နှလုံးရောဂါတိုက်ဖျက်ရေးအတွက် ဆေးဝါးအသစ်တစ်မျိုးကို သိပ္ပွံပညာရှင်တွေ စမ်းသပ်တီထွင်နေကြပါတယ်။


နှလုံးရောဂါဖြစ်ပွားမှုကို ကာကွယ်တိုက်ဖျက်နိုင်ဖို့အတွက် ကိုလက်စထရောကျဆေးကို ဓာတ်ခွဲခန်းကြွက်တွေမှာစမ်းသပ်အောင်မြင်ခဲ့ပါတယ်။

ဗီယန်နာဆေးတက္ကသိုလ်ကသုတေသီတွေဟာ စေတနာ့ဝန်ထမ်း (၇၂) ယောက်နဲ့ သူတို့ရဲ့စမ်းသပ်ကုသမှုကိုပြုလုပ်ခဲ့ပါတယ်။ ဒီဆေးဝါးရဲ့ရည်ရွယ်ချက်က သွေးကြောထဲမှာအဆီပိတ်ဆို့မှုတွေကို တားဆီးဖို့ဖြစ်ပါတယ်။ ဒီထိုးဆေးဟာ နှလုံးရောဂါသည်တွေ နေ့စဉ်သောက်နေရတဲ့ဆေးဝါးတွေနေရာမှာ အစားထိုးဝင်ရောက်လာနိုင်ပါတယ်။

"ဒီဆေးဝါးကို လူသားတွေပေါ်မှာ စိတ်ချယုံကြည်စွာသုံးလို့ရ/မရ ဆိုတာကတော့ နောက်ထပ်သုုတေသနတွေ၊ စမ်းသပ်မှုတွေလုပ်ဖို့လိုပါသေးတယ်" လို့ နယ်သာလန် အသုံးချသိပ္ပံသုတေသနအဖွဲ့အစည်းကြီးက Dr. Guenther Staffler နဲ့လုပ်ဖော်ကိုင်ဖက်တွေက ဥရောပနှလုံးရောဂါဆိုင်ရာဂျာနယ်ကိုပြောကြားခဲ့ပါတယ်။

"တကယ်လို့ နောင်လာမယ့် (၆) နှစ်အတွင်း ဒီဆေးဝါးကိုလူသားတွေအသုံးပြုလို့ရပြီဆိုရင်တောင် ကိုယ်ကာယလေ့ကျင့်ခန်း မလုပ်တာတို့၊ အဆီများတဲ့အစားအစာတွေ အလွန်အကျွံစားတာတို့ကို ဆက်လုပ်နေလို့ရတယ်ဆိုတဲ့ အဓိပ္ပာယ် မဟုတ်ပါဘူး" လို့ သူတို့ကဖြည့်စွက်ပြောကြားပါတယ်။

PCSK9 လို့ခေါ်တဲ့ သွေးကြောထဲမှာ မကောင်းတဲ့ကိုလက်စထရောတွေ ပိတ်မိနေအောင်လုပ်ပေးတဲ့ ပရိုတိန်းဓာတ်တစ်မျိုးကို တိုက်ထုတ်နိုင်အောင် ဒီဆေးဝါးက ခန္ဓာကိုယ်ရဲ့ကိုယ်ခံအားစနစ်ကို ကူညီပေးတာပဲဖြစ်ပါတယ်။ သုတေသီတွေကတော့ ဒီဆေးကိုတစ်ကြိမ်ထိုးလိုက်မယ်ဆိုရင် လူနာတွေအနေနဲ့ သူတို့ရဲ့ကိုယ်ခံအားစနစ်ကို တစ်နှစ်လောက်အားကောင်းနေအောင် ပြုလုပ်နိုင်မှာဖြစ်တယ်လို့ ခန့်မှန်းထားပါတယ်။

ကြွက်တွေမှာ စမ်းသပ်တုံးကတော့ ကုသမှုစနစ်က (၁၂) လအတွင်း ကိုလက်စထရောတွေကို (၅၀) ရာခိုင်နှုန်းလောက်ထိ လျော့ကျစေပါတယ်။ နောက်ပြီး သွေးကြောတွေထဲမှာ အဆီခဲတွေပိတ်ဆို့နေမှုတွေကိုလည်း ကာကွယ်ပေးပါတယ်။

ကိုလက်စထရောဆိုတာ ဘာလဲ

 

