သွေးလှူတယ်ဆိုတာ အလှူခံပုဂ္ဂိုလ်တွေပဲ အကျိုးကျေးဇူးတွေရတာမဟုတ်ပါဘူး။ အလှူရှင်မှာလည်း အောက်ပါအကျိုးကျေးဇူးတွေ ရရှိပါတယ်။


စူပါဟီးရိုးကားတွေကြည့်ပြီး စိတ်ကူးယဉ်ဖူးတယ်ဟုတ်။ အပြင်မှာ ပင့်ကူတစ်ကောင်ကိုက်တာခံရရင် စပိုက်ဒါမန်းတကယ်ဖြစ်မလာနိုင်ပါဘူး။ ဒါပေမယ့် အပ်တစ်ချောင်း၊ ပိုက်တစ်ချောင်းနဲ့ အချိန်အနည်းငယ် ပေးလိုက်ရင်တော့ ခင်ဗျားစူပါဟီးရိုးဖြစ်လာနိုင်ပါပြီ။ ဟုတ်ပါတယ်။ သွေးတစ်ခါလှူလိုက်တိုင်း လူ(၃)ယောက်ရဲ့အသက်ကို ကယ်တင်နိုင်ပါတယ်။ ဒါတင်မကသေးပါဘူး။ သွေးလှူခြင်းဟာ အလှူခံပုဂ္ဂိုလ်အတွက်ပဲ အကျိုးရှိတာမဟုတ်ပါဘူး။ လှူလိုက်တဲ့ပုဂ္ဂိုလ်အတွက်လည်း ကျန်းမာရေးအကျိုးကျေးဇူးတွေရရှိနိုင်ပါတယ်။

၁။ လူ့အသက်တွေကယ်လိုက်နိုင်တဲ့ပီတိကိုစားရတယ်

တကယ်တော့ အဲဒီပီတိဟာခံစားလို့သိပ်ကောင်းပါတယ်။ အခုချိန်ထိတော့ လူသားသွေးကိုအစားထိုးနိုင်တဲ့အရာမရှိသေးပါဘူး။ ဆေးရုံဆေးခန်းထဲမှာ လူနာတစ်ယောက်သွေးလိုပြီဆိုရင် လူသားသွေးနဲ့ပဲ အစားထိုးလို့ရပါတယ်။ ဒါတောင်သွေးအမျိုးအစားတူဖို့လိုပါသေးတယ်။ ခင်ဗျားလှူလိုက်တဲ့သွေးတွေကို သွေးလှူဘဏ်ကအမျိုးအစားခွဲပြီး သွေးလိုအပ်သူတွေကို ပြန်လည်ခွဲပေးပါလိမ့်မယ်။ ဒါကြောင့်ခင်ဗျား သွေးတစ်ခါလှူလိုက်တိုင်း လူ (၃) (၄) ယောက်ရဲ့ အသက်ကိုကယ်တင်နိုင်ပါတယ်။ သွေးလှူခြင်းဖြင့် စူပါဟီးရိုးဘဝကို အရယူလိုက်ပါ။



၂။ အခမဲ့ကျန်းမာရေးစစ်ဆေးမှုရရှိတယ်

 

သွေးလှူတယ်ဆိုတာလည်း လှူချင်တိုုင်းလှူလို့မရပါဘူး။ ကျန်းမာရေးကောင်းမှလှူလို့ရပါတယ်။ သွေးတစ်ခါလှူခါနီးတိုင်းမှာ အခမဲ့ကျန်းမာရေးစစ်ဆေးမှုကို ခံယူခွင့်ရှိပါတယ်။ ဒါဟာသွေးလှူခြင်းကရတဲ့ အကျိုးကျေးဇူးတစ်ခုပါပဲ။ ဥပမာ... ခင်ဗျားသွေးထဲမှာ ပုံမှန်မဟုတ်တာတစ်ခုခုဖြစ်နေရင် ခင်ဗျားသိခွင့်ရမယ်။ တချို့အသံတိတ်လူသတ်ရောဂါတွေဖြစ်တဲ့ သွေးတိုးတို့၊ ဆီးချိုတို့ ခင်ဗျားဆီမှာရှိနေရင် စောလျင်စွာ ကုသမှုခံယူနိုင်မယ်။ ဒါကြောင့်ပုံမှန်သွေးလှူခြင်းဟာ ပုံမှန်အခမဲ့ကျန်းမာရေး စစ်ဆေးမှုခံယူခြင်းပဲဖြစ်ပြီး ကျန်းမာရေးအတွက် အထောက်အကူပြုပါတယ်။

၃။ နှလုံးရောဂါဖြစ်ပွားနိုင်ခြေကိုလျှော့ချပေးတယ်

ပုံမှန်သွေးလှူခြင်းက ခန္ဓာကိုယ်ထဲမှာရှိတဲ့သံဓာတ်ပမာဏကို ပုံမှန်ဖြစ်အောင်ထိန်းသိမ်းပေးပါတယ်။ အထူးသဖြင့် ယောကျ်ားလေးတွေမှာပေါ့။ ဒါက နှလုံးရောဂါဖြစ်ပွားနိုင်ခြေကိုလျှော့ချပေးပါတယ်။ သံဓာတ်က ခန္ဓာကိုယ်တွင်း ပုံမှန်အလုပ်လုပ်ဖို့အတွက် မရှိမဖြစ်လိုအပ်ပေမယ့် သံဓာတ်များလွန်းပြန်ရင်လည်း ခန္ဓာကိုယ်အတွက်မကောင်းပါဘူး။ သံဓာတ်ပမာဏကိုပုံမှန်ဖြစ်အောင် ထိန်းညှိပေးခြင်းက နှလုံးရောဂါဖြစ်ပွားနိုင်ခြေကို လျှော့ချပေးတဲ့အတွက် သွေးလှူခြင်းကရတဲ့အကျိုးကျေးဇူးတစ်ခုပါပဲ။

၄။ ကယ်လိုရီတွေကိုလောင်ကျွမ်းစေတယ်

 

တစ်ခါသွေးလှူရင် (၆၅၀) ကယ်လိုရီလောင်ကျွမ်းစေပါတယ်။ ဒါက ခန္ဓာကိုယ်အလေးချိန်ထိန်းသိမ်းရေးမှာ အထောက်အကူပြုပေးနိုင်ပါတယ်။ ဒါပေမယ့်သွေးက (၂)လ (သိုု့) (၃) လတစ်ခါလောက်ပဲ လှူလို့ရပြီး ခဏခဏမလှူသင့်ပါဘူး။ သွေးလှူတယ်ဆိုတာကလည်း ခင်ဗျားရဲ့ကျန်းမာရေးအခြေအနေပေါ်လည်း မူတည်နေပါသေးတယ်။

၅။ ကင်ဆာဖြစ်ပွားနိုင်ခြေကိုလျော့ကျစေတယ်

 

ကင်ဆာဆဲလ်တွေမှာ သံဓာတ်ပမာဏမြင့်မားစွာပါဝင်နေတာကိုတွေ့ရှိရတယ်။ ဒါကြောင့်သီအိုရီအရတော့ သွေးလှူခြင်းက ကင်ဆာရောဂါဖြစ်ပွားနိုင်ခြေကိုလည်း လျှော့ချပေးပါတယ်။ ဒီအချက်နဲ့ပတ်သက်ပြီး သိပ္ပံနည်းကျသက်သေပြချက်တွေ ပြုလုပ်နိုင်ဖို့ကိုတော့ ကြိုးစားရှာဖွေနေကြဆဲပါပဲ။



Source: Lifehack


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က