ဗိုက်ပူတယ်ဆိုတာ အလှအပရေးရာအရကော၊ ကျန်းမာရေးအရပါ မကောင်းပါဘူး။ ဗိုက်ပူခြင်းဝေဒနာကို ပျောက်ကင်းစေဖို့ ဝမ်းဗိုက်ကြွက်သားလေ့ကျင့်ခန်းလေးတွေလုပ်ပေးဖို့တော့ လိုပါတယ်။


အဆီပိုမရှိ ချပ်ယပ်နေတဲ့ ဝမ်းဗိုက်ကြွက်သားတွေက ယောကျ်ားလေးတစ်ယောက်ကို ကြည့်ကောင်းစေရုံတစ်ခုတည်း မဟုတ်ပါဘူး။ ကျန်းမာရေးရှုထောင့်ကကြည့်မယ်ဆိုရင်လည်း ဝမ်းဗိုက်ကြွက်သားလေ့ကျင့်ခန်းတွေက အပင်ပန်းခံပြီး လုပ်ပေးသင့်တဲ့ လေ့ကျင့်ခန်းတွေဖြစ်ပါတယ်။ အောက်မှာ ဝမ်းဗိုက်ကြွက်သားလေ့ကျင့်ခန်းတွေကို ဘာကြောင့်ပြုလုပ်သင့်သလဲ ဆိုတဲ့အချက်တွေကို ဖော်ပြပေးထားပါတယ်။
၁။ခန္ဓာကိုယ်ဟန်ချက်ညီစေတယ်

 

ခန္ဓာကိုယ်ဟန်ချက်ညီစေဖို့ဆိုတာဟာလည်း အရေးကြီးတဲ့အကြောင်းပြချက်တစ်ခုပါပဲ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့တွေ လမ်းလျှောက်နေတဲ့အချိန်မှာ၊ ထိုင်နေတဲ့အချိန်မှာ၊ လှဲလျောင်းနေတဲ့အချိန်မှာ၊ ပြေးနေတဲ့အချိန်မှာ ဟန်ချက်ညီနေဖို့လိုပါတယ်။ ဒါတွေတင်မကသေးပါဘူး။ ကျွန်တော်တို့တွေ မတွေးဘဲလုပ်လိုက်တဲ့အရာလေးတွေဖြစ်တဲ့ ကားထဲကထွက်လိုက်တာတို့၊ လှေကားထစ်ပေါ်တက်တာတို့မှာလည်း ဟန်ချက်ညီနေဖို့လိုပါတယ်။ ဟန်ချက်ပျက်ယွင်းသွားမယ်ဆိုရင် ခါးမျက်တာတို့၊ ကျောအောင့်တာတို့ဖြစ်စေနိုင်တဲ့အပြင် မမျှော်လင့်တဲ့ မတော်တဆထိခိုက်မှုလေးတွေလည်း ဖြစ်စေနိုင်ပါတယ်။



နောက်တစ်ခုကတော့ ဟန်ချက်ညီခြင်းဟာ တခြားကိုယ်အလေးချိန်လျှော့ချရေးလေ့ကျင့်ခန်းတွေအတွက်လည်း အရေးကြီးပါတယ်။ ကိုယ်အလေးချိန်လျှော့ချခြင်း၊ ကိုယ်အလေးချိန်မြှင့်တင်ခြင်း၊ ယောဂကျင့်ခြင်း၊ ခြေဆန့်လက်ဆန့်လုပ်ခြင်း စတဲ့အရာတိုင်းမှာ ဟန်ချက်ညီနေမှ လေ့ကျင့်ရတာအဆင်ပြေပါတယ်။ ဒါကြောင့်ဝမ်းဗိုက်ကြွက်သားလေ့ကျင့်ခန်းဟာအရေးကြီးပါတယ်။

၂။ လျင်မြန်သွက်လက်စေတယ်

ဝမ်းဗိုက်အဆီပိုတွေက ကျွန်တော်တို့ကိုနှေးကွေးလေးလံစေပါတယ်။ အဆီပိုမရှိ၊ ကျစ်လျစ်နေတဲ့ဝမ်းဗိုက်တွေကတော့ ကျွန်တော်တို့ကို လျင်မြန်ပေါ့ပါးသွက်လက်စေမှာပါ။ ဒီနေ့ခေတ်ကြီးလို စားသုတ်သုတ်၊ သွားသုတ်သုတ်ခေတ်ကြီးထဲမှာ လျင်မြန်သွက်လက်ခြင်းက ကျွန်တော်တို့ရဲ့ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးကိုကော၊ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကိုပါ အထောက်အကူပြုစေနိုင်ပါတယ်။ ကိုယ်ကပေါ့ပါးသွက်လက်နေတော့ စိတ်သွားတိုင်းကိုယ်ပါပြီပေါ့။