ကိုလက်စထရောဆိုတာ သွေးထဲမှာတွေ့ရတဲ့အဆီခဲတစ်မျိုးဖြစ်ပါတယ်။ ကိုလက်စထရောကို ခန္ဓာကိုယ်ကလိုအပ်ပေမယ့် မကောင်းတဲ့ကိုလက်စထရောတွေ များလွန်းရင်တော့ နှလုံးသွေးကြောနဲ့ဆိုင်တဲ့ ရောဂါတွေဖြစ်လာနိုင်ပါတယ်။ အစာစားချိန်မမှန်ခြင်း၊ အရက်အလွန်အကျွံသောက်ခြင်း၊ ဆေးလိပ်သောက်ခြင်းနဲ့ အထိုင်များခြင်းတို့က ကိုလက်စထရောများခြင်းနဲ့ ဆက်စပ်နေပါတယ်။

ကိုလက်စထရောများတဲ့လူတွေဟာ statin လို့ခေါ်တဲ့ ကိုလက်စထရောကျဆေးတွေကို သောက်ပြီး နှလုံးရောဂါဖြစ်ပွားနိုင်ခြေကို ကာကွယ်လို့ရပါတယ်။ အဲဒီဆေးတွေက ဈေးပေါပေမယ့် လူတိုင်းနဲ့မတည့်ပါဘူး။ နောက်ပြီး တချို့လူတွေက နေ့စဉ်ပုံမှန်ဆေးသောက်ဖို့မေ့တတ်ကြပါတယ်။ ဒါတင်မကသေးပါဘူး။ အဲဒီဆေးတွေမှာ ဘေးထွက်ဆိုးကျိုးတွေလည်း ရှိနေနိုင်ပါတယ်။ ဒါကြောင့် ဆေးဝါးသုတေသီတွေက statin အစား ပေးလို့ရမယ့် ဆေးဝါးတွေကိုရှာဖွေနေခဲ့ကြပါတယ်။

ဘာဆက်ဖြစ်မလဲ

 

လူသား စေတနာ့ဝန်ထမ်း (၇၂) ယောက်ကိုစမ်းသပ်ထားတဲ့ ပထမအဆင့်ဟာ ဒီနှစ်ကုန်ပိုင်းလောက်မှာ ရလဒ်ထွက်လာပါလိမ့်မယ်။ အဲဒီပထမအဆင့်ရလဒ်ကိုကြည့်ပြီး ဘေးထွက်ဆိုးကျိုးရှိမရှိ ပြန်လည်စစ်ဆေး ကြပါလိမ့်မယ်။ ဒီထိုးဆေးဟာ ဆီးချိုသွေးချိုရောဂါဖြစ်နိုင်ခြေကို မြှင့်တင်ပေးနိုင်တယ်လို့လည်း ယူဆနေကြပါတယ်။ ဒီသုတေသနကို တာဝန်ယူဆောင်ရွက်နေတဲ့ ဗီယမ်နာဆေးတက္ကသိုလ်က သုတေသီတွေဟာ ဒီရလဒ်နဲ့ပတ်သက်ပြီး သေချာစောင့်ကြည့်နေပါလိမ့်မယ်။ Sheffield တက္ကသိုလ်က နှလုံးအထူးကု Dr. Tim Chico ကတော့ "ဒီကုထုံးက လူသားတွေအပေါ်မှာ အလုပ်ဖြစ်မဖြစ်ဆိုတာတော့ မသေချာသေးပါဘူး" လို့ ဆိုပါတယ်။ "ကိုလက်စထရောက နှလုံးရောဂါကိုဖြစ်စေတယ်။ ဒါကြောင့်ကိုလက်စထရောကို လျှော့ချလိုက်တာက နှလုံးရောဂါဖြစ်ပွားနိုင်ခြေကို လျော့ကျစေပါတယ်။ ဒါကြောင့်လူတွေမှာ နှလုံးရောဂါဖြစ်ပွားနိုင်ခြေကိုလျော့ပါးစေဖို့အတွက် ဒီဆေးဝါးကအရေးကြီးပါတယ်" လို့လည်းဆိုပါတယ်။

ဗြိတိန်နှလုံးရောဂါဖောင်ဒေးရှင်းက ပရော်ဖက်ဆာ Sir Nilesh Samani ကလည်း "လူတွေရဲ့ကိုလက်စထရောပမာဏကို ထိန်းချုပ်နိုင်ဖို့ နည်းလမ်းသစ်တွေကိုရှာဖွေတာဟာ အလွန်အရေးကြီးပါတယ်" လို့ ဆိုပါတယ်။ "ကြွက်တွေပေါ်မှာပဲ စမ်းသပ်အောင်မြင်သေးပေမယ့် ဒီဆေးဝါးက လူတွေမှာရှိတဲ့ကိုလက်စထရောတွေကို လျော့ကျစေပြီး နှလုံးရောဂါဖြစ်ပွားနိုင်ခြေကို လျှော့ချပေးဖို့အတွက် နည်းလမ်းတစ်ခု ဖြစ်လာနိုင်ပါတယ်" လို့လည်း သူကဆိုပါတယ်။

Source: BBC

Share

Loading Next Article...
က္က