ်လိုက်ပါ။

ပြီးရင် သကြားနည်းနည်းနဲ့လူးပြီး ဗန်းတစ်ဗန်းပေါ်မှာတင်ပြီးလှမ်းထားလိုက်ပါ။ တစ်ညလောက်သိပ်ထားပြီးရင် အဲဒီဂျင်းဖတ်တွေကို လေလုံတဲ့ဘူးတစ်ဘူးထဲမှာထည့်ထားလိုက်ပါ။ (၂) ပတ်လောက်ထားပြီးရင် ဂျင်းတော်ဖီလေးတွေကို စားသုံးနိုင်ပါပြီ။ ဂျင်းတော်ဖီလေးတွေကတော့ စားလို့ကောင်းတဲ့အပြင် ခေါင်းမူးခြင်း၊ ကားမူးခြင်းနဲ့ သွားကိုက်ခြင်းတို့ကို သက်သာပျောက်ကင်းစေပါတယ်။



Source: Wikihow

Share

Loading Next Article...
က္က