၃။ နေလို့ထိုင်လို့ကောင်းစေပါတယ်

ခါးပေါ်က အဆီပိုလက်မအနည်းငယ်လျော့ကျသွားတဲ့ခံစားချက်လောက် ကောင်းတဲ့ခံစားချက် ဘယ်မှာရှိပါ့မလဲ။ အရမ်းကြိုက်လို့မရမက ရှာဝယ်ထားပေမယ့် ခဏပဲဝတ်လိုက်ရပြီးမတော်တော့လို့ ချောင်ထဲထိုးထားလိုက်ရတဲ့ ဂျင်းဘောင်းဘီတွေကိုလည်း ပြန်ဝတ်လို့ရပြီလေ။ စိတ်ပိုင်းဆိုင်ရာအရလည်း ခက်ခဲတဲ့အလုပ်တစ်ခုကို အောင်မြင်အောင် လုပ်လိုက်နိုင်တဲ့အတွက် မိမိကိုယ်ကိုယ်လေးစားမှုနဲ့ ယုံကြည်မှုပိုမိုတိုးပွားလာစေပါတယ်။

၄။ အသက်ပိုရှည်စေတယ်

 

လူပေါင်း (၆၅၀၀၀၀) ကိုတွေ့ဆုံပြီးကောက်ယူထားတဲ့စစ်တမ်းတစ်ခုအရတော့ ဗိုက်ပူခြင်းဟာ လူတစ်ယောက်ရဲ့ ကျန်းမာရေးအခြေအနေနဲ့ အသက်ရှည်ခြင်းကို အဆုံးအဖြတ်ပေးနိုင်တဲ့အရာတစ်ခုပဲလို့ သိရပါတယ်။ ဗိုက်ပူခြင်းဟာ အဝလွန်းခြင်းနဲ့ဆက်နွယ်နေတဲ့ရောဂါတွေဖြစ်တဲ့ နှလုံးသွေးကြောကျဉ်းရောဂါ၊ သွေးတိုးရောဂါ၊ ကိုလက်စထရောတက်ခြင်းနဲ့ ဆီးချိုသွေးချိုရောဂါတို့လို ရောဂါတွေဖြစ်စေနိုင်ပါတယ်။ ဝမ်းဗိုက်ကြွက်သားလေး ကျစ်လျစ်ပြီး အဆီပိုတွေကင်းဝေးနေမယ်ဆိုရင်တော့ ဒီရောဂါတွေဖြစ်နိုင်ခြေနည်းပါးပြီး အသက်ပိုရှည်မယ်ဆိုတာကိုတော့ အငြင်းပွားဖွယ်မရှိပါဘူး။

၅။ ဘယ်နေရာမှာမဆို လုပ်လို့ရတယ်

 

ဝမ်းဗိုက်ကြွက်သားလေ့ကျင့်ခန်းပြုလုပ်ခြင်းရဲ့ ကောင်းကွက်တစ်ကွက်ကတော့ ဘယ်နေရာမှာမဆို ပြုလုပ်လို့ရတာပါပဲ။ ဝမ်းဗိုက်ကြွက်သားလေ့ကျင့်ခန်းလုပ်ချင်ရုံနဲ့ ခင်ဗျား Gym ကို တကူးတကသွားနေစရာမလိုပါဘူး။ မြက်ဖျာတစ်ချပ်ပေါ်မှာ လက်နှစ်ဖက်ကို နောက်စေ့နောက်မှာထားပြီး လှဲအိပ်လိုက်၊ ပြန်ထလိုက်လုပ်ပေးတဲ့ လေ့ကျင့်ခန်း (အရပ်အခေါ် ဘယ်လီရိုက်တာ) ကို ဘယ်နေရာမှာမဆိုလုပ်လို့ရခြင်းက ဝမ်းဗိုက်ကြွက်သားလေ့ကျင့်ခန်းလုပ်ပေးသင့်တဲ့ အကြောင်းပြချက်တစ်ခုပါပဲ။

Source: PowerOfPositivity

Share

Loading Next Article...
က္က